CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်သူ မြန်မာသံရုံးဝန်ထမ်းတွေ ပိုများလာ

ဂျာမဏီနိုင်ငံ ဘာလင်မြို့ရှိ မြန်မာသံရုံး

နိုင်ငံတကာမှာရှိကြတဲ့ မြန်မာသံရုံးဝန်ထမ်းတွေ တနေ့ထက်တနေ့ CDM လှုပ်ရှားမှုထဲ ပါဝင်လာနေရာမှာ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာရှိတဲ့ မြန်မာသံရုံး ဝန်ထမ်းတချို့နဲ့ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ မြန်မာသံရုံးက အရာရှိတချို့လည်း သောကြာနေ့ကစပြီး ရုံးမတက်တော့ပဲ အရပ်သားအစိုးရ ပေါ်လာမှသာ အလုပ်ပြန်ဆင်းမယ်လို့ ပြောဆိုလိုက်ကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ မြန်မာသံရုံးမှာ သံအမတ်ကြီး ဦးမောင်မောင်လင်း အပါအဝင် ပထမအတွင်းဝန်၊ ဒုတိယအတွင်းဝန်နဲ့သံအရာရှိ (၃)ဦးသာရှိတဲ့အနက် ဒုတိယအတွင်းဝန် ဦးကောင်းထက်က CDM လို့ခေါ်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုထဲ ပါဝင်လာတာပါ။ သူဘာကြောင့် အခုလို CDM လုပ်ရသလဲ ဆိုတဲ့အကြောင်း VOA ကို ရှင်းပြပါတယ်။

“ ဘာဖြစ်လို့ကျနော် CDM movement မှာ ပါဝင်လည်းဆိုတော့ ဖောဖော်ဝါရီလ ၁ ရက်နေ့အာဏာသိမ်းဖြစ်စဉ်မှာ ဒီဟာသည် နိုင်ငံတော်အတွက် အကျိုးမရှိစေဘူး။ တရား မမျှတဘူးလို့ယူဆတဲ့ အတွက်ကြောင့်သော်လည်းကောင်း၊ ပြီသွားတော့ နောက်တခုက ကျနော်တို့ပြည်သူပြည်သားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ အနေအထားကို အကြမ်းဖက်ဖြိုခွင်းတဲ့ အခြေအနေတွေကို ကျနော့်အနေနဲ့ လက်သင့်မခံနိုင်ဘူး။ အဲဒါတွေကြောင့် ကျနော် CDM movement မှာ ပါဝင်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျ။ ဒီလို CDM လုပ်တဲ့အတွက် စိန်ခေါ်မှုတွေနဲ့ ပက်သက်ပြီးတော့လည်း ကျနော်အရင်ထဲက ကြိုပြီးတွေးထားပါတယ် ။ ဒီကြားထဲမှာလည်း ကိုယ်တွေးထားတာထက် ပိုတဲ့ မမျှော်လင့်တဲ့ အနေအထားတွေ၊ တုံ့ပြန်မှုတွေကိုလည်း ရင်ဆိုင်ရမယ်လို့လည်း ကျနော်ထင်ပါတယ်ခင်ဗျ။ အဲဒီအတွက်ကို ကျနော် တကိုယ်ရည်အတွက်သော်လည်းကောင်း၊ အများနဲ့ပေါင်းပြီးတော့သော်လည်းကောင်း ကျနော်ပြင်ဆင်သွားဖို့အစီအစဉ်တွေရှိပါတယ်”

အမေရိကန်ပြည်ထောင်စု လော့စ်အိမ်းဂျလိစ်မြို့ မြန်မာကောင်စစ်ဝန်ရုံးက ပထမအတွင်းဝန်ဖြစ်တဲ့ ဦးအောင်ကျော်နိုင်ကလည်း ဖေဖေါ်ဝါရီ (၅)ရက် သောကြာနေ့ကစလို့ ရုံးမတက်ပဲ CDM လုပ်လိုက်ပြီဖြစ်ကြောင်း ပြောပါတယ်။

“CDM လုပ်ရတာကတော့ စစ်အုပ်စု စစ်အာဏာသိမ်းထားတာအမြန်ဆုံး ကျဆုံးဖို့နဲ့ဒီ အာဏာသိမ်း စစ်အုပ်စုရဲ့ ယန္တယားကို ရပ်တန့်သွားစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ကျနော်က လုပ်မှာပါ။ အဲဒီတော့ ရုံံးကတော့ မသွားတော့ဘူးပေါ့လေ။ ပြည်သူ့အာဏာ ပြည်သူ့အစိုးရ လက်ထဲပေါ့လေ ပြန်ရောက်တဲ့အထိ ကျနော်တို့က ဒီဟာ လုပ်ရမှာပေါ့လေ။ ကျနော်တို့က ဒီကြားထဲမှာလည်း ဘယ်လိုဖြစ်လာမလဲဆိုတာ မျှော်မှန်းလို့တော့ မရဘူးပေါ့လေ။ အဲလိုတော့ ရှိတာပေါ့။ ”

