စစ်အာဏာသိမ်းမှု တာဝန်ရှိသူတွေအပေါ် ဒဏ်ခတ်မှု EU နောက်အပတ်အတည်ပြုမည်

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Jean-Yves Le Drian

မြန်မာ့ စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေရဲ့ စီးပွားရေး အကျိုးစီးပွားတွေကို ပစ်မှတ်ထား ဒဏ်ခတ်မှုကို ဥရောပ သမဂ္ဂ EU က နောက်သီတင်းပတ် အတွင်း အတည်ပြုမယ့် အကြောင်း ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးက အင်္ဂါနေ့မှာ ပြောပါတယ်။

EU ရုံးစိုက်ရာ ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့တော်မှာ ဒီအရေး ဆွေးနွေးပြီးဆုံးခဲ့ပြီး လာမယ့် တနလာင်္နေ့မှာ အတည်ပြုမယ်လို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Jean-Yves Le Drian က အထက်လွှတ်တော် ကြားနာပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

" မြန်မာ လက်နက်ကိုင်တပ်တွေကို ဘဏ္ဍာရေး ပံ့ပိုးနေတဲ့ ဒါမှမဟုတ်လည်း ဘဏ္ဍာငွေ ရစေတဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထား အရေးယူ ဆောင်ရွက်မယ့် အကြောင်း Reuters က ရရှိထားတဲ့ သံတမန်ရေးနဲ့ ဌာနဆိုင်ရာ မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။ ဥရောပ သမဂ္ဂ EU က ၂၀၁၈ ခုနှစ် ကတည်းက မြန်မာ စစ်တပ် အကြီးတန်း အရာရှိ တချို့ကို ဒဏ်ခတ် ပိတ်ဆို့ထားပြီး လက်နက်တင်ပို့မှုကိုလည်း တားမြစ်ထားတာပါ။ အခု ဒဏ်ခတ်ပိတ်ဆို့မှုကတော့ စစ်အာဏာသိမ်းပြီး နောက်ပိုင်း EU ရဲ့ အရေးပါတဲ့ အရေးယူ ဆောင်ရွက်မှု ဖြစ်လာမယ့် အနေအထားပါ။ စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေကို တိုက်ရိုက် ပြစ်ဒဏ်ခတ် အရေးယူမှာ ဖြစ်သလို ဘဏ္ဍာငွေကြေး ထောက်ပံ့မှုအားလုံးကိုလည်းရပ်ဆိုင်းမှာ ဖြစ်ပါတယ်။ လူပုဂ္ဂိုလ် တဦးချင်းကို ဒဏ်ခတ်မှာ ဖြစ်သလို သူတို့ပိုင် အကျိုးစီးပွားတွေကိုလည်း ဒဏ်ခတ်မှာ ဖြစ်ကြောင်း" ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Le Drian က ပြောဆိုခဲ့ပါတယ်။ မြန်မာ့ စစ်အာဏာသိမ်းမှု အပေါ် ဗြိတိန်ကတော့ အရေးယူ ဒဏ်ခတ်ထားပြီး ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့လ စစ်အာဏာသိမ်းပြီးနောက် မြန်မာ စစ်ဗိုလ်ချုပ်တွေကို ဗြိတိန်က ပြစ်ဒဏ်ခတ်ခဲ့ပြီး ဖြစ်ပြီး ဥရောပနိုင်ငံတွေထဲမှာ ပထမဆုံး ဖြစ်ကြောင်း”ဗြိတိန် ဝန်ကြီးချုပ် Boris Johnson က အင်္ဂါနေ့မှာ လွှတ်တော်ကို ပြောဆိုခဲ့တာပါ။

ဥရောပ သမဂ္ဂ EU က မြန်မာ အစိုးရ ပြုပြင်ပြောင်းလဲရေး တိုက်ရိုက် ငွေကြေး ထောက်ပံ့မှုကို ရပ်ဆိုင်းထားပြီး ဖြစ်ပါတယ်။ အခု ပြစ်ဒဏ်ခတ်မှုမှာတော့ လူထုကို အထိမနာစေဘဲ စစ်အာဏာသိမ်းသူတွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မယ်လို့ ပြောဆိုထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-eu-sanction-/5817087.html

စစ်အာဏာသိမ်းမှု တာဝန်ရှိသူတွေအပေါ် ဒဏ်ခတ်မှု EU နောက်အပတ်အတည်ပြုမည် စစ်အာဏာသိမ်းမှု တာဝန်ရှိသူတွေအပေါ် ဒဏ်ခတ်မှု EU နောက်အပတ်အတည်ပြုမည် Reviewed by THITHTOOLWIN on 04:55 Rating: 5

No comments:

Powered by Blogger.