စစ်အာဏာရှင်ဆန့်ကျင်မှု CNN သတင်းထောက်သိအောင် ပြည်သူတွေ နည်းမျိုးစုံပြသ


အာဏာသိမ်းစစ်ကောင်စီရဲ့ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ သုံးဦးထက် မနည်း ရှိနေပြီး ဆန္ဒပြပွဲတွေဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေရာအနှံ့မှာ ဆက်ရှိနေပါတယ်။ CNN သတင်းဌာနရဲ့ နိုင်ငံတကာ သတင်းထောက်ချုပ် Clarissa Ward ဟာ မြန်မာပြည်ကို ဒီနေ့ရောက်ရှိပြီး စစ်ကောင်စီ အစီအစဉ်နဲ့ သတင်းယူနေချိန်မှာ ပြည်သူတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်တဲ့အကြောင်း ကမ္ဘာက သိအောင် ထုတ်ဖော်ပြသနေကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာပြည်တွင်းမှာ သတင်းဌာန ငါးခုကိုပိတ်ပင်ပြီး၊ သတင်းထောက် ၅၅ ယောက်ကို ဖမ်းဆီးခဲ့သလို၊ ၁၀ ယောက်ကျော်ကို တရားစွဲထားပေမယ့်၊ အမေရိကန်ပြည် ထောင်စုက ကမ္ဘာကျော် CNN သတင်းဌာနက သတင်းထောက်ချုပ် Ms. Clarissa Ward ကိုပြည်ဝင်ခွင့် ပေးလိုက်ပါတယ်။ ဒီနေ့မှာတော့ Ms. Clarissa Ward ကို စစ်ကောင်စီရဲ့အစီအစဉ်နဲ့ စစ်ကားတွေ ခြံရံလို့ ရန်ကုန်မြို့ထဲမှာ သတင်းယူခွင့်ပြုလိုက်ပါတယ်။

ဒါကြောင့် CNN သတင်းထောက် သတင်းယူတဲ့ လမ်းတစ်လျှောက်မှာ၊ ပြည်သူတွေကလည်း သံပုံးတီးတာ၊ ကာဟွန်းတီးတာ၊ လက်သုံးချောင်းထောင်ပြတာမျိုးတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်နေတာကို ကမ္ဘာက သိအောင် ထုတ်ဖော်ပြသတာတွေ ရှိနေပါတယ်။

ဒီရက်ပိုင်းမှာ စစ်ကောင်စီရဲ့တပ်တွေပစ်ခတ်လို့ ဆယ်ဂဏန်းနဲ့ချီ သေဆုံးနေရပေမယ့်၊ မတ်လ ၃၀ ရက် မနေ့ညနေကနေ၊ ဒီနေ့ညနေထိ ၂၄ နာရီအတွင်း အနည်းဆုံး သုံးယောက်သေဆုံးခဲ့တယ်လို့ RFA က စုံစမ်း သိရှိရပါတယ်။

တစ်ပြည်လုံးအနေနဲ့ အကြမ်းဆုံးပစ်ခတ်ဖိနှိပ်ခံနေရတဲ့နေရာဟာ ဒီရက်ပိုင်းမှာ ရန်ကုန်တိုင်း တောင်ဒဂုံ မြို့နယ် ဖြစ်နေပြီး အဲဒီမှာ မနေ့ညက သေဆုံးတဲ့သူ နှစ်ယောက်ရှိခဲ့ပါတယ်။

သူတို့နှစ်ယောက်က တောင်ဒဂုံ ၁၀၇ ရပ်ကွက်မှာ ပစ်သတ်ခံရရတာဖြစ်ပြီး တစ်ယောက်ရဲ့ အလောင်းပဲ ရလိုက်တယ်၊ နောက်တစ်ယောက် အလောင်းကိုတော့ စစ်တပ်ကယူသွားတယ်လို့ သိရပါတယ်။

တပ်နဲ့ရဲတွေက အိမ်တွေထဲထိ ဝင်ရောက်ရှာဖွေပြီး ပစ်ခတ်တာလို့ တောင်ဒဂုံ ဒေသခံတယောက်က RFA ကိုပြောပါတယ်။

