ပြည်သူတစ်ရပ်လုံးအတွက် လူသားချင်းစာနာမှု အကူအညီတွေ ရအောင်လုပ်မယ်လို့ CRPH ပြော

ပြည်သူတစ်ရပ်လုံးအတွက် လူသားချင်းစာနာမှု အကူအညီတွေ ရအောင်လုပ်မယ်လို့ CRPH ပြော ကရင်ပြည်နယ် ဖာပွန်ခရိုင် ဒေပူးနိုကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဖခင်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရခဲ့တဲ့ ကလေးငယ်တစ်ဦး ဆေးကုသနေစဉ် / AFP Photo

တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေကို အာဏာသိမ်း စစ်ကောင်စီက လက်နက်အားကိုးနဲ့ အနိုင်ကျင့် ဖျက်ဆီးနေတာကြောင့်၊ ပြည်သူအားလုံးအတွက် လူသားချင်း စာနာမှု အကူအညီတွေရအောင် နည်းလမ်းမျိုးစုံသုံးပြီး ဆောင်ရွက်သွားမယ့်အကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် အကာအကွယ်မဲ့နေတဲ့ တိုင်းရင်းသားပြည်သူတွေဟာ ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ CRPH က ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီနဲ့ စစ်ကောင်စီရဲ့ လက်ပါးစေတွေဟာ တိုင်းရင်းသားဒေသတွေမှာ စစ်ရာဇဝတ်မှု တွေကို ဆယ်စုနှစ်များစွာ ကျူးလွန်နေမှု၊ အခုလက်ရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေမှုတွေဟာ လူသားမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ CRPH က ပြောပါတယ်။

CRPH အနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးနိုင်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေရရှိရေးကို နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားသွားမယ့်အကြောင်း CRPH ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မတ်လ ၂၉ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်ပြည်နယ်က ဒေသခံရွာသား ၃၀၀၀ လောက် ထိုင်းနယ်စပ်ကို မတ်လ ၂၈ ရက်နေ့က ထွက်ပြေး တိမ်းရှောင်လာတယ်လို့ ဖေါ်ပြခဲ့ပါတယ်။

KIC ကရင်သတင်းစဉ်ကတော့ မတ် ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ စစ်ကောင်စီတပ်တွေက ကေအန်ယူ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ဒေပူနို၊ တနေးလူတောင်ကုန်း၊ ကလိုဘောထာ၊ မောယူနီ၊ သယ်ဘိုးပလော၊ သီးကောထာနဲ့ ဟိုကေ စတဲ့ ကျေးရွာ ၇ ရွာကို ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံရွာသား တစ်သောင်းကျော် ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဖေါ်ပြထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/crph-humanitarian-assistance-03302021065811.html

ပြည်သူတစ်ရပ်လုံးအတွက် လူသားချင်းစာနာမှု အကူအညီတွေ ရအောင်လုပ်မယ်လို့ CRPH ပြော  ပြည်သူတစ်ရပ်လုံးအတွက် လူသားချင်းစာနာမှု အကူအညီတွေ ရအောင်လုပ်မယ်လို့ CRPH ပြော Reviewed by THITHTOOLWIN on 19:10 Rating: 5

No comments:

Powered by Blogger.