လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် HRW ကြိုဆို

အဖွဲ့ဝင် (၄၇)နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ

လူ့အခွင့်အရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့က မြန်မာ့အရေးဆုံးဖြတ်ချက်ကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်တာဟာ စစ်ကောင်စီအနေနဲ့ သူသွားနေတဲ့လမ်းကြောင်းကို ဘယ်နိုင်ငံကမှ ထောက်ခံမှုမရှိဘူးဆိုတာပြသ လိုက်တာဖြစ်တယ်လို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။

မြန်မာစစ်တပ်နဲ့ ဆက်စပ်ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်း အကျိုးအမြတ်တွေကို စုံစမ်းစစ်ဆေးသွားဖို့ တရုတ်အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေပါ လူ့အခွင့်အရေးကောင်စီကို တာဝန်ပေးထားတဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က HRW အာရှရေးရာတာဝန်ခံ Brad Adams ကို ဆက်သွယ်မေးမြန်း တင်ပြမှာပါ။

အဖွဲ့ဝင် (၄၇)နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မနေ့က ကန့်ကွက်သူမရှိ အတည်ပြုလိုက်တဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်မျိုးဟာ အလွန်ရှားပါးခဲယဉ်းသလို၊ မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ သူတို့သွားနေတဲ့ လမ်းကြောင်းကို ရပ်တန့်ဖို့၊ ပြန်သုံးသပ်ဖို့ သတိပေး လိုက်တာဖြစ်တယ်လို့ HRW အာရှရေးရာတာဝန်ခံ Brad Adams က ဗွီအိုအေကို ပြောပါတယ်။

”ဒီဆုံးဖြတ်ချက်က နိုင်ငံတကာအသိုင်းအဝိုင်းမှာ မြန်မာနိုင်ငံအနေနဲ့ အပေါင်းအသင်း မိတ်ဆွေ အနည်းအကျဉ်းလောက်ပဲရှိတယ်ဆိုတာ ပြသနေတယ်လို့ ကျနော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် တိုင်းပြည်တပြည်အပေါ် ဒီလိုပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်သူမရှိ တညီတညွတ်တည်းရဖို့ဆိုတာ အလွန်ရှားပါးခဲယဉ်းတာပါ။ ဆိုလိုတာက တရုတ်၊ ရုရှား၊ ကျူးဘား၊ ဗင်နီဇွဲလား စတဲ့နိုင်ငံတွေက နိုင်ငံတနိုင်ငံချင်းစီအပေါ် ဆုံးဖြတ်ချက်တွေကို အမြဲတမ်းကန့်ကွက်လေ့ရှိတာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့နိုင်ငံတွေအပေါ်မှာလည်း သူတို့ကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်မျိုးတွေ ချမှတ်မှာကို စိုးရိမ်ပူပန်ကြတဲ့အတွက် ကန့်ကွက်နေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ သူတို့ ကန့်ကွက်ခြင်းမရှိပါဘူး။ ဒါဘာကြောင့်လဲဆိုရင် ကျနော်တို့ရထားတဲ့ သတင်းတွေ၊ အချို့အစိုးရတွေဆီကနေ ရထားတဲ့ အချက်အလက်တွေအရ တရုတ်အနေနဲ့အခု မြန်မာစစ်ကောင်စီရဲ့လုပ်ရပ်ကို မကြိုက်ဘူးလို့ သိရပါတယ်။ တပ်မတော်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အခြား အဆင့်မြင့် စစ်တပ်အရာရှိတွေနဲ့ ပတ်သက်လို့ တရုတ်ကနှစ်သက်တာမရှိဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဘယ်အကျိုးစီးပွားပဲဖြစ်ဖြစ် ကာကွယ်ဖို့ဆိုပြီး အာဏာသိမ်းဖို့ မလိုအပ်ဘူးလို့ တရုတ်က မြင်ပါတယ်။ အာဏာသိမ်းမှုဟာ တိုင်းပြည်ရဲ့ တည်ငြိမ်မှု၊ နိုင်ငံရေးအရတည်ငြိမ်မှုနဲ့ဒေသတွင်း ဆက်ဆံရေးတွေကိုပါ ပျက်စီးစေခဲ့ပါတယ်။ ဒါဟာ တကယ့်ကို ဘေးအန္တရာယ်ကြီးကျရောက်မှုတခုဖြစ်ပါတယ်။ အခုလို မြန်မာ့အရေးဆုံးဖြတ်ချက်ကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာ တကယ့်ကို ကြိုဆိုဝမ်းသာမိပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို ဒီဆုံးဖြတ်ချက်က ပေးလိုက်တဲ့ အမှာစကားကတော့ သူတို့သွားနေတဲ့ လမ်းကြောင်းကို ဘယ်သူမှ မထောက်ခံကြဘူးဆိုတာပါ။ သူတို့အနေနဲ့ ဒါကို ပြန်စဉ်းစားဖို့လိုပါတယ်။”

