ပစ်ခတ်ဖြိုခွဲမှုအတွက် တာဝန်ရှိသူတွေ ICC မှာတရားစွဲနိုင်ရေး CRPH နည်းလမ်းရှာနေ



Share/Bookmark
ဦးကျော်မိုးထွန်း (ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတန်း ကိုယ်စားလှယ်)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကန့်ကွက်ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုအတွက် ကျူးလွန်သူတွေကို တရားစွဲဆိုနိုင်ရေး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က နည်းလမ်းတွေရှာနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတန်း ကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး (ICC) မှာ တရားစွဲနိုင်မလားဆိုတာက ရှာဖွေနေတဲ့နည်းလမ်းတွေထဲမှာ တစ်ခုဖြစ်တယ်လို့ အမေရိကန်၊ ကိုလမ်ဘီယာတက္ကသိုလ်၊ လူ့အခွင့်အရေးလေ့လာမှုဆိုင်ရာအင်စတီကျူမှာ လုပ်တဲ့ ဆွေးနွေးပွဲတစ်ခုအတွင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။

"ကျနော်တို့က ICC လက်မှတ်ထိုးထားတဲ့ နိုင်ငံတစ်ခုမဟုတ်ပေမယ့် ICC မှာ တရားစွဲဆိုနိုင်ရေး နည်းလမ်းရှာဖွေဖို့ လိုပါတယ်" လို့ ဦးကျော်မိုးထွန်းကပြောပါတယ်"။

ICC ကိုဖွဲ့စည်းထားတဲ့ Rome Statute ပါ ပြဌာန်းချက်အမှတ် ၁၂.၃ ကို CRPH က အသေအချာ လေ့လာနေတယ်လို့ ဦးကျော်မိုးထွန်းကပြောပါတယ်။ တင်ပြလျှောက်ထားတဲ့ ပြစ်မှုနဲ့ပတ်သက်လို့ ICC ရဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး စစ်ဆေးပေးဖို့ အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမယ့်လည်း အဲဒီပြဌာန်းချက်အရ ICC မှာ လျှောက်ထားနိုင်ခြေရှိပါတယ်။

ဒီလိုလုပ်ဆောင်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် နိုင်ငံတကာက ဘယ်သူ့ကို အသိအမှတ်ပြုတယ်ဆိုတာ ဆွေးနွေးပြောဆိုစရာ ဖြစ်လာနိုင်ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Christine Schraner Burgener တို့က မြန်မာ အာဏာသိမ်းစစ်ကောင်စီကို ဘယ်နိုင်ငံကမှ အသိအမှတ်မပြုဖို့ ပြောထားကြပါ တယ်။

နောက်နည်းလမ်းတစ်ခုကတော့ ICC မှာစစ်ဆေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက လွှဲပြောင်းပေးပို့တဲ့ နည်းလမ်းပါ။ ဒါပေမယ့်လည်း ဒီလိုလုပ်တာမျိုးကို ဗီတိုအာဏာသုံးခွင့်ရှိတဲ့ ရုရှားနဲ့ တရုတ်တို့က ထောက်ခံ ဖွယ်မရှိပါဘူး။

မြန်မာစစ်တပ်က ကျူးလွန်ထားတဲ့ သတ်ဖြတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှုနဲ့ ဖိနှိပ်မှုတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်တယ်လို့ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး Thomas Andrew ကပြောထားပါတယ်။ စစ်ကောင်စီပြောခွင့်ရကတော့ သူတို့တပ်ဖွဲ့တွေဟာ လိုအပ်တဲ့အခါမှသာ အင်အားသုံးတာလို့ ပြန်ချေပထား ပါတယ်။


ဗွီအိုအေ (မြန်မာဌာန)

https://burmese.voanews.com/a/un-envoy-kyaw-moe-htun-said-crph-doing-military-council-to-icc/5820902.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