မှုခင်းတိုက်ဖျက်ရေး နည်းပညာကို အာဏာသိမ်းစစ်ခေါင်းဆောင်တွေ တလွဲအသုံးချမှာ HRW စိုးရိမ်

အာဏာသိမ်း စစ်ခေါင်းဆောင်တွေဟာ လူတစ်ဦးချင်းရဲ့ မျက်နှာကို ကွန်ပျူတာက မှတ်မိတဲ့ Facial recognition နည်းပညာကို တလွဲအသုံးချပြီး အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဖြိုခွင်းဖို့ ကြိုးပမ်းလာမှာကို စိုးရိမ်ကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က ကြေညာချက်ထုတ်ပြန်ပြီး သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက Safe city လို့ခေါ်တဲ့ မှုခင်းတိုက်ဖျက်ရေး အစီအစဉ်အရ နေပြည်တော်က မြို့နယ် ရှစ်ခုမှာ လုံခြုံရေး ကင်မရာ ၃၃၅ လုံးကို တပ်ဆင်ခဲ့ပြီး၊ အာဏာပိုင်တွေ အလိုရှိနေတဲ့ သူတွေ၊ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာတဲ့အခါ လူမျက်နှာနဲ့ ကားလိုင်စင်နံပါတ်ပြားတွေကို ကွန်ပျူတာက မှတ်မိပြီး အာဏာပိုင်တွေကို ချက်ချင်း အသိပေးနိုင်တဲ့ နည်းပညာကို ဒေါ်လာ ၁.၂ သန်း အကုန်အကျခံပြီး တပ်ဆင်ခဲ့ကြောင်း၊ လုံခြုံရေး ကင်မရာတွေကို တပ်ဆင်ဖို့နဲ့ ထိန်းချုပ်ရေးစင်တာ တည်ဆောက်ဖို့ ပြည်တွင်းက Linn IT solution နဲ့ နောင်ရိုး ကုမဏီတွေကို တင်ဒါချပေးခဲ့ကြောင်းနဲ့ ဟွာဝေးကုမ္ပဏီက ဖန်တီးထားတဲ့ ဒီ facial recognition နည်းပညာကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာပါ တိုးချဲ့တပ်ဆင်သွားဖို့ စီစဉ်ထားကြောင်း HRW ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုအချိန်မှာ စစ်တပ်က အာဏာသိမ်းထားတဲ့အတွက် စစ်ခေါင်းဆောင်တွေဟာ အများပြည်သူ လုံခြုံရေးအတွက် တပ်ဆင်ထားတဲ့ အဆင့်မြင့်နည်းပညာတွေကို တလွဲသုံးပြီး၊ ဆန္ဒပြ ပြည်သူတွေ ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတာ မှတ်ထားဖို့နဲ့ ဆန္ဒပြပွဲဦးဆောင်သူတွေရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းထောက်လှမ်းပြီး သွားရောက်ဖမ်းဆီးဖို့အတွက် အသုံးချနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ HRW ရဲ့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ 

ဒါ့အပြင် အခုလို လူမျက်နှာတွေကို ကွန်ပျူတာက မှတ်မိနေစေမယ့် အဆင့်မြင့်နည်းပညာကို အများနဲ့ ဆိုင်တဲ့ နေရာတွေမှာ စတင် တင်ဆင်ပြီး အသုံးပြုခဲ့တာကို အများပြည်သူကို အသိပေး တိုင်ပင်ခဲ့ခြင်းမရှိသလို၊ ဒီနည်းပညာကို တလွဲသုံးပြီး ပြည်သူ တစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်ကို ချိုးဖောက်မှုတွေ ဖြစ်လာနိုင်တာကို ဘယ်လို ထိန်းသိမ်း အရေးယူမလဲ ဆိုတာလဲ တိတိကျကျ အစီအစဉ် ရေးဆွဲထားတာ မတွေ့ရဘူးလို့ HRW အဖွဲ့က ပြောပါတယ်။ ဟွာဝေး ကုမဏီဘက်ကတော့ နေပြည်တော်မှာ တပ်ဆင်ထားတဲ့ facial recognition နည်းပညာကို သူတို့ ဖန်တီးခဲ့တာ မဟုတ်ဘူးလို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese

မှုခင်းတိုက်ဖျက်ရေး နည်းပညာကို အာဏာသိမ်းစစ်ခေါင်းဆောင်တွေ တလွဲအသုံးချမှာ HRW စိုးရိမ် မှုခင်းတိုက်ဖျက်ရေး နည်းပညာကို အာဏာသိမ်းစစ်ခေါင်းဆောင်တွေ တလွဲအသုံးချမှာ HRW စိုးရိမ် Reviewed by THITHTOOLWIN on 08:19 Rating: 5

No comments:

Powered by Blogger.