အင်ကြင်းနိုင်။ ။ ဒီဆုံးဖြတ်ချက်ထဲမှာလည်း မြန်မာစစ်တပ်နဲ့သူနဲ့ ပတ်သက်ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းနဲ့အကျိုးအမြတ်တွေကို စုံစမ်းစစ်ဆေးဖို့၊ ရရှိလာတဲ့ အချက်အလက်တွေကို လူ့အခွင့်အရေးကောင်စီအနေနဲ့ အသေးစိတ်အစီအရင်ခံစာနဲ့အကြုံပြုချက်တွေကိုတင်ပြဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက လူ့အခွင့်အရေးကောင်စီကို တာဝန်ပေးထားတဲ့ အချက်ပါတာ တွေ့ရပါတယ်။ ဒါဟာ မြန်မာစစ်တပ်အပေါ် ထိရောက်မှုဘယ်လောက်ရှိမလဲရှင့်။

Brad Adams ။။ ဒါက ပြင်းထန်တဲ့အရေးယူမှုအတွက်အခြေခံအုတ်မြစ်ကို ပြင်ဆင်ဖို့ အတွက် ကွဲပြားတဲ့ နိုင်ငံတွေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကြားမှာ အတူတကွ ပိုမိုပြီးအားကောင်းအောင်လုပ်ဆောင်ဖို့ လူ့အခွင့်အရေးကောင်စီရဲ့ကြိုးပမ်းအားထုတ်မှုဖြစ်ပါတယ်။ လူ့အခွင့်အရေးကောင်စီအနေနဲ့ ပစ်မှတ်ထားပိတ်ဆို့မှုတွေကို ချမှတ်လို့မရပါဘူး။ ဒါက သူ့ရဲ့လုပ်ပိုင်ခွင့်ထက်လည်း ကျော်လွန်ပါတယ်။ ဒါပေမယ့် နိုင်ငံတွေအနေနဲ့သူတို့ကိုယ်တိုင်အရေးယူဆောင်ရွက်ဖို့ လိုအပ်တဲ့အချက်အလက်တွေကို လူ့အခွင့်အရေးကောင်စီက ပံ့ပိုးပေးနိုင်ပါတယ်။ ဒါအပြင် စစ်ကောင်စီနဲ့ တပ်မတော်ရဲ့ စီးပွားရေးအကျိုးအမြတ်တွေကို စုံးစမ်းစစ်ဆေးမှာဖြစ်ပါတယ်။ ဒါက အမှန်တကယ် မရှိမဖြစ်လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရားမဝင် စစ်အုပ်စုအာဏာတည်မြဲစေတဲ့ ငွေကြေးတွေဖြစ်နေတာကြောင့်ပါ။

အင်ကြင်းနိုင်။ ။ ရန်ကုန် အင်းစိန်ထောင်ကနေ ဖမ်းဆီးထားတဲ့ ဆန္ဒပြသမားတွေထဲ အယောက် ၆၀၀ နီးပါးလောက်ကို စစ်ကောင်စီက မနေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီလိုပြန်လွှတ်ပေးလိုက်တဲ့ အကြောင်းအရင်းကို ဘယ်လိုသုံးသပ်လဲရှင့်။