“မနေ့က ၁၀၇ ၊ ၁၀၄ ရပ်ကွက်ဘက်မှာ တစ်ယောက်ဆုံးတယ်။ နောက်သူတို့အိမ်တွေထဲလည်း ရှာတယ်လို့ ပြောတယ်။ နောက်ပစ္စည်းတွေ ရိုက်ခွဲတာတွေတော့ ရှိတယ်။ ညဘက်ထိတော့ မပစ်ဘူး။ နေ့ခင်းပိုင်း လောက်ထိ ပစ်တယ်။ ညနေစောင်း ၆ နာရီလောက်ကျတော့ အဲဒီရပ်ကွက်တွေထဲကို ဝင်ပြီးတော့ မွှေတယ်။ လောလောဆယ် ၇၀၊ ၇၁ ရပ်ကွက်တွေဘက်မှာတော့ နည်းနည်းငြိမ်နေတယ်။ ခံတပ်တွေလည်း မရှိတော့ဘူး။”

တောင်ဒဂုံမှာ အင်တာနက် ဖိုက်ဘာကြိုးတွေနဲ့ ဝိုင်ဖိုင်ပုံးတွေကို စစ်တပ်က ဖျက်ဆီးထားပြီး ရပ်ကွက် တချို့မှာ အင်တာနက် ပြတ်တောက်နေပါတယ်။

ဒီနေ့မွန်းလွဲပိုင်း အခုသတင်းကိုရေးနေတဲ့အချိန်ထိ တောင်ဒဂုံ ၁၀၇၊ ၅၄၊ ၅၆၊ ၇၀၊ ၇၁ ရပ်ကွက်တွေမှာ ပစ်ခတ်မှုတွေ ရှိနေပါတယ်။

အဲဒီတောင်ဒဂုံမှာ စစ်တပ်နဲ့ ရဲက သေနတ်အပြင် လက်နက်ကြီးတွေပါ အသုံးပြုနေတယ်လို့ ဒေသခံတွေက ပြောနေကြပြီး မတ် ၂၆ ရက်နေ့ထဲက အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်နေတာ မတ် ၃၀ ရက်နေ့ အထိ သေဆုံးသူဟာ ၆၀ ကျော်လောက်ရှိမယ်လို့ ဆိုရှယ်မီဒီယာမှာ ပြောနေကြပါတယ်။ ဒါပေမဲ့ အခုလို အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် မြို့နယ်ထဲမှာကို သွားရေးလာရေး ခက်ခဲနေတဲ့အတွက် သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေ ဘယ်လောက်ရှိလဲဆိုတာကို သတင်းစုဆောင်း အတည်ပြုနိုင်ဖို့ ခက်ခဲနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့စာရင်းအရ မနေ့က တစ်ရက်တည်းမှာတင် သေဆုံးသူ ရှစ်ဦးထက်မနည်း ရှိနေတယ်လို့သိရပြီး၊ RFA က စုံစမ်း သိရှိရတဲ့စာရင်းနဲ့ပေါင်းရင် ၂၉ ရက်နေ့ ညကနေ ဒီနေ့ညနေထိ ၂၈ နာရီအတွင်း သေဆုံးရသူ အနည်းဆုံး ၁၆ ယောက်ရှိနေပါတယ်။

ရန်ကုန်တိုင်း သံလျင်မြို့မှာလည်း မတ်လ ၂၉ ရက်နေ့ထဲက စစ်တပ်နဲ့ ရဲတွေက အကြမ်းဖက်ပစ်ခတ်နေတာ ဒီနေ့အထိပဲလို့ အမည်မဖော်လိုတဲ့ ဒေသခံတယောက်က ပြောပါတယ်။

