CDM ပါဝင်လာတဲ့ ကယားရဲတပ်ဖွဲ့ဝင် ၁၈၀ ကျော်လာ

ဖေဖော်ဝါရီ ၁၀ ရက်နေ့က CDM ပါဝင်လာတဲ့ ကယားပြည်နယ်က ရဲတပ်ဖွဲ့ဝင်များ။ (ဖေဖော်ဝါရီ ၁၀၊ ၂၀၂၁)

ကယားပြည်နယ် လွိုင်ကော်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ပွဲ ဒီကနေ့ ဖြိုခွင်းခံရမှုမှာ ထိခိုက်မှုတွေ ရှိနေသလို ဆန္ဒပြကာလကနေ ဒီကနေ့အထိ ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၁၈၀ လောက် CDM သပိတ်ထဲ ပူးပေါင်းပါဝင်လာတယ်လို့ သပိတ်ကော်မီတီတွေကပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ကိုနိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

လွိုင်ကော်မြို့အတွင်း ဒီကနေ့ ဆန္ဒဖော်ထုတ်မှုမှာ လုံခြုံရေးတပ်ဖွဲ့တွေကနေ ရာဘာကျည်တွေနဲ့ ပစ်ခတ်နှိမ်နင်းခဲ့တယ်လို့ သပိတ်မှာ ပါဝင်တဲ့ လူငယ်ခေါင်းဆောင်တဦးကပြောပါတယ်။

“ကျနော်တို့ မျက်ရည်ယိုဗုံးနဲ့ ခွဲတယ်။ ရာဘာကျည်နဲ့ ပစ်တယ်။ သက်ဆိုင်ရာရပ်ကွက် နောင်ယားရပ်ကွက်မှာ ရှိတဲ့ မိဘပြည်သူရဲ့အိမ်မှာ ကျနော်တို့ ခိုလှုံခွင့်တွေတောင်းတယ်။ နောက်ဆုံးတော့ ကျနော်တို့ လူစုခွဲတယ်ပေါ့လေ။”

ဒီနေ့ သပိတ်ဖြိုခွင်းမှုအတွင်း ထိခိုက်မှုတွေရှိနေတယ်လို့ သပိတ်ကော်မီတီဝင်တဦးက ဆိုပါတယ်။

“လက်ရှိ ကျနော် သိရသလောက်ကတော့ အဖမ်းဆီးခံရမှုကတော့ ကနဦးကတော့ ၂ ယောက်ပါတယ်။ ဒါပေမဲ့ လူထုအားနဲ့ ပြန်ပြီးဝန်းရံပြီးမှ အဲဒါကိုသူတို့ ပြန်လွှတ်ပေးလိုက်တယ်။ ထိခိုက်ဒဏ်ရာရမှုကတော့ အယောက် ၂၀ ကနေ ၃၀ ကြားရှိလိမ့်မယ်။ ကျနော်တို့ သပိတ်ကော်မီတီကို အကြောင်းကြားလာတာ ၂၀ ဝန်းကျင်လောက် အထိ ရှိတယ်။”

ဒီကနေ့ မနက် လွိုင်ကော်မြို့မှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အဖွဲ့စုံသပိတ် လူဦးရေထောင်ကျော်လောက် ဆန္ဒပြခဲ့ကြတာပါ။

ကယားပြည်နယ်အတွင်း သပိတ်တိုက်ပွဲတွေမှာ ထူးခြားချက်တခုကတော့ ရဲတပ်ဖွဲ့ဝင်တွေတော်တော်များများ သပိတ် စစ်ကြောင်းတွေမှာပူးပေါင်းပါဝင်လာကြတာပါ။

ဖေဖော်ဝါရီ ၁၀ ရက်နေ့ကနေ ဒီကနေ့အထိ လူထုဆန္ဒဖော်ထုတ်မှုဖြစ်စဉ်အတွင်း ရဲအင်အား ၁၈၀ ဦး ပူးပေါင်းပါဝင်လာကြသလို အဆိုပါ ပူးပေါင်းလာတဲ့ ရဲတွေကို ပြည်သူတွေရဲ့အကူအညီနဲ့ ဘေးလွတ်ရာကို ပို့ဆောင်ထားတယ်လို့ ကျောင်းသားသပိတ်ကော်မီတီတဦးကပြောပါတယ်။

“အခုချိန်မှာတော့ ကျနော်တို့ အားလုံးပေါင်းလိုက်မယ်ဆိုရင် ၁၈၀ လောက်ရှိမယ်။ ကယားပြည်နယ်မှာပေါ့နော်။ ဒီ ၃ ရက်အတွင်းမှာတော့ တရက်ကို ၅ ယောက်၊ ၁၀ ယောက် ထပ်တိုးလာတော့ ၁၈၀ ဝန်းကျင်လောက်ရှိတယ်။ ဒီနေ့လယ်ခင်းမှာလည်း ၆ ယောက်လောက်ရှိတယ်။ CDM ဝင်တဲ့ရဲတွေ။ လက်ရှိ CDM မှာပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင် အခြေအနေကတော့ ကျနော်တို့ အတတ်နိုင်ဆုံး လုံခြုံတဲ့နေရာမှာ ထားထားပေးတယ်။”

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်ကနေ နိုင်ငံတော်အာဏာအရပ်ရပ်ကို ထိန်းသိမ်းလိုက်ပြီးနောက်မှာ မြန်မာနိုင်ငံနေရာတော်တော်များများမှာ ဆန္ဒပြပွဲတွေ ဆက်တိုက်ပေါ်ပေါက်လာနေသလို ဖမ်းဆီးမှုတွေကလည်း တိုးလာနေပါတယ်။


ကိုနိုင်ကွန်းအိန်/ VOA Burmese

https://burmese.voanews.com/a/kayar-cdm-military-coup-protest/5807279.html

CDM ပါဝင်လာတဲ့ ကယားရဲတပ်ဖွဲ့ဝင် ၁၈၀ ကျော်လာ CDM ပါဝင်လာတဲ့ ကယားရဲတပ်ဖွဲ့ဝင် ၁၈၀ ကျော်လာ Reviewed by THITHTOOLWIN on 21:18 Rating: 5

No comments:

Powered by Blogger.