စစ်အာဏာရှင်တိုက်ဖျက်ရင်း ပြည်တွင်းစစ်ပြဿနာဖြေရှင်းမယ်လို့ CRPH ဆို

မတ်လ ၉ ရက်နေ့မှာ ဆန္ဒပြသူတွေကို မီးခိုးဗုံးအသုံးပြုနှိမ်နင်းနေစဥ်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က သမ္မတနဲ့ ဝန်ကြီးတွေ အပါအဝင် အစိုးရအဖွဲ့သစ်ကို အင်္ဂါရပ် အစုံအလင်နဲ့ ဖွဲ့စည်းတော့မယ်လို့ ဆိုပါတယ်။ ပြည်သူက လုပ်ပိုင်ခွင့်ပေးထားတဲ့ ၂၀၂၀ နိုဝင်ဘာလ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေက ဦးဆောင်ဖွဲ့စည်းသွားမယ်လို့ ဆိုပါတယ်။

မတ်လ ၉ ရက်နေ့ကတော့ ခေတ္တဒုတိယသမ္မတအဖြစ် မန်းဝင်းခိုင်သန်းကို ခန့်ထားခဲ့ပါတယ်။ အခုအချိန်မှာ တည်ဆဲအစိုးရခေါင်းဆောင်တွေဟာ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်လို့ဆိုပါတယ်။

ခေတ္တဒုတိယ သမ္မတအဖြစ် မန်းဝင်းခိုင်သန်းကို ခန့်ထားတာဟာ အရေးပေါ်လိုအပ်ချက်အရ ယာယီခန့်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတဦးဝင်းမြင့်ဟာ အဖမ်းဆီးခံနေရပြီး တချို့နေရာတွေမှာ သမ္မတကိုယ်တိုင်က လက်မှတ်ထိုးဆောင်ရွက်မှ ပြီးမြောက်မဲ့ ကိစ္စတွေလည်း ရှိနေတဲ့ အတွက် အစိုးရသစ်ကို ဆက်လက်ဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားတွေ ပါဝင်မဲ့ အစိုးရသစ်ကို အမျိုးသားညီညွတ်ရေးအစိုးရလို့ ခေါ်ဆိုထားပြီး တိုင်းရင်းသားတွေရဲ့ ပူးပေါင်းပါဝင်မှုဟာ သိပ်အရေးကြီးပါတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးရည်မွန်က ဘီဘီစီကို ပြောပါတယ်။

စစ်အာဏာရှင်ကိုတိုက်ဖျက်ရင်း နှစ်ပေါင်း ၇၀ ကြာပြည်တွင်းစစ်ပြဿနာကိုပါဖြေရှင်းဖို့ တာ၀န်ရှိတယ်လို့ ဦးရည်မွန်ကဆို

"တိုင်းရင်းသားတွေရဲ့ပါဝင်မှုဟာ သိပ်အရေးကြီးပါတယ်။ ကျွန်တော်တို့ အဲဒါကို အမြဲတန်း အဓိကထား စဥ်းစားပါတယ်။ ပြောမယ်ဆိုရင် CRPH က လက်ရှိအချိန်မှာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးကို လုပ်နေတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော်ရှိနေတဲ့ (ပြည်တွင်းစစ်) ပြဿနာတွေကိုပါ တပါတည်းဖြေရှင်းဖို့ တာဝန်ရှိတယ်လို့ ခံယူထားပါတယ်။ ဒီအရေးတော်ပုံကြီး အောင်မြင်ဖို့ဟာ ဘယ်အပေါ်မှာ မူတည်မလဲဆိုရင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ယုံကြည်တဲ့သူတွေ အကုန်လုံး ညီညီညွတ်ညွတ် ဆောင်ရွက်နိုင်မှုအပေါ်မှာ မူတည်တယ်လို့ ယုံကြည်ထားတဲ့အတွက် တိုင်းရင်းသားတွေရဲ့ ပါဝင်ပူးပေါင်းမှုကို အလေးအနက်ထားပါတယ်။"

သပိတ်ကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ရှိ

တချိန်တည်းမှာပဲ CDM နဲ့ လူထုလှုပ်ရှားမှုဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ဆက်သွယ်ဆောင်ရွက် လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။ GSC အထွေထွေ သပိတ်ကော်မတီ၊ GSCN လူမျိုးပေါင်းစုံအထွေထွေ သပိတ်ကော်မတီ၊ GSCC အထွေထွေသပိတ် ပူးပေါင်းဆောင်ရွက်ရေးကော်မတီတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမဲ့ အလားအလာကိုလည်း ဦးရည်မွန်က အခုလို ပြောဆိုပါတယ်။