Brad Adams။ ။ သူတို့ ဘာကြောင့် လွှတ်ပေးသလဲဆိုတာ သိဖို့ အလွန်ခဲယဉ်းပါတယ်။ မြန်မာစစ်ကောင်စီအပေါ် နားလည်ဖို့ ခက်ခဲသလို၊ ထင်သာမြင်သာမှုမရှိတဲ့အပြင် တံခါးတွေကိုလည်း ပိတ်ထားတာပါ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် လူတွေကို မတရားဖမ်းဆီးထားတာကနေ ပြန်လွှတ်ပေးတာကို သိသိသာသာကြိုဆိုပါတယ်။ သူတို့တွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသူတွေဖြစ်ပြီး အများစုက လူငယ်တွေပါ။ နောက် သတင်းတခုမှာ ကျနော်တွေ့လိုက် ရတာက ဆန္ဒပြပွဲတခုအပြီး အဖမ်းခံခဲ့ရတဲ့ အုပ်စုတစုလည်း အစုလိုက်အပြုံလိုက် လွှတ်ပေးတဲ့ အထဲမှာ ပါသွားတယ်ဆိုတာပါ။ ဖြစ်နိုင်တာကတော့ ထောင်တွေထဲမှာ လူဦးရေ သိပ်များလွန်းနေလို့ ဖြစ်နိုင်ပါတယ်။ နောက် ဆန္ဒပြသူတွေထဲမှာ တချို့ သူတို့ရဲ့မိဘတွေဟာ စစ်ကောင်စီ နဲ့ အဆက်အသွယ်တွေ ရှိနေပြီး သူတို့ကလေးတွေ ဖမ်းဆီးခံထားရတာကို စစ်ကောင်စီကို တိုင်ကြားခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ချေရှိတာ နောက်တခုက ဆန္ဒပြသူတွေကြား စစ်အုပ်စုက ခွဲခွဲခြားခြားခြား သိအောင်လုပ်တာလည်းဖြစ်နိုင်ပါတယ်။ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေနဲ့ အခြားသူတွေကြားမှာ အခုလွှတ်ပေးလိုက်သူတွေဟာ သူတို့အပေါ် သိပ်ပြီးခြိမ်းခြောက်မှုရှိမနေဘူးလို့ စစ်အုပ်စုက မြင်လို့လည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း စိတ်ဝင်စားဖို့ကောင်းတာက ဆန္ဒပြတဲ့လူငယ်တချို့ ဟာ လက်သုံးချောင်း ထောင်ပြီးထွက်လာကြတာပါ။ ဒါက အခြေခံအားဖြင့် သူတို့အနေနဲ့ နောက်ဆုတ်မှာ မဟုတ် သလို စစ်ကောင်စီကိုလည်း သူတို့ ကျေနပ်လက်ခံမှာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြသလိုက်တာဖြစ်ပါတယ်။ ဒါအပြင် အကျဉ်းထောင်ကလွတ်လာတဲ့သူတွေနဲ့ အင်တာဗျူးကို ကျနော်ကြည့်တဲ့အခါမှာ သူတို့မှာ စိတ်ဓါတ်ခွန်အားအပြည့်ရှိနေတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူတို့အနေနဲ့ နောက်ဆုတ်သွားမှာမဟုတ်ပဲ ဒီမိုကရေစီမရမချင်း ဆန္ဒပြလှုပ်ရှားသွားမယ်လို့ပြောဆိုတာတွေ တွေ့ခဲ့ရပါတယ်။”

HRW အာရှရေးရာတာဝန်ခံ Brad Adams ပြောသွားတာပါ။ အခုလို မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ဖိနှိပ်အုပ်ချုပ်မှုတွေကို ရပ်တန့်အောင် လက်ရှိ လူ့အခွင့်အရေးကောင်စီကအတည်ပြုလိုက်တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို အခြေခံပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်တပ်ကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူရဖို့၊ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုကို ပိတ်ဆို့ဖို့ လိုအပ်ကြောင်းနဲ့ စစ်တပ်ရဲ့ ပိုင်ဆိုင်မှုတွေ၊ ဘဏ်အကောင့် ငွေကြေးတွေကို ထိထိရောက် ပိတ်ဆို့နိုင်မှ မြန်မာစစ်ခေါင်းဆောင်တွေ အပေါ် တကယ်ထိခိုက်နိုင်မှာ ဖြစ်ပြီး ဒါဟာ ကုလသမဂ္ဂလုံခြံုရေးကောင်စီရဲ့ တာဝန်ဖြစ်တယ်လို့ Brad Adams က ပြောပါတယ်။


အင်ကြင်းနိုင်/ VOA Burmese

https://burmese.voanews.com/a/myanmar-hrw-comment-on-human-rights-council-/5827754.html

လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် HRW ကြိုဆို လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် HRW ကြိုဆို Reviewed by THITHTOOLWIN on 08:17 Rating: 5

No comments:

Powered by Blogger.