CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်သူ ရဲတပ်ဖွဲ့ဝင်တွေ ပိုများလာ

CDM တွင်း ပူးပေါင်းလာကြသည့် ရဲမေများ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကို ဆန့်ကျင် ဆန္ဒပြသူနေသူတွေအပေါ် အကြမ်းဖက် ဖြိုခွင်းတာကို မကျေနပ်တာကြောင့် အာဏာဖီဆန်ရေး ဆန့်ကျင်တဲ့လှုပ်ရှားမှု CDM မှာ ပူးပေါင်းလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း တိုးလာနေပါတယ်။ နိုင်ငံအဝန်းက အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပူးပေါင်းလာကြတဲ့ ရဲတပ်ဖွဲ့ဝင် ၆၀၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းထားပြီး၊ ချင်းပြည်နယ်က ရဲတပ်ဖွဲ့ဝင် ၅ ယောက်ဟာ ဆိုရင်လည်း လုံခြုံရေးအတွက် အိန္ဒိယနယ်စပ်ကို တိမ်းရှောင်ခဲ့ကြတဲ့အကြောင်း ကိုဝင်းမင်းက ပြောပြထားပါတယ်။

ချင်းပြည်နယ် ဖလန်းခရိုင် ဝေဘူလမြို့ကနေ ထွက်ပြေးခဲ့ကြပြီး သောကြာနေ့ညက အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ် ချမ်ဖိုင်းမြို့ကို ရောက်လာခဲ့တဲ့ ဒီရဲတပ်ဖွဲ့ဝင် ၅ ဦးထဲက တဦးက -

" ကျနော်က ရဲတပ်သား လာ့နွန်ခေါပါ။ ကျနော်တို့က CDM ဝင်မယ်ဆိုပြီးတော့ လက်နက်ကို ထားခဲ့ပါတယ်။ သူငယ်ချင်းတွေဆီမှာ ဆီသွားထည့်ရင်းနဲ့ သူတို့ကလည်း CDM ဝင်မယ် ၊ ကလေးမြို့ကိုသွားမယ်ဆိုပြီး ညဘက် စထွက်လာခဲ့တာ CDM ခေါင်းဆောင်နဲ့ တွေ့ပြီး အဲလို ဝင်လာဖြစ်တာပါ။ "

ဒီနေရာမှာ အဲဒီရဲတပ်ဖွဲ့ဝင် လူငယ် (၅)ဦးစလုံးကို အိန္ဒိယ နယ်စပ်အထိ ကောင်းကောင်းမွန်မွန် ပို့ဆောင်ပေးခဲ့တဲ့ ကဗျာဆရာလည်း ဖြစ်သူ ကိုနေမင်းဦးက -

" ကျနော်က စစ်ကိုင်းတိုင်း ကလေးမြို့ကပါ။ ဒီမှာ ရဲဝန်ထမ်းတွေ CDM ဝင်တော့ သူတို့လုံခြုံရေးအတွက် အိန္ဒိယနဲ့လည်းနီးတော့ အိန္ဒိယဘက်ကို ရှောင်ခိုင်းလိုက်တာဗျ။ အဲဒီလိုသွားဖို့ ဟိုဖက်ကမ်းမှာရှိတဲ့ ကျနော်တို့ရဲ့ မိတ်ဆွေတွေနဲ့ ဆက်သွယ်ပြီး အကူအညီပေးလိုက်ပါတယ်။ "

အဲဒီတော့ ဒီ CDM လှုပ်ရှားမှုမှာပါဝင်ဖို့ ဘာ့ကြောင့် ဆုံးဖြတ်ခဲ့ရပါသလဲလို့ မေးရာမှာ ရဲတပ်သား လာ့နွန်ခေါက -

" စစ်အာဏာသိမ်း လက်အောက်မှာ ပြည်သူတွေကို ဖိနှိပ်ညှဉ်းပန်း နှိပ်စက်တာကို မခံစားနိုင်လို့ပဲ။ အခုကတော့ နေ့ရောညရော အားတဲ့အချိန်မှာ ဖေ့စ်ဘွတ်ကို ကြည့်ပြီးတော့ ရဲတွေက သေနတ်နဲ့ ပစ်တယ် ဘာညာ အဲဒါကိုကြည့်ပြီး ပြည်သူတွေကို သနားလာလို့ ခုလိုဆုံးဖြတ်ရတာ။ ဝေဘူလမြို့မှာက လူမများတော့ အဲလောက်တော့ ဆိုးဆိုးဝါးဝါး မရှိဘူး။ "

