အမေရိကန်ရောက် ချင်းတိုင်းရင်းသားတွေနဲ့ CRPH ကုလကိုယ်စားလှယ် ဒေါက်တာဆာဆာ မြန်မာ့အရေးဆွေးနွေး

ဒေါက်တာဆာဆာ နှင့် အမေရိကန်ပြည်ထောင်စုရောက် ချင်းတိုင်းရင်းသား ခေါင်ဆောင်များ အွန်လိုင်းမှာ စည်းဝေးပွဲကျင်းပ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ အကြပ်အတည်းကို ကျော်လွှားလွန်မြောက်နိုင်ဖို့ ဘာတွေ ကူညီလုပ်ဆောင်သင့်သလဲ ဆိုတာကို CRPH ရဲ့ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာ ဆာဆာနဲ့ အမေရိကန်ပြည်ထောင်စုရောက် ချင်းတိုင်းရင်းသား လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေ မတ်လ(၆)ရက်နေ့က အွန်လိုင်းကတဆင့် ဆွေးနွေးခဲ့ကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

နေ့စဉ်နဲ့အမျှ လမ်းမပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ရဲ တပ်ဖွဲ့ဝင်တွေက ပစ်ခတ်နှိမ်နင်းဖြိုခွဲမှု ဆက်လုပ်နေတာကြောင့် ဒီအကြပ်အတည်း အမြန် အဆုံးသတ်စေရေးနဲ့ အနာဂတ်မှာ ငြိမ်းချမ်းတဲ့ ဖယ်ဒရယ်ပြည်ထောင်စုတရပ် ပေါ်ပေါက်လာစေရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာ ဆာဆာနဲ့ အမေရိကန်ရောက် ချင်းတိုင်းရင်းသား ခေါင်းဆောင်တွေကြား စနေနေ့မနက် ၉ နာရီဝန်းကျင်မှာ အွန်လိုင်းကတဆင့် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအကြပ်အတည်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAOs တွေ ၊ CRPH နဲ့ နိုင်ငံရေးပါတီတွေကြား ဟန်ချက်ညီညီ ဘယ်လို ဆောင်ရွက်သင့်တယ် ဆိုတာကို ဝိုင်းဝန်း ဆွေးနွေး ခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူတဦးဖြစ်တဲ့ အင်ဒီယားနားပြည်နယ် မြန်မာ-အမေရိကန် လူမှုကူညီရေးအသင်း BACI ရဲ့ အမှုဆောင် ဒါရိုက်တာ ကိုအီလိုင်းဇာဘာနီးက ပြောပါတယ်။

" စစ်အာဏာ သိမ်းထားတဲ့အချိန်မှာ CRPH နဲ့ EAOs ပေါ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရယ် ၊ နိုင်ငံရေးပါတီတွေရယ် ၊ အရပ်ဖွဲ့ လူမှုအဖွဲ့အစည်းတွေရယ် ဒီဟာတွေ အားလုံးက စည်းလုံးညီညွတ်စွာနဲ့ နိုင်ငံရေး ရည်မှန်းချက်ရောက်အောင် ဘယ်ကိစ္စတွေမှာ ကျနော်တို့ ပူးတွဲလုပ်ဆောင်ကြမလဲ ဆိုတာတွေကို ကျနော်တို့ ဆွေးနွေးကြပါတယ်။ ဒီ အချိန်ဟာ အရေးကြီးတဲ့ အချိန်လည်းဖြစ်တယ် ဆိုတော့ မြန်မာပြည်သူလူထု အားလုံး အပါအဝင် ကျနော်တို့ ဒီအပြင်မှာ ရောက်နေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက နေပြီးတော့မှ ဒီ Key Stakeholders အဓိကကျတဲ့ ဦးဆောင်သူတွေကြားမှာ ဘာလုပ် နိုင်မလဲ ဘာလုပ်သင့်သလဲ ဆိုတဲ့ဟာတွေကို ကျနော်တို့ ဆွေးနွေးကြတာဖြစ်တယ်။ "

မြန်မာပြည်သူတွေ နေ့စဉ်ရင်ဆိုင်နေရတဲ့ အကြမ်းဖက် သတ်ဖြတ် ခံနေရတဲ့ကိစ္စ ကျော်လွှားနိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဘာတွေလုပ်ဆောင်နေသလဲ ဆိုတာကို ဒေါက်တာ ဆာဆာက ရှင်းပြတဲ့အကြောင်း အွန်လိုင်းဆွေးနွေးပွဲ တက်ရောက်ခဲ့သူ မေရီလန်းပြည်နယ် ချင်းတိုင်းရင်းသားများအဖွဲ့ ခေါင်းဆောင် ဦးဇိုသုန်းမှုန်က ပြောပါတယ်။

" သူက လက်ရှိမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သူ တင်ပြတဲ့အချက်တွေကို ကျနော်တို့တွေကို ပြန်ရှင်းပြတယ်။ ဒီ လုံခြုံရေးကောင်စီ နည်းလမ်းတခုထဲ မဟုတ်ပဲနဲ့ အခြားနည်းလမ်းတွေနဲ့လည်း သူတို့ ကြိုးစားနေပါတယ် ဆိုတာကိုလည်း သူပြောပြပါတယ်။ အခုလို ကျနော်တို့ တွေ့ဆုံဆွေးနွေးကြတာက ပထမအကြိမ်ဆိုတော့ နောက်တခါ ထပ်တွေ့မယ်လို့ သူပြောပါတယ်။ ပြီးတော့ ကျနော်တို့ဘက်ကလည်း အတတ်နိုင်ဆုံး ကူညီပါ့မယ် ကျနော်တို့ အားပေးနေပါတယ်လို့ ပြောကြပါတယ်။ ကျနော်တို့ကလည်း ဒေါက်တာဆာဆာ အနေနဲ့ CRPH ကိုယ်စားလှယ်အနေနဲ့ အခုလို အလုပ်လုပ်တာကို အားပေးနေတယ် ဆုလည်း ဆုတောင်းပေးပါတယ်လို့ သူ့ကို ပြောပါတယ်။ "

အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်နေကြတဲ့ သောင်းဂဏန်းရှိတဲ့ ချင်းတိုင်းရင်းသားတွေ အနေနဲ့ မြန်မာနိုင်ငံအရေး ကြိုးပမ်းမှုတွေမှာ အားပေးကူညီချဖို့ ကိုယ်တိုင်ကလည်း ချင်းတိုင်းရင်းသားတဦးဖြစ်တဲ့ ဒေါက်တာဆာဆာက စနေနေ့ ဆွေးနွေးရာမှာ တိုက်တွန်းခဲ့ပါတယ်ခင်ဗျာ။


 ကိုဉာဏ်ဝင်းအောင်/ VOA Burmese

https://burmese.voanews.com/a/dr-sasa-meets-chin-leaders/5804450.htmla

အမေရိကန်ရောက် ချင်းတိုင်းရင်းသားတွေနဲ့ CRPH ကုလကိုယ်စားလှယ် ဒေါက်တာဆာဆာ မြန်မာ့အရေးဆွေးနွေး အမေရိကန်ရောက် ချင်းတိုင်းရင်းသားတွေနဲ့ CRPH ကုလကိုယ်စားလှယ် ဒေါက်တာဆာဆာ မြန်မာ့အရေးဆွေးနွေး Reviewed by THITHTOOLWIN on 06:54 Rating: 5

No comments:

Powered by Blogger.