“မနက်ပိုင်းသူတို့ဝင်ပစ်တော့ ဒဏ်ရာရတဲ့သူတွေ ရှိတယ်။ သေတယ်လို့တော့ မကြားဘူး။ ဒါပေမဲ့ ညနေပိုင်း ၂ နာရီလောက်က စပြီးတော့ မိသားစုတော်တော်များများက အိမ်တွေကို ထားပြီး ထွက်ပြေး သွားတာရှိတယ်။ လမ်းထဲတွေထိ ဝင်ပစ်တာတော့ ကြားတယ်။ လိုင်းတွေ မသုံးရဘူး။ ဟိုပြော ဒီပြောနဲ့ သုံးယောက် လေးယောက်လောက် ဒဏ်ရာရတယ်ပြောတယ်။ ဗိုလ်ချုပ်ရွာတစ်ခုတည်းတော့ မဟုတ်ဘူး။ ကျန်တဲ့ မြို့ဟောင်း အရှေ့ဘက်တွေမှာလည်း ပစ်တယ်။ ဘုရားကုန်းဘက်လည်း ပစ်တယ်ကြားတယ်။ ညဘက်လည်း အောင်ချမ်းသာဘက်ကို ဝင်ပစ်သွားတယ်။ ၁၀ နာရီ ၁၁ နာရီလောက် ဝင်ပစ်ပြီးတော့ လမ်းပေါ်မှာတွေ့ရင် တွေ့တဲ့သူကို ဖမ်းသွားတာရှိတယ်။”

ရန်ကုန်မြို့မှာ အကြမ်းဖက်ပစ်ခတ်တာများလွန်းတဲ့အတွက် လူငယ်တွေက စစ်တပ်နဲ့ ထိပ်တိုက်မတွေ့ အောင် ဆန္ဒပြပွဲတွေကို မြို့နယ်တွေအလိုက် ရပ်ကွက်တွေလမ်းတွေမှာ အစုအဖွဲ့ငယ်တွေနဲ့ ပြောက်ကျားပုံစံ လုပ်ဆောင်နေတာ တွေ့ရပါတယ်။

တာမွေမြို့နယ်နဲ့ သာကေတမြို့နယ်တွေမှာ စစ်တပ်နဲ့ ရဲတွေက အရပ်ဘက်အိမ်စီးကားတွေပေါ်ကနေ ရပ်ကွက်ထဲက လမ်းသွယ်တွေထဲအထိ ဝင်ရောက်ပစ်ခတ်တာ၊ လူတွေကိုဖမ်းဆီးတာတွေရှိနေပါ တယ်။

ပဲခူးမြို့မှာလည်း မတ် ၃၀ ရက် မနေ့က ဟေမာန်ချေးငွေလုပ်ငန်းကုမ္ပဏီ ဝန်ထမ်းတစ်ဦးဟာ အကြွေး ကောက်ဖို့ သွားရင်းလမ်းမှာ စစ်တပ်နဲ့ ရဲက ပစ်လို့ သေဆုံးသွားခဲ့ရပါတယ်။

သေဆုံးသူဟာ အသက် ၂၃ နှစ်အရွယ် ကိုဇေယျာမျိုးနိုင်ဖြစ်ပြီး၊ ပဲခူးမြို့ စိန်သာလျောင်းဘုရား မုဒ်ဝမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။ သူနဲ့အတူပါလာတဲ့ ဝန်ထမ်းအမျိုးသမီးကတော့ ဖမ်းဆီးခံ လိုက်ရပါတယ်။

ကိုဇေယျာမျိုးနိုင်ရဲ့အလောင်းကို မိသားစုက ရင်ခွဲရုံမှာ သွားရောက်ထုတ်ယူတဲ့အခါမှာတော့ ရင်ဘတ် တစ်ခုလုံး ခွဲထားပြီး၊ အဝတ်မပါဘဲ ဝတ်လစ္စလစ်နဲ့ ရုပ်အလောင်းပဲ ပြန်ရခဲ့တယ်လို့ သူ့သူငယ်ချင်းက RFA ကိုပြောပါတယ်။

မန္တလေးတိုင်း ညောင်ဦးမြို့ သီရိမင်္ဂလာရပ်ကွက်မှာလည်း မနေ့ည ၁၀ နာရီလောက်က စစ်ကောင်စီရဲ့ တပ်တွေပစ်ခတ်မှုကြောင့် ရပ်ကွက်နေပြည်သူ နှစ်ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ညောင်ဦး ဒေသခံ တစ်ဦးက ပြောပါတယ်။