အခုလို CDM မှာ ပါလာရခြင်း အကြောင်းအရင်းကို ဒီရဲတပ်ဖွဲ့ဝင် ၅ ဦးထဲက နောက်ထပ် အမည်မဖေါ်လိုသူ တဦးပြောတာကတော့ -

" ကျနော်တို့ကတော့ .. CDM ကို လုပ်ပါဆိုပြီး သူများတွေက လာစည်းရုံးလို့ လုပ်တာမဟုတ်ဘူးလေ။ ကျနော်တို့က စစ်အာဏာရှင် လက်အောက်မှာ တာဝန် မထမ်းဆောင်ချင်လို့ ကိုယ့်ဟာကို CDM ထဲ ဝင်လာတာပါ။ "

အခုဒီ ဖလန်းခရိုင်ရဲစခန်းကနေ ထွက်ပြေးလာသူတွေကို အိန္ဒိယဘက်ကနေ မြန်မာပြည်ကို ပြန်ပို့ပေးဖို့ မြန်မာအာဏာပိုင်တွေက တောင်းဆိုထားတယ်လို့ အိန္ဒိယရဲအရာရှိတွေက ပြောနေချိန်မှာပဲ စနေနေ့တုန်းက နောက်ထပ် ရဲတပ်သား(၃)ဦး ထပ်မံ ရောက်ရှိလာတယ်လို့ ဆိုပါတယ်။ အခုလို ရဲတပ်ဖွဲ့ဝင် CDM မှာပိုပြီး ပါဝင်လာတာက ယာယီရဲမှူး ရဲဗိုလ်ချုပ် တင်မင်းထွန်း ဖေ့စ်ဘွတ်ကနေ မကြားသေးခင် တိုက်တွန်းခဲ့အပြီး ဖြစ်လာတာပါ။ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း သူတိုက်တွန်းခဲ့တာက 

" မင်းတို့လုပ်တာ ရဲတပ်ဖွဲ့ကြီးလည်း သွားပြီ ..ငါ ရှက်တယ်။ လက်နက်မဲ့ ပြည်သူတွေကို မင်းတို့ ဒီလိုလုပ်တာက လက်နက်ကြီး တကားကားနဲ့ သတ်ရဲတာ ရိုက်ရဲတာ အဲဒါသတ္တိလား။ မင်းတို့ ပစ်လိုက်တဲ့ ကျည်ဆံတွေက ထိသွားတဲ့ လူငယ်လေးတွေတင် မကဘူး၊ ပြည်သူတရပ်လုံးရဲ့ အသဲထဲ ရင်ထဲကိုပါ ထိသွားပြီ။ အချိန်ရှိသေးတယ် နောင်တရကြပါ။ ငါတို့ CDM လုပ်တယ်ဆိုတာက ဒီလို ဒီပုံစံနဲ့ မတရားခိုင်းတော့မယ်ဆိုတာ ငါတို့ကသိနေတယ် .. အဲဒီလို ခိုင်းလာတာကိုလည်း မလိုချင်ဘူး။ ပြည်သူတွေလိုလားနေတဲ့ ကိစ္စကို ငါတို့လည်း လိုလားတယ်။ လူငယ်တွေရဲ့ အနာဂတ်ကိုလည်း လိုလားတယ်။"

တကယ်တော့ ဆန္ဒပြပွဲတွေကို ပိုပြီးအကြမ်းဖက် နှိမ်နင်းလာချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေလည်း CDM လှုပ်ရှားမှုမှာ ပိုပြီး ပါဝင်လာနေကြပြီး ၊ ကယားပြည်နယ်မှာ အများဆုံးနဲ့ နေပြည်တော် မန္တလေးမြို့တွေမှာလည်း ရှိလာနေပါတယ်။


၀င်းမင်း/ VOA Burmese

https://burmese.voanews.com/a/more-police-cdm/5804729.html

CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်သူ ရဲတပ်ဖွဲ့ဝင်တွေ ပိုများလာ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်သူ ရဲတပ်ဖွဲ့ဝင်တွေ ပိုများလာ Reviewed by THITHTOOLWIN on 09:52 Rating: 5

No comments:

Powered by Blogger.