ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲပြင်းထန်နေ



ကချင်ပြည်နယ် မိုးကောင်းမြို့နဲ့ကာမိုင်းမြို့အကြားမှာ ဒီနေ့မနက် ၅ နာရီကျော်ကနေ ၇ နာရီလောက်အထိ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဗျူဟာကုန်းကပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားလေးဦး ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဒီမနက် ၅ နာရီခွဲကနေဖြစ်တယ်၊ ၇ နာရီခွဲလောက်ဆို ပြန်ငြိမ်တယ်၊ လေယာဉ်နှစ်စီးနဲ့ လာပစ်တယ်၊ ကာမိုင်းမှာ ဗျူဟာကုန်းကနေပစ်တဲ့ဟာ လူလေးယောက် ထိခိုက်တာတော့ နည်းနည်းရှိတယ်၊ ကလေး သုံးယောက်နဲ့ အမျိုးသမီးတစ်ယောက်"

ထိခိုက်ဒဏ်ရာရသူတွေကတော့ ကာမိုင်းဗျူဟာကုန်းနားက ရပ်ကွက် ၄ မှာရှိတဲ့သူတွေလို့လည်း အဲဒီ‌ဒေသခံ က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းရာ မှာ မနေ့ညနေပိုင်းက စစ်ကောင်စီတပ်ဘက်ကနေ လက်နက်ကြီးနဲ့ ပစ်နေတာကြောင့် ဒီမနက်မှာ KIA က ဝင်တိုက်တာလို့ ပြောပါတယ်။

"ကျနော်ကြားသလောက်တော့ မနေ့က မိုးချုပ်ခါနီးလောက်မှာ တပ်မတော် ကာမိုင်းဗျူဟာကနေ လက်နက်ကြီးနဲ့ပစ်တယ် ဆိုတဲ့သတင်း အရင်ထွက်ပါတယ်၊ လက်နက်ကြီးနဲ့ ပတ်ဝန်းကျင်ကို ရမ်းပစ်တယ် ဆိုတဲ့သတင်းက ညနေပိုင်းပေါ့နော်၊ ဒီမနက်ကတော့ KIA တပ်ရင်း ၄၄ ကနေ ဝင်တိုက်တယ်ဆိုတဲ့ သတင်းထွက်ပါတယ်၊ ကျနော်လည်း အတိအကျတော့ မဟုတ်ဘူးပေါ့နော်၊ ရုံးသတင်းတော့မဟုတ်ဘူး လိုင်းပေါ်ကသတင်းပဲ ကြားပါတယ်"

စစ်ကောင်စီတပ်တွေနဲ့ KIA ကြားတိုက်ပွဲတွေ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကို RFA က တယ်လီဖုန်းဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

မတ်လ ၁၁ ရက် မနေ့ကလည်း ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာနားက စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို KIA က ဝင်တိုက်ခိုက်ခဲ့ပါသေးတယ်။

KIA အနေနဲ့ မြို့ပေါ်ပိုင်းတွေမှာ တိုက်ခိုက်ဖို့ ဗဟိုကနေ ညွှန်ကြားထားတာတော့မရှိဘူးလို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက မနေ့က RFA ကို ပြောထားပါတယ်။

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်နောက်ပိုင်းလောက်ကစလို့ KIA နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲ ဖြစ်ပွားတာမရှိခဲ့ဘဲ မနေ့က ပထမဆုံးအကြိမ်အနေနဲ့ ပြန်ဖြစ်လာတာပါ။ အခုလိုတင်းမာမှုတွေကြောင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတွေကတော့ အလှမ်းဝေးသွားတယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိူးဆောင် ကွန်ရက် PCG က ဦးလမိုင်ဂွင်ဂျာက သုံးသပ်ပါတယ်။

"ခုချိန်မှာက ဘယ်လို့မှ မှတ်ချက်ပေးလို့ မရသေးဘူးလေ၊ တိုက်ပွဲဖြစ်နေတဲ့အချိန် ဖြစ်နေတာကြောင့် ဆိုတော့ တွေဆုံဆွေးနွေးပွဲအခြေအနေက နည်းနည်းအလှမ်းဝေးသွားမယ်လို့တော့မြင်တယ်"

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်ကွန်ရက် PCG ဟာ မြန်မာစစ်တပ်နဲ့ KIA အကြား ပဏာမအပစ်ရပ်စဲရေး သဘောတူစာချူပ်လက်မှတ်ရေးထိုးနိုင်ဖို့ ကြားခံချိတ်ဆက်ဆောင်ရွက်ပေးတဲ့အဖွဲ့ဖြစ်ပါတယ်။

KIA နဲ့ မြန်မာစစ်တပ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ မူဆယ်ဘက်မှာ ပြီးခဲ့တဲ့ နှစ်လလောက် ကတည်းက ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်နေတာပါ။

ကချင်ပြည်နယ်ထဲက မြို့နယ်တွေအပါအဝင် တစ်ပြည်လုံးက ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေကို စစ်ကောင်စီဘက်က လက်နက်နဲ့အကြမ်းဖက်ဖြိုခွဲတာတွေ ဆက်လုပ်မယ်ဆိုရင် ပြည်သူတွေကို အကာ အကွယ်ပေးမယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပြောဆိုပြီးတဲ့နောက်ပိုင်း အခုလိုတိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့တာပါ။

RFA Burmese



ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲပြင်းထန်နေ ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲပြင်းထန်နေ Reviewed by THITHTOOLWIN on 20:38 Rating: 5

No comments:

Powered by Blogger.