၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေးဟာနိုင်ငံရေးရည်ရွယ်ချက်တခုဖြစ်ကြောင်း CRPH ထုတ်ပြန်


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်အခြေခံတဲ့ ဖွဲ့စည်းပုံပေါ်လာရေးဟာ အဓိကနိုင်ငံရေး ရည်မှန်းချက် ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးမှာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ တရပ်အတွက် တိုင်းရင်းသားတွေနဲ့ ဘယ်လိုညှိနှိုင်းယူမလဲဆိုတဲ့ ဝေဖန်မှုတွေထွက်ပေါ်လာပြီးနောက်ပိုင်း ဖွဲ့စည်းပုံဖျက်သိမ်းရေးနဲ့ ဖက်ဒရယ် ရည်မှန်းချက်တွေပါဝင်တဲ့ ကြေညာချက်တစောင်ကို CRPH ရဲ့ သမ္မတရုံးပြောခွင့်ရ ခေတ္တပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် CRPH က မတ်လ ၅ ရက် ညနေပိုင်းမှာ ထုတ်ပြန်လိုက်တာပါ။

CRPH သဘောထားတခုတည်းမဟုတ်ဘဲ NLD ပါတီဗဟိုကော်မတီဝင်တွေရဲ့ ဘုံသဘောတူညီချက်နဲ့ ထုတ်ပြန်လိုက်တာဖြစ်ကြောင်း CRPH ရဲ့ သမ္မတရုံးပြောခွင့်ရ ခေတ္တပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြောပါတယ်။ တိုင်းရင်းသားတွေ၊ လူမျိုးစုတွေနဲ့ ပိုပြီးနီးကပ်သွားနိုင်ပြီး နိုင်ငံရေးရည်မှန်းချက်လည်း ရှင်းရှင်းလင်းလင်းဖြစ်သွားကြောင်း သူက ဗွီအိုအေကို ပြောပါတယ်။

“ စစ်တပ်က နိုင်ငံရေးမှာ ဝင်ပြီးပါချင်နေတဲ့ ပြဿနာဟာ မြန်မာ့နိုင်ငံရေးရဲ့ အဓိက ပြဿနာပဲ။ ဒီအချိန်မှာ ကျနော်တို့က အမြစ်ဖြတ်ဖို့လိုတယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ အနေအထားကလည်း တကယ်ကို ဖက်ဒရယ်စနစ်ကို အခြေခံပြီး သွားမှာသာလျှင် လက်တွေ့ကျတဲ့ တန်းတူအခွင့်အရေးဆီကို သွားနိုင်မယ်။ အခုလို ဆုံးဖြတ်လိုက်တာလည်း ကျနော်တို့ကိုယ်တိုင်လည်း အရင်ကတည်းက ဖက်ဒရယ်နိုင်ငံတခု တည်ဆောက်ဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက် ရှိထားပြီးသားပါ။ သို့သော် ဖြတ်သန်းနေရတဲ့ နိုင်ငံရေး အခြေအနေတွေပေါ်မှာ ကြည့်ပြီးတော့ ကျနော်တို့ သွားခဲ့ရတဲ့ဟာ ရှိခဲ့တာပေါ့နော်။ အာဏာလုထားတဲ့ ပြဿနာကို အတူတူ ပြည်သူတွေနဲ့ ဒီထက်အရှိန်မြှင့်ပြီး တုံ့ပြန်မယ်၊ မကြာခင်ကာလအတွင်းမှာ ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ် တည်ဆောက်ရေး လမ်းကြောင်းကို ကျနော်တို့ရောက်အောင် သွားဖို့အတွက် ညီညွတ်တဲ့ အင်အားတွေ ရှိနေပြီလို့ ကျနော်တို့ ပြောချင်ပါတယ်။”

ဒီထုတ်ပြန်ချက်မထုတ်ခင်မှာ တိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံနဲ့ ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုတွေလည်း အရှိန်ကောင်းနေပြီလို့ ဦးလွင်ကိုလတ်က ပြောပါတယ်။

ဖယ်ဒရယ် ဒီမိုကရေစီတည်ထောင်မယ်ဆိုတဲ့ အချက်ကို CRPH ဘက်က တိတိကျကျ ပြောဆိုလာတဲ့အတွက် နိုင်ငံရေးအင်အားစုတွေနဲ့ လူထုလှုပ်ရှားမှုတွေဟာ ဟန်ချက်ညီညီနဲ့ ပိုပြီး အားကောင်း လာလိမ့်မယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဗွီအိုအေကို ပြောပါတယ်။

