ခိုလှုံလာတဲ့ မြန်မာတွေကိုလက်ခံဖို့ ထိုင်းအစိုးရကို HRW တိုက်တွန်း

မတ်လ ၇ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ United Nations ESCAP ရုံးရှေ့ ဆန္ဒပြ

မြန်မာနိုင်ငံကနေ ခိုလှုံခွင့်ရဖို့ ကြိုးပမ်းသူတွေကို ထိုင်းနိုင်ငံက ပြန်မောင်းမထုတ်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ HRW က တိုက်တွန်းလိုက်ပါတယ်။ ခိုလှုံခွင့်ပေးသင့်တဲ့လူတွေ ဟုတ်မဟုတ် ဆိုတာကို ဆုံးဖြတ်နိုင်အောင် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ကို အပြည့်အဝ လုပ်ကိုင်ခွင့်ပြုဖို့လည်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ဒေသမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက မြန်မာနိုင်ငံ တာချီလိတ် နယ်စပ်ကို ဖြတ်ကျော်လာတဲ့ သံဃာ ၂ ပါး၊ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၂ ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား ၈ ဦးကို ဒေသခံထိုင်းစစ်တပ်က စစ်ဆေးတွေ့ရှိခဲ့ပြီး ပြန်မောင်းထုတ်ခဲ့ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို အကြမ်းဖက်ဖြိုခွဲခံနေရတာကြောင့် ထွက်ပြေးလာရသူတွေ ဟုတ်၊ မဟုတ်ဆိုတာကို ထိုင်းအာဏာပိုင်တွေ စစ်ဆေးတာမရှိပဲ ပြန်လွှတ်ခဲ့တာလို့လည်း ဒေသခံသတင်းတွေကို ကိုးကားဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကို မောင်းမထုတ်ဖို့လည်း HRW အဖွဲ့ရဲ့ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေချသူတွေ အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ Bill Frelick က ထိုင်းအာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေ သတိပေးနေချိန်မှာပဲ နယ်စပ်ဒေသအခြေအနေကို ထိုင်းအာဏာပိုင်တွေ ကိုယ်တိုင်လာရောက် အကဲခတ်နေတာတွေ ရှိတယ်လို့လည်း ဒေသခံထိုင်းသတင်းထောက်တယောက်က ဗွီအိုအေကို ပြောပါတယ်။

“အမိန့်ကတော့ ထွက်မလာသေးဘူး။ ဒါပေမဲ့ အစီအစဉ်လုပ်ထားတာပေါ့။ တိုက်ပွဲတွေဖြစ်လာရင် လူတွေထွက်ပြေးလာနိုင်တယ်။ ပြသနာဖြစ်တာမျိုး၈၈တုန်းကလို့ထွက်ပြေးလာတာ မျိုးဖြစ်လာမလား သူတို့မသိဘူးပေါ့။လူတွေလာမှာကို တွက်ထားပြီး ဘယ်လိုပြင်ဆင်လို့ရမလဲ တွက်ထားတာပေါ့။”

ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Narongpan Jittkaewtae ဟာဆိုရင်လည်း တနင်္လာနေ့ကပဲ နယ်စပ်ဒေသကို ရဟတ်ယာဉ်နဲ့ ရောက်ရှိလာပြီး အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သလို၊ မြန်မာနိုင်ငံကနေ တိမ်းရှောင်လာကြသူတွေ ရောက်ရှိလာနိုင်တဲ့ အခြေအနေကို ဆွေးနွေးခဲ့တယ်လို့လည်း ဒေသခံသတင်းတွေမှာ ဖော်ပြကြပါတယ်။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/from-myanmar-thai-flee-hrw-/5809483.html

ခိုလှုံလာတဲ့ မြန်မာတွေကိုလက်ခံဖို့ ထိုင်းအစိုးရကို HRW တိုက်တွန်း ခိုလှုံလာတဲ့ မြန်မာတွေကိုလက်ခံဖို့ ထိုင်းအစိုးရကို HRW တိုက်တွန်း Reviewed by THITHTOOLWIN on 07:25 Rating: 5

No comments:

Powered by Blogger.