လူမဆန်စွာ ရိုက်နှက်သတ်ဖြတ်မှုတွေကို ICJ ထံတိုင်ကြားမယ်လို့ လူ့အခွင့်အရေးသမားတွေပြော



Share/Bookmark


လက်နက်မပါဘဲ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ဖမ်းမိတဲ့အခါ လူမဆန်စွာ ရိုက်နှက်သတ်ဖြတ်တာတွေကို နိုင်ငံတကာတရားရုံး အိုင်စီဂျေ ထိ သက်သေအထောက်အထားနဲ့တကွ ပေးပို့တိုင်ကြားသွားမယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ပြည်တွင်း ဥပဒေပညာရှင်တွေကလည်း ရဲနဲ့စစ်တပ်ရဲ့ လူမဆန်တဲ့လုပ်ရပ်တွေဟာ ဥပဒေအရရော လူ့အခွင့်အရေး ရှုဒေါင့်အရပါ အလွန်မှားယွင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ ‌ဝေဖန်လိုက်ပါတယ်။

ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေအတွင်း ဖမ်းမိသူတွေကို ရဲနဲ့ စစ်သားတွေက နံပါတ်ဒုတ်တွေ သံပိုက်လုံးတွေနဲ့ အုပ်စုလိုက် ဝိုင်းရိုက်တာ၊ သေနတ်ဒင်နဲ့ ဦးခေါင်းကို အကြိမ်ပေါင်းများစွာ ထုရိုက်တာ၊ ဖမ်းဆီးသွားပြီးနောက် တစ်ရက်အကြာမှာ ရုပ်အလောင်းအဖြစ် ပြန်ပို့တဲ့လုပ်ရပ်တွေဟာ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်တယ်လို့ Fortify Rights အဖွဲ့က လူ့အခွင့်အရေးလှုပ်ရှားသူ ကိုနစ်ကီ ဒိုင်းမွန်းက ဝေဖန်လိုက်ပါတယ်။

သူအပါအဝင် ပြည်တွင်းပြည်ပ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ရိုက်နှက်သတ်ဖြတ်တဲ့ ဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို သက်သေအဖြစ် စုဆောင်းနေပြီး နိုင်ငံတကာတရားရုံး အိုင်စီဂျေကို ပေးပို့တိုင်ကြားသွားမယ်လို့ ဆိုပါတယ်။

ဒီလိုလူမဆန်တဲ့ ရိုက်နှက်သတ်ဖြတ်မှုတွေဟာ Crime Against Humanity လို့ခေါ်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး၊ ကမ္ဘာက သတ်မှတ်ထားတဲ့ အပြင်းထန်ဆုံး လူ့အခွင့်အရေး ချိုးဖောက်မှု‌တွေထဲက တစ်ခုပဲလို့ ကိုနစ်ကီ ဒိုင်းမွန်းက ပြောပါတယ်။

မတ်လ ၃ ရက်နေ့ ဆန္ဒပြပွဲအတွင်း မြောက်ဥက္ကလာမှာဖမ်းမိတဲ့ ပရဟိတလူငယ် လေးဦးကို ရဲနဲ့ စစ်သားတွေ က မျက်နှာကို ခြေထောက်နဲ့ အချက်ပေါင်းများစွာ ကန်ခဲ့ရုံမက၊ လူငယ်တစ်ဦးရဲ့ ဦးခေါင်းကို သေနတ်နဲ့ အချက်ပေါင်းများစွာ အားကုန်လွှဲရိုက်နေတာကို လမ်းဘေး ဈေးဆိုင်တစ်ခုရဲ့ CCTV လုံခြုံရေးကင်မရာကနေ မြင်တွေ့ခဲ့ရပါတယ်။ နောက်ပိုင်းမှာ အဲဒီလူငယ်သေဆုံးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အဲဒီနောက် တာမွေ၊ ကျိုက္ကဆံ ဆန္ဒပြပွဲအတွင်း ဖမ်းမိတဲ့လူငယ် နှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ လောက်က အချက်ပေါင်းများစွာ ရိုက်နှက်နေတာတွေကို အနီးအနားနေထိုင်သူတွေက ဖုန်းကင်မရာနဲ့ မှတ်တမ်းတင်ထား တာကို မြင်တွေ့ကြရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က မန္တလေးမြို့မှာဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲအတွင်း ရွှေတချောင်းမြောင်းထဲမှာ ဖမ်းမိတဲ့ လူငယ် နှစ်ဦးကိုလည်း ရဲနဲ့ စစ်သား ၂၀ လောက်က သေနတ်ဒင်နဲ့ ထုရိုက်နေတာကို မြင်တွေ့ရတဲ့အတွက် အနီးအနားနေအိမ်ပေါ်က အမျိုးသမီးတွေ အော်ဟစ်တောင်းပန်နေတဲ့ ဗွီဒီယိုမှတ်တမ်းတွေကိုလည်း RFA က ရထားပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က မန္တလေးမြို့ ဆန္ဒပြပွဲအတွင်း ဆိုင်ကယ်နဲ့ ထွက်ပြေးသူတွေကို စစ်ကားနှစ်စီးက နောက်ကနေ အရှိန်နဲ့လိုက်လာပြီး တည့်တည့်ဝင်တိုက်ခဲ့တဲ့အတွက် ဆိုင်ကယ်စီးလာသူ သုံးဦးစလုံး ဒဏ်ရာ အပြင်းအထန်နဲ့ အရေးပေါ် ဆေးရုံတင်ထားရပါတယ်။ သူတို့သုံးဦးရဲ့ အခြေအနေ စိုးရိမ်ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ရန်ကုန် ပန်းဘဲတန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရပ်ကျေးဥက္ကဋ္ဌ ဦးခင်မောင်လတ်ကို ရဲနဲ့စစ်တပ်က ညဘက်မှာ ဖမ်းဆီးသွားပြီး နောက်တစ်ရက်မှာ မိသားစုဆီကို ရုပ်အလောင်းပဲ ပြန်ပို့ခဲ့ပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာလည်း မနေ့က လူတစ်ရာနီးပါး ဖမ်းဆီးခံရပြီး၊ အဲဒီအထဲက လူ ၇၀ ကျော်ပြန် လွတ်လာခဲ့ပေမယ့် ရဲတပ်ဖွဲ့က သူတို့ကို အချုပ်ထဲမှာ အချက်ပေါင်းများစွာ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခဲ့တယ် လို့ ပြန်လွတ်လာသူတစ်ဦးက ပြောပါတယ်။

