တရုတ်-မြန်မာနယ်စပ်မှာ တပ်နဲ့KIAတိုက်ပွဲဖြစ်၊ ရွာသားသုံးဦး တပ်ကခေါ်သွား

တရုတ်-မြန်မာနယ်စပ်မှာ တပ်နဲ့KIAတိုက်ပွဲဖြစ်၊ ရွာသားသုံးဦး တပ်ကခေါ်သွား တရုတ်-မြန်မာနယ်စပ် ပန်ဆိုင်မြို့နယ် မန့်နွယ်အုပ်စု မန်တောင်ရွာက ထွက်ပြေးတိမ်းရှောင်လာကြသူများ။ Photo: RFA


တရုတ်-မြန်မာနယ်စပ် ပန်ဆိုင်မြို့နယ် မန့်နွယ်အုပ်စု မန်တောင်ရွာအနီးမှာ တပ်မတော်နဲ့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KIAတပ်တွေ မတ်လ ၄ ရက်နေ့ ဒီမနက် ခုနှစ်နာရီကစပြီး တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့တယ်လို့ မန်နောင်ကောင် ကျေးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

မုံးပေါ်ဒေသလို့လည်း ခေါ်ဆိုတဲ့ အဲ့ဒီဒေသဟာ KIA တပ်မဟာ ၆တပ်ရင်း ၃၆ ထိန်းချုပ်ရာ နယ်မြေဖြစ်ပြီး ဒီမနက် တပ်မတော်စစ်ကြောင်းနဲ့ KIAအဖွဲ့တွေ ရွာအပြင်ဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်တာလို့ ဆိုပါတယ်။ တိုက်ပွဲအတွင်းမှာ မန်နောင်ကျေးရွာက အသက် ၄၆ နှစ်အရွယ် ဦးတူးကျိုင်၊ အသက် ၂၅နှစ်အရွယ် ဇော်တူးနောင်၊ အသက်၂၀အရွယ် မာခါးတို့ သုံးဦးကို တပ်မတော်ဘက်က ခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

တပ်မတော်ဘက်က ဘယ်တပ်ဖွဲ့ဆိုတာ အတိအကျမသိရပေမယ့် အဲ့ဒီဒေတွေမှာ တပ်မတော်ဘက်က တပ်မ ၈၈နဲ့ ၉၉တပ်တွေ အဓိကလှုပ်ရှားတဲ့နေရာ ဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။ မနက်ကတည်းက လက်နက်ကြီး ပစ်သံတွေကို ကြားရပြီး နေ့လယ်နှစ်နာရီလောက်ထိ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် မန်တောင်ကျေးရွာက လူဦးရေ ၅၉ ယောက်ဟာ မန်နောင်ကောင်ကျေးရွာက ကချင်ဘုရားကျောင်းမှာ ခိုလှုံနေရတယ်လို့ ထွက်ပြေးလာသူတွေကို ကူညီနေတဲ့ မန်နောင်ကောင်အသင်းတော် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ထွက်ပြေးလာသူတွေကို အသင်းတော်ကပဲ ကူညီနေတယ်လို့ ဆိုပါတယ်။ မတ်လ ၃ရက်နေ့ ညပိုင်းကလဲ ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာအနီးမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ နမ့်ကွတ်ရွာသူတစ်ဦးက ပြောပါတယ်။

ညပိုင်းအချိန် ဖြစ်တာကြောင့် ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့လဲ ဆိုတာမသိရဘူးလို့ ပြောပါတယ်။ နမ့်ကွတ်ကျေးရွာအနီးဟာ KIA အပြင် TNLA ,MNDAAစတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလဲ လှုပ်ရှားတဲ့ နေရာဖြစ်ပါတယ်။ ဖေဖော်ဝါရီလအတွင်းမှာလဲ နမ့်ကွတ်ရွာအနီးမှာ တပ်မတော်နဲ့ KIAတပ်တွေ တိုက်ပွဲဖြစ်ခဲ့တာ ရှိတယ်လို့ ဒေသခံက ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီကနေ့တိုက်ပွဲအခြေအနေနဲ့ ရွာသားတွေ ခေါ်ဆောင်သွားခံရတာကို မသိရသေးဘူးလို့ ပြောပါတယ်။

နမ့်ကွတ်ရွာအနီးမှာတော့ မနေ့ကညပိုင်းက KIAနဲ့ တိုက်ပွဲခဏဖြစ်ခဲ့သလို နမ့်ဖတ်ကာဖက်မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက TNLAတပ်ဖွဲ့နဲ့ အနည်းငယ် ပစ်ခတ်မှု ရှိခဲ့တယ်လို့ ပြောပါတယ်။ တိုက်ပွဲနဲ့ ပတ်သက်ပြီး KIA ပြောခွင့်ရသူတွေကို ဆက်သွယ်လို့ မရသေးပါဘူး။


RFA Burmese

https://www.rfa.org/burmese/news/kia-and-myanmar-military-03042021123332.html

တရုတ်-မြန်မာနယ်စပ်မှာ တပ်နဲ့KIAတိုက်ပွဲဖြစ်၊ ရွာသားသုံးဦး တပ်ကခေါ်သွား  တရုတ်-မြန်မာနယ်စပ်မှာ တပ်နဲ့KIAတိုက်ပွဲဖြစ်၊ ရွာသားသုံးဦး တပ်ကခေါ်သွား Reviewed by THITHTOOLWIN on 00:40 Rating: 5

No comments:

Powered by Blogger.