တောင်တွင်းကြီး ဆေးရုံဝန်းထဲက CDM ကျန်းမာရေးဝန်ထမ်းတွေ အိမ်ယာက ဆင်းပေးရ




ရန်ကုန်  မတ် ၁၂ . ၂၀၂၁

မကွေးတိုင်းဒေသကြီး တောင်းတွင်းကြီးမြို့ တောင်တွင်းကြီးဆေးရုံဝန်း  ဝန်ထမ်းအိမ်ရာမှာ CDM ဝင်ထားတဲ့ ဝန်ထမ်းတွေကို အလုပ်မဆင်းပါက ဝန်ထမ်းအိမ်ယာကနေ ဆင်းပေးရမယ်လို့ တောင်တွင်းကြီးကျန်းမာရေးအသိုင်းအဝိုင်းက သိရပါတယ် ။ 

ဝန်ထမ်းအိမ်ရာမှာနေကြတဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေကို ဒီနေ့မနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်ရဲမှူးတို့နဲ့အတူ တ-စ-က ကောင်စီဝင်အဖွဲ့တွေက အလုပ်ဆင်းဖို့ လာရောက်ပြောဆိုခဲ့ပြီး အလုပ်မဆင်းရင် ဝန်ထမ်းအိမ်ယာကနေ ၁၃ ရက်နေ့ နောက်ဆုံးထားပြီးဆင်းပေးရမယ်လို့ လာရောက်ပြောဆို ခဲ့တယ်လို့လည်း သိရပါတယ် ။

"လက်ရှိ အလုပ်ဖြုတ်တာတွေ မလုပ်ပါဘူး ။ ဖိအားပေးတာမျိုးလည်းမရှိပါဘူး ။လောလောဆယ် သူတို့ အလုပ်ပြန်ပြီး ဆင်းစေချင်တာပါ ။ အလုပ်မဆင်းရင် ဒီနေရာနေ ဖယ်ပေး ဆိုပြီးပြောသွားလို့ လူဦးရေ ၉၀ ကျော်လောက်က အခုအိမ်ရာက ဆင်းနေပါပြီ" လို့တောင်တွင်းကြီး ကျန်းမာရေးမှူးတစ်ဦးက VOM ကိုပြောပါတယ် ။

အိမ်ရာဝန်းထဲကနေ ဆင်းလာတဲ့ ကျန်းမာရေးဝန်ထမ်းတွေနေထိုင်ဖို့ မြို့နယ်မှာ ရှိနေသူတွေအတွက် စီစဉ်ပေးစရာ မလိုပေမယ့် နယ်ဝေးကနေ လာရောက်လုပ်ကိုင်သူတွေ အတွက်ကိုတော့ တောင်တွင်းကြီး CDM ပံ့ပိုးရေးကော်မတီကနေ စီစဉ်ပေး သွားမယ်လို့လည်း တောင်တွင်းကြီးမြို့နယ် တိုင်း(၂) ကိုယ်စားလှယ် ဦးဝင်းမြတ်လှိုင်က ပြောပါတယ်။

လက်ရှိမှာတော့ ဆေးရုံဝန်ထမ်းအိမ်ရာကနေ ဆင်းလာတဲ့ ဝန်ထမ်းငယ်တွေအတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေတယ်လို့လည်း ကျန်းမာရေးမှူးကပြောပါတယ် ။

" လက်ရှိတော်တော်များများကတော့ အခက်အခဲ ဖြစ်နေပါတယ် ။ CDM လုပ်လိုက်လို့ ကျနော်တို့ ဝန်ထမ်းတွေအနေနဲ့က လစာမရကြဘူး ။ အထူးသဖြင့် ဝန်ထမ်းငယ်တွေမှာက လစာအပေါ် မှီခိုနေတာတွေ ကြိုယူထားတာတွေရှိနေတော့ အခက်အခဲ ဖြစ်နေပါတယ် ။ အားလုံးကတော့ အဆင်ပြေအောင်ကြိုးစားပြီး ထိန်းထားပါတယ် ။ ကျနော်တို့ကတော့ CDM လုပ်ထားတဲ့အတွက် မှန်းထားတဲ့ ပန်းတိုင်ရည်မှန်းချက်ရောက်မှဘဲ အလုပ်ပြန်ဆင်းမှာပါလို့" ဆိုပါတယ် ။

ဒါ့အပြင် တောင်းတွင်းကြီးမြို့မှာ  CDM ဝင်ထားတဲ့ မြန်မာ့မီးရထားဝန်ထမ်းတွေ ၊ဆည်မြောင်းဌာနက တည်ဆောက်ရေး ဝန်ထမ်းတွေနဲ့ ပြုပြင်ရေးဝန်ထမ်းတွေလည်း အိမ်ရာကနေ ဆင်းရပါက ဒီဝန်ထမ်းတွေအတွက်  နေရာတွေအဆင်သင့်ဖြစ်ဖို့လည်း  စီစဉ်ထားပေးထားတယ်လို့ ဦးဝင်းမြတ်လှိုင် ကပြောပါတယ် ။


ယဉ်ပပထွန်း ( VOM )

Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

တောင်တွင်းကြီး ဆေးရုံဝန်းထဲက CDM ကျန်းမာရေးဝန်ထမ်းတွေ အိမ်ယာက ဆင်းပေးရ တောင်တွင်းကြီး ဆေးရုံဝန်းထဲက CDM ကျန်းမာရေးဝန်ထမ်းတွေ အိမ်ယာက ဆင်းပေးရ Reviewed by THITHTOOLWIN on 19:42 Rating: 5

No comments:

Powered by Blogger.