ကုလ IIMM မြန်မာနိုင်ငံဆိုင်ရာ ယန္တရားအဖွဲ့ လုပ်ရပ် ရန်ကုန်ကန်သံရုံး ကြိုဆို

မြန်မာနိုင်ငံဆိုင်ရာ ကုလစုံစမ်းရေးအဖွဲ့ IIMM ဝက်ဘ်ဆိုက်တ် (ဓာတ်ပုံ - iimm.un.org)

ရာဇဝတ်မှုဆိုင်ရာ နောင်မှာ တရားစွဲဆိုမယ့် လုပ်ငန်းစဉ်တွေအတွက် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်ကစပြီး ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု သက်သေအထောက်အထားတွေ စုဆောင်းနေတဲ့ ကုလသမဂ္ဂရဲ့လုပ်ရပ်ကို ရန်ကုန်အမေရိကန်သံရုံးက ကြိုဆိုလိုက်ပါတယ်။

သောကြာနေ့က ထုတ်ပြန်တဲ့ အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာ- ဖေဖေါ်ဝါရီလ (၁)ရက်နေ့ စစ်အာဏာသိမ်းချိန်က စပြီး မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ ဖြစ်ရပ်တွေကို ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အနေနဲ့အနီးကပ်စောင့်ကြည့်နေပြီး၊ လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်မှုမှန်သမျှ သက်သေအထောက်အထားတွေနဲ့ စုဆောင်းပြုစုနေတာဟာ အရေးကြီးတဲ့ လုပ်ငန်းစဉ်တခုဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ဒါမှသာ အနာဂတ် တရားစွဲဆိုမယ့် ကိစ္စတွေမှာ ကျူးလွန်သူတွေကို တာဝန်ခံစေဖို့ ဒီအထောက်အထားတွေကို အသုံးချနိုင်မှာဖြစ်တယ်လို့ ရန်ကုန် အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒါအပြင် မြန်မာပြည်သူတွေအနေနဲ့ အသုံးဝင်တဲ့ သတင်းအချက်အလက် အထောက်အထားတွေကို IIMM ဆီကိုပေးပို့ဖို့လည်း တိုက်တွန်းထားသလို တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်၊ အီးမေးလ်တွေကို သံရုံးက ဖေါ်ပြထားပါတယ်။

IIMM မြန်မာနိုင်ငံဆိုင်ရာ ယန္တရားအဖွဲ့ကို ၂၀၁၈ခုနှစ်မှာ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ကြီးမားလှတဲ့ နိုင်ငံတကာရာဇဝတ် ကျူးလွန်မှုတွေ၊ နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုတွေအတွက် အထောက်အထားအချက်အလက်တွေကို IIMM အနေနဲ့စိစစစ် ထိန်းသိမ်းနေတာပါ။

IIMM ဟာ သူတို့ ထိန်းသိမ်းစိစစ်နေတဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှု အထောက်အထားတွေကို နိုင်ငံအဆင့် ဒါမှမဟုတ် နိုင်ငံတကာ တရားရုံးတွေမှာရာဇဝတ်ကျူးလွန်မှုအတွက် တာဝန်ရှိသူတွေကို တရားစွဲဆိုတဲ့အခါမှာ အထောက်အကူပြု အမှုတွဲတွေ တည်ဆောက်မှာဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/un-iimm-us-embassy-rangoon-comment-/5821934.html

ကုလ IIMM မြန်မာနိုင်ငံဆိုင်ရာ ယန္တရားအဖွဲ့ လုပ်ရပ် ရန်ကုန်ကန်သံရုံး ကြိုဆို ကုလ IIMM မြန်မာနိုင်ငံဆိုင်ရာ ယန္တရားအဖွဲ့ လုပ်ရပ် ရန်ကုန်ကန်သံရုံး ကြိုဆို Reviewed by THITHTOOLWIN on 07:51 Rating: 5

No comments:

Powered by Blogger.