"CDM နဲ့ Strike ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေနဲ့ ကျွန်တော်တို့ ဆက်တိုက် တွေ့ဆုံဆွေးနွေးနေပါတယ်။ အထူးသဖြင့် CRPH ရဲ့ သဘောထားတွေ၊ အစီအစဥ်တွေကို သတင်းဖလှယ် ဆောင်ရွက်နေပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း CRPH က နိုင်ငံရေးရည်မှန်းချက် ၄ ရပ် ထုတ်ပြန်ခဲ့တာ ရှိပါတယ်။

ရန်ကုန်၊ မတ်လ ၁၀ ရက် မြင်ကွင်း

အဲဒီအထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်အောင် ဆောင်ရွက်မယ်ဆိုပြီးတော့ တရားဝင်ပြည်သူကို အသိပေးခဲ့တာရှိပါတယ်။ ဒီနိုင်ငံရေးရည်မှန်းချက်ကို CRPH က ဖော်ပြပြီးနောက်ပိုင်းမှာတော့ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ အားလုံးအကြားမှာ နိုင်ငံရေးရည်မှန်းချက်နဲ့ ပတ်သက်ပြီး ကွဲလွဲတာ မရှိတော့ဘူးလို့ ကျွန်တော်နားလည်ထားပါတယ်။ နိုင်ငံရေးရည်မှန်းချက်ဆိုတာ vision ပေါ့။ vision တူရင် mission လည်း တူအောင် ဆက်ပြီးညှိနှိုင်းဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။"

အစိုးရသစ်ကို ၂၀၀၈ အခြေခံဥပဒေနဲ့ ဖွဲ့စည်းမှာမဟုတ်

CRPH အနေနဲ့ အစိုးရသစ်ကို ဖွဲ့စည်းမယ်ဆိုပေမဲ့ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းမယ်လို့လည်း တခြားတဖက်မှာ ကြေညာထားတာ ရှိပါတယ်။ ဒါ့ကြောင့် အသစ်ဖွဲ့စည်းမဲ့ အစိုးရအဖွဲ့ဟာ ၂၀၀၈ အခြေခံဥပဒေအရ ဖွဲ့စည်းမဲ့ အစိုးရ မဖြစ်နိုင်တော့ပါဘူး။ ဒီတော့ အရေးပေါ်လိုအပ်ချက်အရ အခြေခံဥပဒေမရှိဘဲ အစိုးရသစ်ကို ဖွဲ့စည်းမှာလား။ ဒါမှ မဟုတ် ၂၀၀၈ အခြေခံဥပဒေအစား တခြားအခြေခံဥပဒေတရပ်ရပ်ကို အစားထိုး အသုံးပြုပြီး အစိုးရသစ်ဖွဲ့စည်းမှာလားဆိုတဲ့ မေးခွန်းပေါ်ပေါက်လာပါတယ်။

တိုင်းရင်းသားများနဲ့ ဆွေးနွေးညှိနှိုင်းရာမှာ ၁၉၄၇ ခုနှစ်အခြေခံဥပဒေကို ပြင်ဆင်မွမ်းမံပြီး ယာယီအသုံးပြုဖို့ အကြံပေးကြသူတွေရှိသလို တိုင်းရင်းသားလွတ်မြောက်ဒေသမှာ ရေးဆွဲခဲ့ဖူးတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို မွမ်းမံပြီး ယာယီအသုံးပြုဖို့ အကြံပေးကြသူတွေလည်းရှိတယ်လို့ ဦးရည်မွန်က ဘီဘီစီကို ပြောပါတယ်။ CRPH အနေနဲ့ အခုလောလောဆယ်မှာတော့ အဲဒီအခြေခံဥပဒေတွေကို လေ့လာနေတယ်လို့ ဆိုပါတယ်။

လမ်းပိတ်ထားတဲ့ အတားအဆီးတွေကို စစ်သားကမီးရှို့ပြီးထွက်ခွာသွားစဥ်

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ အကောင်အထည်ဖော်မယ်

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေလုပ်နေပေမဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဆင့်ဆိုတဲ့ အောက်ခြေအခြေခံအုပ်ချုပ်ရေးကို အကောင်အထည်ဖော်နိုင်တဲ့ အခြေအနေမရှိသေးဘူးလို့လည်း ဦးရည်မွန်က ဆိုပါတယ်။

ပြည်သူတွေ အကာအကွယ်ပေးနိုင်ဖို့အတွက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ မြို့နယ်တိုင်းမှာ ဖွဲ့စည်းနိုင်အောင် ကြိုးစားနေတယ်။ အာဏာလေဟာနယ်ကို ဖြည့်တင်းပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-56352541

စစ်အာဏာရှင်တိုက်ဖျက်ရင်း ပြည်တွင်းစစ်ပြဿနာဖြေရှင်းမယ်လို့ CRPH ဆို  စစ်အာဏာရှင်တိုက်ဖျက်ရင်း ပြည်တွင်းစစ်ပြဿနာဖြေရှင်းမယ်လို့ CRPH ဆို Reviewed by THITHTOOLWIN on 07:35 Rating: 5

No comments:

Powered by Blogger.