“မနေ့ညက စစ်အာဏာရှင်ကနေပြီး ညောင်ဦးမြို့ အသက် ၆၀ ကျော်တွေကို ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးဖို့အတွက် လိုက်စစ်ချိန်မှာ ရပ်ကွက်က ခဲနဲ့ထုလို့ဆိုပြီး ညက ဝင်ပစ်တယ်လို့ ကြားတယ်။ ညက နှစ်ယောက်မှန်တယ်။ တစ်ယောက်က ရင်ဘတ်ကို မှန်တယ်။ တစ်ယောက်က လက်မောင်းကို မှန်တယ်။ သီရိမင်္ဂလာ ရပ်ကွက်ထဲကို ည ၁၀ နာရီလောက်ကို ဝင်ပစ်တယ်လို့ကြားပါတယ်။ ရင်ဘတ်ကို မှန်သွားတဲ့ သူကို မှန်မှန်ချင်းကို စစ်တပ်က ကားနဲ့ခေါ်သွားပြီး ရွှေစည်းခုံဘုရားအရှေ့ဘက်က ပန်းခြံ နားရောက်တော့ ကားပေါ်က ချခဲ့တယ်။ အဲဒီမှာ မျက်မြင်တွေ့တဲ့သူက သိမ်းပြီးတော့ ဆေးကုသနေတယ်လို့ ကြားတယ်။"

အဲဒီ ပုဂံ၊ ညောင်ဦးမှာ ဆန္ဒပြပွဲတွေဆက်ရှိနေပြီး ပုဂံက နာမည်ကြီးဘုရားတွေမှာ ဒေသခံတွေက စစ်ကောင်စီဝင်တွေကို ကျိန်စာတိုက် ဆန္ဒပြပွဲပြုလုပ်ကြပါတယ်။

မန္တလေးတိုင်းမှာတော့ စက်မှုဇုန်စုပေါင်းသပိတ်၊ ဆိုင်ကယ်သပိတ်တွေနဲ့ ဆန္ဒပြနေကြပါတယ်။

စစ်ကိုင်းတိုင်းမှာ မုံရွာ၊ ကန့်ဘလူ၊ ကလေး မြို့နယ်တွေမှာလည်း ဆန္ဒပြပွဲတွေ ဆက်ရှိနေပြီး မုံရွာမြို့ပေါ်က ကောင်းကင်မှာ စစ်သုံးရဟတ်ယာဉ် သုံးစင်း ပျံဝဲနေတာ နေ့ခင်း ၁ နာရီအချိန်ထိ ဖြစ်ပါတယ်။

အလားတူပဲ ဖားကန့်၊ ကောလင်း၊ နတ်မောက်၊ ခင်ဦး စတဲ့ မြို့နယ်တွေမှာလည်း ဆန္ဒပြပွဲတွေ ရှိနေဆဲ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးမှာ ဆန္ဒပြပွဲတွေဟာ ပုံစံအမျိုးမျိုးနဲ့ ဆက်ရှိနေပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်ကစလို့ ဒီနေ့ မတ်လ ၃၁ ရက်ထိ နှစ်လ အတွင်း စစ်တပ်နဲ့ရဲက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တာ၊ ရိုက်နှက်ညှဉ်းပန်းသတ်ဖြတ်တာ၊ မီးရှို့ သတ်ဖြတ်တာတွေ ကြောင့် သေဆုံးရတဲ့ပြည်သူ အနည်းဆုံး ၅၀၀ ကျော်နေပြီဖြစ်ပါတယ်။ အဲဒီထဲမှာ ကလေး ၃၈ ယောက် ပါဝင်ပါတယ်။

အဖမ်းခံရတဲ့သူဦးရေကတော့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ကောက်ယူထားတဲ့ အချက်လက်တွေအရ စုစုပေါင်း ၂၆၀၀ ကျော်ရှိပြီး ၃၇ ယောက်က ထောင်ဒဏ် ချမှတ် ခံထားရတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

RFA Burmese



စစ်အာဏာရှင်ဆန့်ကျင်မှု CNN သတင်းထောက်သိအောင် ပြည်သူတွေ နည်းမျိုးစုံပြသ စစ်အာဏာရှင်ဆန့်ကျင်မှု CNN သတင်းထောက်သိအောင် ပြည်သူတွေ နည်းမျိုးစုံပြသ Reviewed by THITHTOOLWIN on 21:57 Rating: 5

No comments:

Powered by Blogger.