ပြန်လွတ်လာသူတွေရဲ့ ကျောပြင်မှာ ညှဉ်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာအမြောက်အမြားကို ဓာတ်ပုံနဲ့တကွ မြင်တွေ့ ကြရပါတယ်။

ရဲတပ်ဖွဲ့ထဲမှာ နှစ်ပေါင်း ၃၀ ကြာတာဝန်ထမ်းခဲ့ပြီး အခုရက်ပိုင်းကမှ ပင်စင်ယူလိုက်တဲ့ အငြိမ်စား ရဲအရာရှိတစ်ဦးကတော့ ရဲတပ်ဖွဲ့ရဲ့ ဒီလုပ်ရပ်ဟာ ဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ ထောက်ပြဝေဖန်ပါတယ်။

ရဲနဲ့ စစ်သားတွေရဲ့ လုပ်ရပ်ဟာ လူ့အခွင့်အရေးရှုဒေါင့်အရရော၊ ဥပဒေရှုဒေါင့်အရပါ အလွန်အမင်း မှားယွင်းနေတဲ့လုပ်ရပ်လို့ လူ့အခွင့်အ‌ရေးရှေ့နေ ဦးခင်မောင်ဇော်ကလည်း ထောက်ပြဝေဖန်ပါတယ်။

ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှုတွေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တရားစွဲ တိုင်ကြားဖို့ဆိုရာ မှာလည်း အာဏာမေးစာချွန်တော်၊ အာဏာပိုင်မေး စာချွန်တော်တွေကို ဆင့်ခေါ်မေးမြန်းခွင့်မရှိကြောင်း ပြည်ထောင်စု တရးလွှတ်တော်ချုပ်က ဖေဖော်ဝါရီ ၈ ရက်နေ့ကတည်းက အမိန့်ထုတ်ထားတယ်လို့ ဦးခင်မောင်ဇော် က ပြောပါတယ်။

အာဏာမေး စာချွန်တော်နဲ့ အာဏာပိုင်မေး စာချွန်တော်ဆိုတာဟာ အမြင့်ဆုံး အာဏာရှိသူ ဒါမှမဟုတ် အမြင့်ဆုံးအာဏာရှိတဲ့ အဖွဲ့အစည်းတစ်ခုခုကနေ ပစ်မှုကျူးလွန်ရင်၊ ကျူးလွန်ခံရသူက အာဏာမေးနဲ့ အာဏာပိုင်မေး စာချွန်တော်တွေထုတ်ပြီး အပစ်ရှိသူကို ဆင့်ခေါ်မေးမြန်းပေးဖို့ အမြင့်ဆုံး ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ တိုင်ကြားလျှောက်ထားရတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ၂၀၀၈ အခြေခံဥပဒေကိုလည်း လျစ်လျူရှုလိုက်ပြီမို့ ပြည်သူလူထုအနေနဲ့ ဥပဒေအရ အကာအကွယ်မရှိတော့ဘဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုယ်တိုင် သတိထား ရှောင်ရှားဖို့သာ ရှိတော့တယ်လို့ ပြောပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူ ကိုနစ်ကီဒိုင်းမွန်း ကတော့ နစ်နာသူတွေအနေနဲ့ လူ့အခွင့်အ‌ရေးချိုးဖောက်ခံရရင် သက်ဆိုင်ရာ ရဲစခန်းကို သွားရောက်ပြီး အမှုဖွင့် တိုင်ကြားသင့်တယ်လို့ အကြံပေးပါတယ်။

နစ်နာသူတွေက အဲဒီလိုတိုင်ကြားမှသာ ဒါဟာ တရားဝင်သက်သေတွေဖြစ်လာပြီး နိုင်ငံတကာတရားရုံး အိုင်စီဂျေ ကနေ အရေးယူနိုင်မယ့် အထောက်အကူတွေ ဖြစ်လာမယ်လို့ ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။

RFA ရဲ့ စာရင်းပြုစုမှုအရ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ အခု မတ်လ ၁၀ ရက်နေ့အထိ တစ်လကျော်အတွင်းမှာ ရဲနဲ့စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် အနည်းဆုံးလူ ၆၀ နီးပါး သေဆုံးခဲ့ပါတယ်။ အနည်းဆုံးလူ ၁၅၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP ကလည်း စာရင်းပြုစုထားပါတယ်။

RFA Burmese






Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