မြန်မာစစ်တပ် စောင့်ကြည့်ကင်မရာစနစ်သုံးနေတာက လူ့အခွင့်အရေးကို ခြိမ်းခြောက်နေလို့ HRW ပြော

အာဏာသိမ်းမြန်မာစစ်တပ်ဟာ လူပုဂ္ဂိုလ်တွေရဲ့မျက်နှာနဲ့ ကားနံပါတ်ပြားတွေကို သိမှတ်တဲ့နည်းပညာပါတဲ့ စောင့်ကြည့်ကင်မရာစနစ်ကို အသုံးပြုနေနိုင်တာဟာ မြန်မာနိုင်ငံထဲက အခြေခံလူ့အခွင့်အရေးတွေအတွက် ခြိမ်းခြောက်မှု ဖြစ်စေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ဒီနေ့ မတ်လ ၁၂ ရက်မှာ ပြောလာပါတယ်။

မြန်မာနိုင်ငံမှာ Safe City ရှေ့ပြေးစီမံကိန်းကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်မှာ စောင့်ကြည့် ကင်မရာ ၃၃၅ လုံးနဲ့ နေပြည်တော်က မြို့နယ် ၈ ခုမှာ စတင်ခဲ့ပါတယ်။ ဒီကင်မရာတွေဟာ ဟွာဝေးကနေ လာတာခဲ့တာဖြစ်ပြီး အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ လူ့မျက်နှာတွေ၊ ကားနံပါတ်ပြားတွေကို အလိုအလျောက် ဖတ်မှတ်တဲ့ ဉာဏ်ရည်တု နည်းပညာပါပြီး သက်ဆိုင်ရာကအလိုရှိနေသူ တစ်ယောက်ယောက်ကို တွေ့တဲ့အခါ အာဏာပိုင်တွေကို အချက်ပေးတဲ့စနစ်ပါဝင်ပါတယ်။

အရပ်သားအစိုးရလက်ထက်မှာ အလားတူ စီမံကိန်းတွေကို မန္တလေးမှာ ၂၀၂၁ ခုနှစ် နှစ်လယ်မှာ တပ်ဆင်သွားဖို့ ရည်မှန်းထားခဲ့တာဖြစ်ပြီး အဲဒီနောက် ရန်ကုန်မှာပါ တပ်ဆင်ဖို့ ရှိခဲ့တယ်လို့ HRW ဘက်က ဆိုပါတယ်။ ဒီလိုစောင့်ကြည့်စနစ်ဟာ မြန်မာစစ်တပ်အရာရှိတွေအတွက် ဆန္ဒပြပွဲတွေအပေါ် အင်အားသုံးဖြိုခွင်းလာစေဖို့ အထောက်အကူ ဖြစ်နေစေတယ်ဆိုပြီး အာရှသုတေသီ မန်နီမောင်က သုံးသပ်တယ်လို့ HRW ဘက်က ပြောပါတယ်။

လမ်းပေါ်လူတွေ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာ ခွဲခြားသိရှိနိုင်တာ၊ သူတို့ ဘာလုပ်တယ်၊ ဘယ်သူနဲ့ဆက်သွယ်တယ်ဆိုတာကို ခြေရာကောက်နိုင်တာနဲ့ ပုဂ္ဂလိက လွတ်လပ်မှုတွေအထိ စွက်ဖက်နိုင်တာတွေဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့တက်ကြွလှုပ်ရှားသူတွေအတွက် အတော်လေးကို အန္တရာယ်ဖြစ်စေတယ်လို့ သုတေသီက သုံးသပ်တယ်လို့လည်း ဆိုပါတယ်။

ဟွာဝေးဘက်က ကင်မရာတွေကို ထောက်ပံ့ခဲ့တယ်ဆိုတဲ့သဘောမျိုး ပြောခဲ့ပေမဲ့ ဒီကင်မရာတွေကို ထိန်းချုပ်မယ့် စင်တာကို နေပြည်တော်အခြေစိုက် လင်း IT Solutions က ဆောက်လုပ်ခွင့်လိုင်စင်ရခဲ့ပြီး ချိတ်ဆက်တပ်ဆင်မှုအပိုင်းကို Nang Yoe က လုပ်ခဲ့တယ်လို့ HRW က ပြောပါတယ်။

နေပြည်တော်နဲ့ မန္တလေး စီမံကိန်းနှစ်ခုစလုံးမှာ လူ့မျက်နှာပုံတွေ၊ ကားနံပါတ်အချက်အလက်တွေနဲ့ တခြား ပုဂ္ဂိုလ်ရေး အချက် အလက်တွေကို ဘယ်လို စုဆောင်း၊ သိုလှောင်၊ အသုံးပြုမယ်ဆိုတာမျိုး ပွင့်လင်းမြင်သာမှုနည်းခဲ့သလို သက်ဆိုင်ရာ အာဏာပိုင်တွေက ဒီအချက်အလက်တွေကို ခြွင်းချက်မရှိ ရယူသိရှိပိုင်ခွင့်ရှိလားဆိုတာမျိုးလည်း ရှင်းရှင်းလင်းလင်းမရှိခဲ့ဘူးလို့ HRW က ပြောပါတယ်။ ဒါကြောင့် အရပ်သားအစိုးရ ဖြုတ်ချခံရပြီး စစ်တပ်တက်လာတဲ့အခါ ဒါတွေဟာ လူ့အခွင့်အရေးတွေအတွက် စိုးရိမ်စရာ ဖြစ်လာနေတယ်လို့ ဆိုပါတယ်။

ရန်ကုန်မှာလည်း ဆန္ဒပြပွဲတွေကို CCTV Control center ကနေ အာဏာသိမ်းစစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့အာဏာပိုင်တွေက စောင့်ကြည့်ပြီး ပစ်ခတ်ဖြိုခွင်းနှိမ်နင်းမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

မြန်မာစစ်တပ် စောင့်ကြည့်ကင်မရာစနစ်သုံးနေတာက လူ့အခွင့်အရေးကို ခြိမ်းခြောက်နေလို့ HRW ပြော မြန်မာစစ်တပ် စောင့်ကြည့်ကင်မရာစနစ်သုံးနေတာက လူ့အခွင့်အရေးကို ခြိမ်းခြောက်နေလို့ HRW ပြော Reviewed by THITHTOOLWIN on 19:55 Rating: 5

No comments:

Powered by Blogger.