KNU နဲ့ KIA နယ်မြေတွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်


ကရင်အမျိုးသားအစည်းအရုံး KUN တပ်မဟာ ၅ နဲ့ တပ်မဟာ ၃ နယ်မြေထဲက ကျေးရွာတွေကို အာဏာသိမ်း စစ်ကောင်စီက တိုက်လေယာဉ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကလေးငယ်တွေ အပါအဝင် ဒေသခံရွာသား ဆယ်ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရကြပါတယ်။

စစ်ဘေးကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးခိုလှုံတဲ့ သူတွေကိုလည်း ထိုင်းစစ်တပ်အာဏာပိုင်တွေက ပြန်နှင်ထုတ်တာတွေ ကြုံနေရပါတယ်။ အလားတူပဲ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့လည်း စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်နေပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေကို မတ်လ ၃၀ ရက် မနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နှစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် အရပ်သား ၁၁ ယောက် သေဆုံးပြီး ငါးယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFAကို ပြောပါတယ်။

ပဲခူးတိုင်း ရွှေကျင်မြို့နယ် မဒမချောင်းဖျားက ရွှေသတ္တု လုပ်ကွက်တစ်ခုပေါ် စစ်ကောင်စီတပ်တွေက လေယာဉ် နှစ်စင်းနဲ့ ဗုံးကြဲခဲ့တဲ့အတွက် ရွှေသတ္တုတူးဖော်ရေး လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကုမ္ပဏီဝန်ထမ်း ၁၁ ယောက် သေဆုံးခဲ့တယ်လို့ ရွှေကျင်မြို့ ကရင်လူမှုရေးရာအဖွဲ့က အဖွဲ့ခေါင်းဆောင် စောအယ်စတားက RFA ကို ပြောပါတယ်။

"မနေ့က ၁၂ နာရီခွဲလောက်မှာ စစ်ကောင်စီအဖွဲ့က လေယာဉ်နဲ့ ကြဲချတဲ့အခါမှာ အဲမှာ ရွှေတူးဖော်တဲ့ ကိုမိုးအောင်ဦးစီးတဲ့ ရွှေကုမ္ပဏီက သူတို့အဖွဲ့ကို ၁၁ယောက် ထိပြီးတော့ သေဆုံးသွားတာပေါ့၊ ကျန်တာ ကတော့ ဒဏ်ရာက ငါးယောက်ရတယ်၊ အရင်က တစ်ခါမှ လေယာဉ်နဲ့ ဗုံးတွေကြဲတာဘာညာ မရှိဘူးဗျ၊ ကေအမ်ယူ အဖွဲ့အစည်းကနေပြီးတော့ လူမှုရေးအဖွဲ့ရော စုပေါင်းပြီးတော့ ကယ်ဆယ်ရေးလုပ်ပြီးတော့ တတ်နိုင်သမျှ ဆေးထိုးပေးတာ၊ ကုသပေးတာတွေ ဆောင်ရွက်ပေးနေပါတယ်"

စစ်ကောင်စီတပ်တွေ မနေ့က ဗုံးကြဲခဲ့တဲ့နေရာဟာ ကေအန်ယူနယ်မြေ ဆောထိ (ရွှေကျင်) မြို့နယ်၊ မဲ့ကဒိ အုပ်စုမှာ တည်ရှိပါတယ်။ အဲဒီမှာ မတ်လ ၂၇ ရက်နေ့ ကနေ ၂၉ ရက်နေ့အထိ လေယာဉ်ပျံသန်းတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အလားတူ မနေ့ညနေပိုင်းကလည်း ကရင်ပြည်နယ်၊ မုတရော်ခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး KUN တပ်မဟာ ၅ နယ်မြေထဲက မဲပန်ဝနဲ့ မဲဝိုင်ရွာတွေကို လေယာဉ်တွေပေါ်က ပစ်ခတ်နေတာကြောင့် ထိခိုက် သေဆုံးမှုတွေ ရှိနေပါတယ်။

မနေ့က လေယာဉ်နဲ့ လာပစ်ချိန်မှာ ပုန်းနေရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီရဲ့ ရိက္ခာလမ်းကြောင်းကို ပြန်ဖွင့်ပေးဖို့နဲ့ အချိန် ၂၄ နာရီပဲပေးမယ်ဆိုတဲ့အပေါ် KNU က လက်မခံပဲ ငြင်းလိုက်တာကြောင့် ၂၉ ရက် ညကတည်းက တိုက်လေယာဉ်တွေကို နိမ့်နိမ့်လေး ပျံပြနေပြီး နောက်တစ်နေ့ ၃၀ ရက်မှာတော့ တိုက်လေယာဉ်နှစ်စင်းနဲ့ လာရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

အခုလိုဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက ခန့်ထားတဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA ကဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရပါဘူး။

