စစ်အာဏာသိမ်းပြီးတင်းမာမှုကြောင့် မြန်မာ့စီးပါွးထိခိုက်မည့်အရေး IMF စိုးရိမ်

IMF ပြောခွင့်ရပုဂ္ဂိုလ် Gerry Rice

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်ဆက်တွဲ ကြုံနေရတဲ့အခြေအနေတွေအပေါ် စိုးရိမ်ကြောင်းနဲ့ အနီးကပ် စောင့်ကြည့်နေကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကပြောလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ တင်းမာမှုတွေ ကြီးထွားလာနေတဲ့ အခြေအနေတွေနဲ့ ဒါတွေကြောင့် ပြည်သူလူထုနဲ့ စီးပွားရေးကို ထိခိုက်မယ့်အရေး အလွန်အမင်း စိုးရိမ်မိပါတယ်။ ဒါကြောင့်လည်း အခြေအနေကို အနီးကပ်စောင့်ကြည့်နေပါတယ်။” လို့ IMF ပြောခွင့်ရပုဂ္ဂိုလ် Gerry Rice က ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။ IMF အဖွဲ့က မြန်မာနိုင်ငံကို ပေးအပ်နေတဲ့ အထောက်အပံ့တွေနဲ့ ပတ်သက်လို့လည်း အရင်ကတည်းက ကျင့်သုံးခဲ့တဲ့ မူဝါဒအတိုင်း အုပ်ချုပ်မှုပိုင်း ရှင်းရှင်းလင်းလင်း မရှိသေးတဲ့အချိန်မှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ လတ်တလော မရေမရာ အခြေအနေမှာ အချက်အလက် ရှာဖွေတာမျိုးလို အဆင့်နိမ့်လုပ်ငန်းတွေသာ ရှိနေကြောင်းလည်း IMF ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် လမ်းပေါ်ထွက် ဆန္ဒပြကန့်ကွက်မှုတွေနဲ့ အလုပ်မဆင်းပဲ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကြောင့် အစိုးရယန္တယားနဲ့ လုပ်ငန်းတော်တော်များများ မလည်ပတ်နိုင်ပဲ ဖြစ်နေတာပါ။ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးဖယ်ရှားပြီး အာဏာသိမ်းခဲ့တဲ့ လုပ်ရပ်နဲ့ နောက်ဆက်တွဲ ကန့်ကွက် ဆန္ဒပြပွဲတွေကို လုံခြုံရေးတပ်ဖွဲ့တွေ အကြမ်းဖက် နှိမ်နင်းမှုတွေအပေါ် တုံ့ပြန်တဲ့ အနေနဲ့ အနောက်နိုင်ငံတွေကလည်း ပစ်မှတ်ထား ဒဏ်ခတ်မှုတွေ ကြေညာခဲ့တာကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုတွေ ရှိလာမယ်လို့လည်း ခန့်မှန်းနေကြပါတယ်။


VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/imf-myanmar/5811067.html

စစ်အာဏာသိမ်းပြီးတင်းမာမှုကြောင့် မြန်မာ့စီးပါွးထိခိုက်မည့်အရေး IMF စိုးရိမ် စစ်အာဏာသိမ်းပြီးတင်းမာမှုကြောင့် မြန်မာ့စီးပါွးထိခိုက်မည့်အရေး IMF စိုးရိမ် Reviewed by THITHTOOLWIN on 07:24 Rating: 5

No comments:

Powered by Blogger.