ချင်းပြည်နယ်က ရဲဝန်ထမ်း ၁ဝဦး CDM မှာ ပထမဆုံးပါဝင်လာ

ချင်းပြည်နယ်က ရဲဝန်ထမ်း ၁ဝဦး CDM မှာ ပထမဆုံးပါဝင်လာ ချင်းပြည်နယ်၊ ဟားခါးမြို့ ဆန္ဒပြပွဲ

Photo: RFA

ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်နဲ့ တွန်းဇံမြို့တွေက ရဲမေတွေ အပါအဝင် ရဲဝန်ထမ်း ၁၀ ဦးဟာ စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာ ပထမဆုံးအဖြစ် မတ်လ ၄ ရက်နေ့ ဒီကနေ့ ပူးပေါင်းပါဝင်လာကြပါတယ်။

စစ်အာဏာရှင်တွေအောက်မှာ အလုပ်ဆက်မလုပ်ချင်တော့ဘဲ ပြည်သူနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်လိုတာကြောင့် CDMမှာ ပါဝင်တာလို့ တီးတိန်မြို့နယ်ရဲစခန်းက ရဲမေတစ်ဦးက RFAကို ပြောပါတယ်။

“ကျွန်တော်တို့က စစ်အာဏာရှင်ကို မကြိုက်ဘူး။လက်မခံနိုင်ဘူး။ကျွန်တော်တို့ရဲတပ်ဖွဲ့က အရင်တုန်းက ဆိုရင် ဒီမတိုင်ခင်တုန်းကဆိုရင် ဒီတိုင်းကိုယ့်အလုပ်ကိုယ်လုပ်တာပေါ့နော်။အခုကျတော့ စစ်အာဏာရှင်က စသိမ်းတာနဲ့ ကျွန်တော်တို့ ပြည်သူလည်း အရမ်းနစ်နာတယ်။ပြီးရင် ကိုယ်တွေလည်း မြင်ရတွေ့ရတာတွေ လိုင်းပေါ်မှာလည်း တက်လာတယ်။ဘယ်နှယောက်သေသွားပြီ ဆိုပြီးတော့။ပြည်သူဘက်ကနေ ရပ်တည်ချင်တဲ့ ရည်ရွယ်ချက်ကြောင့်ပါ” လို့ သူက ပြောပါတယ်။

ချင်းပြည်နယ် တီးတိန်မြို့နယ်ရဲစခန်းကနေ ရဲမေ သုံးဦးအပါအဝင် ရဲဝန်ထမ်း ၉ဦး CDMမှာ ပါဝင်ပြီးလာပြီး တွန်းဇံမြို့ရဲစခန်းကတော့ ရဲမေတစ်ဦးပါဝင်လာပါတယ်။

“ကျွန်မတို့ အစကတည်းက ထွက်ဖို့အစီအစဉ်ရှိပြီးသား။ ဒါပေမယ့် ကျွန်တော်တို့ ရဲတွေကျတော့ တခြားဝန်ထမ်းတွေနဲ့ မတူဘူးလေ။ လက်နက်ကိုင်ဆိုတော့ CDM စလုပ်တာနဲ့ ရဲပြေးလုပ်ရတော့မှာ ဆိုတော့ ကျွန်မတို့ အချိန်တော့ယူရတာပေါ့။ဟိုဘက်မှာ ချန်ထားတဲ့ ပြဿနာတွေလည်း ရှင်းရသေးတယ်လေ။ပြီးရင် ဘယ်မှာပုန်းရမလဲ အိမ်က အစပေါ့နော်။အစီအစဉ်ဆွဲပြီး လုပ်ရတာမို့ နည်း နည်းကြာသွားတာပါ” လို့ CDMလုပ်ဖို့ ကြန့်ကြာရတဲ့ အကြောင်းကို ရဲမေတစ်ဦးက RFAကို ပြောပါတယ်။

ချင်းပြည်နယ်မှာ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းအချို့၊ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေနဲ့ ထွေထွေအုပ်ချုပ် ရေးမှူးရုံးက ဝန်ထမ်းအချို့၊ပညာရေးဝန်ထမ်းအချို့အပါအဝင် ဆေးရုံဝန်ထမ်းတွေအားလုံးဟာ စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာ ပါဝင်နေကြပါတယ်။

မြန်မာနိုင်ငံအနှံ့က ရဲဝန်ထမ်းတချို့လည်း အာဏာသိမ်း စစ်တပ်ကိုဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှု CDM မှာပါဝင်လာနေပြီး သူတို့တွေဟာ လက်ရှိမှာ ထွက်ပြေးပုန်းရှောင်နေကြရတာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/cdm-movement-chin-military-coup-03042021103403.html

ချင်းပြည်နယ်က ရဲဝန်ထမ်း ၁ဝဦး CDM မှာ ပထမဆုံးပါဝင်လာ  ချင်းပြည်နယ်က ရဲဝန်ထမ်း ၁ဝဦး CDM မှာ ပထမဆုံးပါဝင်လာ Reviewed by THITHTOOLWIN on 22:39 Rating: 5

No comments:

Powered by Blogger.