“ ကျနော်တို့လည်း အဲဒါကို မျှော်လင့်နေတာပါ။ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးဆိုတာကို CRPH က သေသေချာချာ တောင်းဆိုလိုက်ပြီဆိုရင်CRPH နဲ့ ကျနော်တို့ ( အထွေထွေသပိတ်ကော်မတီ) GSC ကြား၊ CRPH နဲ့ တိုင်းရင်းသား အင်အားစုတွေအကြား ဟန်ချက်ပိုပြီး ညီသွားလိမ့်မယ်၊ လက်တွဲပြီး အလုပ်လုပ်ဖို့အတွက် ပိုပြီးချောမွေ့သွားလိမ့်မယ်၊ ပိုပြီးအဆင်ပြေသွားလိမ့်မယ် "

စစ်အုပ်ချုပ်ရေးကောင်စီ အာဏာရယူပြီး မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ရပ်ကြေညာထားပေမဲ့ ဒီရက်ပိုင်းမှာ နှစ်ဘက် ပစ်ခတ်မှုတွေ အရှိန်မြှင့်လာပါတယ်။ ဒီအခြေအနေအပေါ်မှာ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာအောင်သိန်းမြင့်က အခုလိုပြောပါတယ်။

“ တဖက်သတ်အပစ်ရပ် ၁လ ကြေညာထားတဲ့ အဖွဲ့ ၃ ဖွဲ့ဆိုတာသည် ယေဘုယပြောမယ်ဆိုရင်တော့ တပ်နဲ့နည်းနည်း ညှိထားတယ်လို့ ယူဆလို့ရတဲ့ အဖွဲ့မျိုးပေါ့နော်။ တရုတ်လက်အောက်ခံအဖွဲ့မျိုး ယူဆလို့ ရတဲ့အဖွဲ့မျိုးတောင်မှ ဒီနေ့လားရှိုးမှာစပြီး လှုပ်ရှားမှု ရှိတယ်ဆိုတော့ CRPH ရဲ့ လှုပ်ရှားမှုက တော်တော်လေး အရှိန်ရလာမယ်လို့ ကျနော်တော့ ယူဆတယ် တိုင်းရင်းသားတွေ လိုလားတဲ့ဟာကို ပါလာတာဆိုတော့လေ။”

ဒီကြေညာချက်ဟာ တိုင်းရင်းသားတွေနဲ့ လက်တွဲတာမှာ ပိုပြီးနီးကပ်သွားနိုင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းလိုက်ပြီဆိုတဲ့ သဘောထားကိုလည်း ပိုပြီးမျှော်လင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ စိုင်းညွန့်လွင်က ဗွီအိုအေကို ပြောပါတယ်။

“ ဖျက်သိမ်းဖို့ ဆန္ဒရှိတယ်ဆိုတဲ့ သဘောပဲ၊ လူတွေတော်တော်များများ ကျနော်သိသလောက်၊ ရှင်းရှင်းလင်းလင်း ဖျက်သိမ်းလိုက်ပြီဆိုတာ ကြေညာဖို့ လိုတယ်။ ဒါပေမဲ့ သူတို့အထဲမှာလည်း နည်းနည်းပြဿနာရှိပုံ ရတယ်လေနော့၊ အခက်အခဲ တချို့ရှိပုံရတယ်။ ဒါပေမဲ့ အဲလောက်လည်း သိပ်တော့မဆိုးပါဘူး တဖြည်းဖြည်းနဲ့တော့ တိုးချဲ့သွားရမှာပေါ့နော်။ ဒါအရင်လုပ်ကြည့်ပေါ့။”

အာဏာဖီဆန်ရေး သပိတ်လှုပ်ရှာမှုတွေကြောင့် မြန်မာပြည်တွင်းမှာ သေဆုံးသူ ၅၀ ကျော်နဲ့ ဖမ်းဆီးခံရသူ ထောင်ချီရှိနေတာပါ။

မြန်မာပြည်တွင်းက ဆန္ဒပြသူတွေကို စစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းတာတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် ကုန်ပစ္စည်းနဲ့ နည်းပညာကို မရယူနိုင်အောင် ထပ်တိုးကန့်သတ်ချက်တွေကို အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကြာသပတေးနေ့က ကြေညာထားပါတယ်။ ပြီးတော့ မြန်မာပြည်ထဲ ဒီမိုကရေစီ ပြန်အသက်ဝင်ဖို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုထားပါတယ်။


ဇော်ထက်/ VOA Burmese

https://burmese.voanews.com/a/crph-statment-on-political-objective-/5804083.html

၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေးဟာနိုင်ငံရေးရည်ရွယ်ချက်တခုဖြစ်ကြောင်း CRPH ထုတ်ပြန် ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေးဟာနိုင်ငံရေးရည်ရွယ်ချက်တခုဖြစ်ကြောင်း CRPH ထုတ်ပြန် Reviewed by THITHTOOLWIN on 19:59 Rating: 5

No comments:

Powered by Blogger.