ဥရောပပါလီမန်က CRPHနှင့် CDM လှုပ်ရှားမှု ကိုထောက်ခံ ကြောင်း တရားဝင် ကြေညာ



မြန်မာနိုင်ငံတွင် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ ဥရောပပါလီမန်ကိုယ်စားလှယ်များ၏ ကြေငြာချက်၊ ၉ ရက် မတ်လ ၂၀၂၁

ဥရောပပါလီမန် ဦးဆောင် ကိုယ်စားလှယ်များ (Members of European Parliament) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့သည်။

ဒုဥက္ကဌ Heidi Hautala (Greens, ဖင်လန်)

ဥရောပပါလီမန်ကိုယ်စားလှယ် Hannah Neumann (Greens, ဂျာမနီ)

ဥရောပပါလီမန်ကိုယ်စားလှယ် Svenja Hahn (Renew, ဂျာမနီ)

ဥရောပပါလီမန်ကိုယ်စားလှယ် Anna Fotyga (ECR, ပိုလန်)

အဆိုပါ ကိုယ်စားလှယ်များသည် ယနေ့တွင် အောက်ပါကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

“ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းချိန်မှ စ၍ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်များကို စိုးရိပ်ပူပန်စွာဖြင့် အလေးအနက်ထား မျက်ချေမပြတ်စောင့်ကြည့်နေခဲ့ပါသည်။ မြန်မာနိုင်ငံရှိ ရွေးကောက်ခံကိုယ်စားလှယ်များသည် အန္တရာယ်စိန်ခေါ်မှုများကြားမှ ၄င်းတို့၏ လုပ်ငန်းဆောင်တာများကို မမှိတ်မသုန် ဆက်လက်လုပ်ကိုင်နေကြောင်း ကြားသိရသဖြင့် ဝမ်းသာရပါသည်။ အဆိုပါ ကိုယ်စားလှယ်များ၏ သတ္တိနှင့် ၄င်းတို့၏ ဒီမိုကရေစီအခြေခံမူများအပေါ်ထားရှိသည့် သန္ဒိဌာန်များကြောင့် ကျွန်ုပ်တို့ အားလုံး၏ လေးစားဂုဏ်ယူမှုကို ရသင့်ရထိုက်ပါပေသည်။

ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများဆောင်ရွက်ရန် ထပ်မံ၍ အချိန်ရောက်ရှိနေပါပြီ။ စစ်တပ်နှင့် ၄င်းတို့၏ စီးပွားရေးလုပ်ငန်းများသည် ဥရောပစီးပွားရေးလုပ်ငန်းများနှင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ကုန်သွယ်စီးဆင်းမှု အဝင်အထွက်များမှ အကျိုးအမြတ်များ မရရှိသင့်ပါ။ သာမန်ပြည်သူများ၏ လူမှုဘဝများမှာမူ ထိုတင်းကျပ်သော အရေးယူမှုများ၏ အကျိုးအား မသက်ရောက်နိုင်စေရန် တတ်နိုင်သမျှ ကာကွယ်ပေးရမည်။

အရေးယူပိတ်ဆို့မှု တစ်ခုတည်းဖြင့် နိုင်ငံရေးအကျပ်အတည်းကို မဖြေရှင်းနိုင်ပါ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားသူများသည် ကျွန်ုပ်တို့၏ ထောက်ခံမှုကို လိုနေပါသည်။ ခြိမ်းခြောက်ခံနေရသူများသည် ကျွန်ုပ်တို့၏ အကာအကွယ်ပေးမှုကို လိုအပ်နေပါသည်။ CRPH  (ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ) သည် အများပြည်သူနှင့် ဆက်ဆံနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်နေသည့်အတွက် CRPH နှင့်မြန်မာပြည်သူများ အကြားရှိ ဆက်သွယ်ရေးလမ်းကြောင်းများနှင့် လူမှုကွန်ယက်စနစ်များကို ဆက်လက်ဖွင့်လှစ်ထားရှိရပေမည်။ ။ ထိုအတွက်ကြောင့် အင်တာနက် ဆက်သွယ်မှုများ ဖြတ်တောက်မှုများပြုလုပ်ရန် ခိုင်လုံသည့် အကြောင်းပြချက်များ လုံးဝမရှိပါ။ 

မြန်မာနိုင်ငံ၏ CDM လှုပ်ရှားမှုများသည် နိုင်ငံသားအားလုံးအတွက် လွတ်လပ်မှုနှင့် တရားမျှတမှုကို တောင်းဆိုလျက်ရှိသည်။ ဝန်ထမ်းများ၏ ကိုယ်ကျိုးစွန့်မှုနှင့် ရဲစွမ်းသတ္တိသည် အလွန်ပင် နှစ်ထောင်းအားရဖွယ် ရှိပါသည်။ ဤကဲ့သို့သော လှုပ်ရှားမှုများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများသည် ခံနိုင်ရည်ရှိပြီး လွတ်လပ်၍ တရားမျှတသော ပွင့်လင်းသည့်လူ့အဖွဲ့အစည်းတရပ်အတွက် အဓိကကျသော နေရာတွင် ပါဝင်သောကြောင့် ကျွန်ုပ်တို့၏ ထောက်ခံမှုကို အပြည့်အဝ ပေးလိုက်ပါသည်။

ထို့အပြင် ကျွန်ုပ်တို့သည်CRPH ၏ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက် အကြမ်းမဖက်သောနည်းလမ်းများဖြင့် အစဉ်တစိုက် လုပ်ဆောင်နေသည်ကို ဆက်လက်ထောက်ခံပြီး ကျွန်ုပ်တို့တတ်နိုင်သမျှ ကူညီပံ့ပိုးပေးရန် ကတိကဝတ်ပြုပါသည်။"


Committee Representing Pyidaungsu Hluttaw - CRPH

https://www.facebook.com/crph.official.mm

ဥရောပပါလီမန်က CRPHနှင့် CDM လှုပ်ရှားမှု ကိုထောက်ခံ ကြောင်း တရားဝင် ကြေညာ ဥရောပပါလီမန်က CRPHနှင့် CDM လှုပ်ရှားမှု ကိုထောက်ခံ ကြောင်း တရားဝင် ကြေညာ Reviewed by THITHTOOLWIN on 22:27 Rating: 5

No comments:

Powered by Blogger.