မတ်လ ၂၇ ရက်နေ့က မြန်မာစစ်တပ်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ခြေမြန်တပ်ရင်း (၃၉၄) သီးမူထာ အခြေစိုက်စခန်းကို KNU က သိမ်းပိုက်ချိန်မှာ မြန်မာစစ်တပ်ဘက်က ဒုတပ်ရင်းမှူး တစ်ယောက် အပါအဝင် တပ်သား ၁ဝ ယောက် သေဆုံးခဲ့တာကြောင့် ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ မြန်မာစစ်တပ်ဘက်က KNU တပ်မဟာ ၅ နေရာကို လေကြောင်းကနေ နေ့ရော၊ ညပါ ဗုံးကြဲ တိုက်ခိုက်နေတာဖြစ်ပါတယ်။

KNU သတင်းနဲ့ ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်အရ ဒေပူးနို၊ တနေးလူတောင်ကုန်းကျေးရွာ၊ ကလိုဘောထာ ကျေးရွာ၊ မောယူနီကျေးရွာ၊ သယ်ဘိုးပလောကျေးရွာ၊ သီးကောထာကျေးရွာ၊ ဟိုကေကျေးရွာစဲ့ ကျေးရွာပေါင်း ခုနစ်ရွာလောက်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပြီး မတ်လ ၂၇ နဲ့ ၂၈ ရက်နေ့ နှစ်ရက်အတွင်း စုစုပေါင်း လူနေအိမ် နှစ်လုံး မီးလောင်ပြာကျခဲ့သလို သုံးဦးသေဆုံးကာ ကိုးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Free Burma Rangers ရဲ့စာရင်းအရ မတ်လ ၂၈ ရက်ကနေ ၃ဝ ရက်နေ့အထိ မြန်မာစစ်တပ်ရဲ့ လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့အရပ်သား အနည်းဆုံး ၁၃ ယောက်ရှိပြီး၊ ဒီအထဲမှာ အသက် ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးပါဝင်ပါတယ်။

စစ်ဘေးကြောင့် ဒေသခံတိုင်းရင်းသား တစ်သောင်းကျော် ရှောင်ပုန်းနေရသလို တစ်ဖက် ထိုင်းနိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ အီတူးထာကျေးရွာ၊ အူးဝဲကလိုးနဲ့ ပကာဒဲရွာက ဒေသခံ အယောက် ၃၀၀၀ လောက် ကိုလည်း ထိုင်းစစ်တပ်ကလက်မခံပဲ ဒီဘက်ကမ်းကို ပြန်ပို့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံဘက်ကို ဒုက္ခသည်တွေ ထွက်ပြေးခိုလှုံနိုင်ခြေ ရှိတာကြောင့် လူ လေးသောင်းကျော် ခိုလှုံနိုင်မယ့် ယာယီစခန်း (၇) ခု နယ်စပ်မှာ ထိုင်းအစိုးရက ပြင်ဆင် ထားတယ်လို့ပြောပေမယ့် လက်တွေ့မှာတော့ ထွက်ပြေးလာသူတွေကို လက်မခံပဲ ပြန်လွှတ်နေတာပါ။

စစ်ဘေးဒုက္ခသည်တွေကတော့ သူတို့ထွက်လာခဲ့တဲ့ နေရာကို ပြန်သွားရမှာ ကြောက်နေတာကြောင့် တောတောင်တွေမှာပဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အလားတူပဲ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေထဲမှာလည်း စစ်ကောင်စီတပ်တွေနဲ့ နှစ်ဖက်အပြန်အလှန် တိုက်ပွဲငယ်တွေရှိနေပြီး စစ်ရေးတင်းမာနေပြီလို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကိုပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေရဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကလည်း စစ်ကောင်စီအနေနဲ့ ကရင်အမျိုးသား အစည်းအရုံး KNU၊ ကချင်လွတ်မြောက်ရေး တပ်မတော် KIA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှု တွေလုပ်နေတာဟာ လူသားမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ မတ်လ ၃၀ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ် ပေးနိုင်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေရရှိရေးကို နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားသွားမလို့လည်း CRPH ကဆိုထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအပေါ် လေယာဉ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်နေတာကြောင့်KNU တပ်မဟာ ၅ နယ်မြေလက်အောက်ခံ ကရင်ပြည်နယ်ဘက်မှာ စစ်ပြေး ဒုက္ခသည် တစ်သောင်းကျော်ရှိနေပြီး၊ KNU တပ်မဟာ ၃ နယ်မြေလက်အောက်ခံဖြစ်တဲ့ ဆောထိ(ရွှေကျင်) မြို့နယ်မှာတော့ စစ်ပြေးဒုက္ခသည် ရာဂဏန်း အထိရှိလာပြီလို့ ကရင်လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

RFA Burmese



KNU နဲ့ KIA နယ်မြေတွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ် KNU နဲ့ KIA နယ်မြေတွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ် Reviewed by THITHTOOLWIN on 21:40 Rating: 5

No comments:

Powered by Blogger.