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူ့အနေနဲ့ NLD အရပ်သား အစိုးရအတွက်သာ တာဝန်ခံ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဖေဖေါ်ဝါရီ (၂၆)ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကြေညာလိုက်ပြီး နောက်ပိုင်း မြန်မာသံတမန်ဝန်ထမ်းတွေ တယောက်ပြီးတယောက် CDM လုပ်ရှားမှုထဲ ပါဝင်လာကြတာ တွေ့ရပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လုပ်သက်(၁၆)နှစ် ရှိခဲ့ပြီဖြစ်တဲ့ ဒေါ်မြတ်ဇာဇာခိုင်ဟာ ဂျာမနီနိုင်ငံ ဘာလင်မြို့ မြန်မာသံရုံးက ဝန်ထမ်းတဦး ဖြစ်ပါတယ်။ သူဘာကြောင့် CDM လှုပ်ရှားမှုထဲ ပါဝင်လာရသလဲဆိုတာကို ပြောပြပါတယ်။

“ဒီစစ်အာဏာသိမ်း အုပ်စုကနေပြီးတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်၊ ဒီလိုမျိုးခေါင်းဆောင်တွေအပြင် ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူကိုယ်စားလှယ်တွေ၊ နောက်ပြီးတော့ လူထုခေါင်းဆောင်တွေ၊ အဲဒီလို လူပုဂ္ဂိုလ်တွေကို ဥပဒေမဲ့ ဖမ်းဆီးတယ်။ ကျမတို့ပြည်သူလူထုတွေဟာဆိုရင် မခံမရပ်နိုင် ဖြစ်ကြတယ်။ အကုန်လုံးဟာ လမ်းပေါ်ထွက်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြတယ်။ ဒါတွေအကုန်လုံးဟာဆိုရင် ကိုယ့်ရဲ့ အသက်ကိုတောင် မငဲ့ပဲနဲ့လမ်းပေါ်ထွက်ပြီးတော့ ကိုယ့်ရဲ့ ဆန္ဒကိုဖော်ထုတ်ကြတယ်။ ကျမတို့အကုန်လုံးဟာဆိုလို့ရှိရင် ဒီဖြစ်စဉ်ကြီးမှာ ပြည်သူတယောက်အနေနဲ့တသားထဲ ခံစားရတယ်ပေါ့နော်။ ကျမဆိုလို့ရှိရင် ဒီ ၁ ရက်နေ့ ထဲကနေပြီးတော့ တော်တော်လေး စိတ်မကောင်းဖြစ်တယ်။ ကိုယ်လည်း ယူကြုံးမရဖြစ်တယ်ပေါ့နော်။ ဒီဖြစ်ရပ်တွေ အကုန်လုံးဟာဆိုလို့ရှိရင် ကျမတို့CDM လုပ်ဖို့အတွက် တွန်းအားပါပဲ။ ဒီဟာ အဓိက အချက်ပဲပေါ့နော်။ ကျမတို့ရဲ့ လူထုခေါင်းဆောင်ကို ပြန်လွှတ်ရမယ်။ ကျမတို့ရဲ့ ခေါင်းဆောင်တွေကနေပြီးတော့ စနစ်တကျအုပ်ချုပ်တဲ့ အစိုးရကိုပဲ မျှော်လင့်ပါတယ်။

အလားတူ နိုင်ငံခြားရေးဌာနမှာ လုပ်သက်(၂၃)နှစ်ရှိပြီး လက်ရှိ ဘာလင်မြန်မာသံရုံးမှာ တတိယအတွင်းဝန်ယူထားတဲ့ ဒေါ်ချောကလျာနဲ့ နောက်ထပ် တတိယအတွင်းဝန်ဖြစ်တဲ့ ဦးမျိုးထက်ဆန်း တို့ကလည်း CDM လှုပ်ရှားမှုထဲ ပါဝင်လာကြပြီဖြစ်ပါတယ်။

ဘာလင်မြို့ မြန်မာသံရုံးမှာ သံအမတ်ကြီး ဒေါ်ရင်ရင်မြင့် အပါအဝင် သံအရာရှိနဲ့ဝန်ထမ်း စုစုပေါင်း (၇)ဦးရှိတဲ့အနက် (၃)ဦးက CDM လုပ်ကြတာ ဖြစ်ပါတယ်။

ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှာ သံအမှုထမ်း (၅)ဦး ( ဦးဇင်ဖုန်းတင့်၊ ဒေါ်သက်ထားမြရည်စံ၊ ဒေါ်ကြူကြူမြင့်၊ ဦးကျော်စွာထွန်း၊ ဒေါ်စုစုအောင်) က မတ်လ(၄)ရက်ကစပြီး ရုံးတက်ရင်း CDM လုပ်ဆောင်နေကြသလို၊ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ မြန်မာသံရုံးက သံရုံးဝန်ထမ်း (၃)ဦး (ပထမအတွင်းဝန် မထွေးတြာနန္ဒီ၊ ပထမအတွင်းဝန် မခိုင်စန္ဒီဝင်းမင်း ၊ ဒုတိယအတွင်းဝန် မခင်ချမ်းမြေ့)တို့ကလည်း မတ်လ (၄)ရက်နေ့မှာ CDM လှုပ်ရှားမှုထဲ ပါဝင်လာကြတာ ဖြစ်ပါတယ်။ 


ကိုဉာဏ်ဝင်းအောင်/ VOA Burmese

https://burmese.voanews.com/a/civil-defiance-movement-Myanmar-diplomats-military-coup-/5804009.html

CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်သူ မြန်မာသံရုံးဝန်ထမ်းတွေ ပိုများလာ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်သူ မြန်မာသံရုံးဝန်ထမ်းတွေ ပိုများလာ Reviewed by THITHTOOLWIN on 09:47 Rating: 5

No comments:

Powered by Blogger.