![]() |
ရန်ကုန်စစ်အာဏာသိမ်းကန့်ကွက်ဆန္ဒပြပွဲ |
အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခိုလှုံသွားတဲ့ မြန်မာရဲတပ်ဖွဲ့ဝင်တွေကို ပြန်လွှဲပြောင်းပေးဖို့ မြန်မာ စစ်ဘက်အုပ်ချုပ်ရေးကောင်စီက အိန္ဒိယကို တောင်းဆိုထားတယ်လို့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက တာဝန်ရှိသူတစ်ဦးကို ဒီကနေ့ပြောတဲ့အကြောင်း ရိုက်တာသတင်းတစ်ပုဒ်မှာ ရေးထားပါတယ်။
ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲခိုင်းတာ မလုပ်ချင်တဲ့အတွက် မြန်မာရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစု အယောက် ၃၀ ဝန်းကျင် ပြီးခဲ့တဲ့ရက်တွေက အိန္ဒိယဘက် ထွက်ပြေးခိုလှုံခဲ့တာပါ။
"ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့အတွက်" မြန်မာရဲတပ်ဖွဲ့ဝင် ၈ ဦးကို ပြန်ပြီးလွှဲ ပြောင်း ပေးဖို့ တောင်းထားတဲ့ ချင်းပြည်နယ်၊ ဖလမ်းခရိုင်တာဝန်ရှိသူရဲ့ စာတစ်စောင်ကို လက်ခံရရှိထား တယ် လို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Champhai ခရိုင် ဒုတိယကော်မရှင်နာမင်းကြီး Maria C. T. Zuali က ရိုက်တာသတင်းဌာနကို ဒီကနေ့ပြောပါတယ်။
အိန္ဒိယအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့"ညွှန်ကြားချက်ကို စောင့်နေတယ်" လို့လည်း ဒုတိယကော်မရှင်နာမင်းကြီးက ပြောပါတယ်။
မြန်မာရဲတပ်ဖွဲ့ဝင်တွေ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်ကြတာတွေ ရှိထားပေမယ့်လည်း အခုလို ထွက်ပြေးခိုလှုံတာကတော့ ပထမဆုံးဖြစ်ရပ်တွေပါ။
ဖလမ်းခရိုင်တာဝန်ရှိသူက ပေးပို့တဲ့စာ မိတ္တူကို ရိုက်တာသတင်းဌာနက ကြည့်ခွင့်ရခဲ့ပြီး စာထဲမှာ အိန္ဒိယဘက်ရောက်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၈ ဦးရဲ့ အချက်အလက်တွေ ရှိထားပြီလို့ ရေးထားပါတယ်။ အမျိုးသမီး ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် အသက် ၂၂ နှစ်ကနေ ၂၅ နှစ်အရွယ် ရဲတပ်ဖွဲ့ဝင်လေးဦးရဲ့ အသေးစိတ် အချက်အလက်တွေကိုလည်း စာထဲမှာဖော်ပြထားပါတယ်။
"နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးကို ထိန်းသိမ်းတဲ့အနေနဲ့ အိန္ဒိယနယ်မြေထဲမှာရောက်နေတဲ့ မြန်မာရဲတပ်ဖွဲ့ဝင် ၈ ဦးကို ထိန်းသိမ်းပြီး မြန်မာနိုင်ငံဘက် ပြန်လည်လွှဲပြောင်းပေးဖို့ ပန်ကြားပါတယ်" လို့ စာထဲမှာရေးထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး အိန္ဒိယ ပြည်ထဲရေးဌာနနဲ့ နိုင်ငံခြားရေးဌာနတို့ကို ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တုံ့ပြန်ပြောဆိုချက် မရခဲ့ပါဘူး။
ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com/a/myanmar-coup-india-cdm-/5804157.html

No comments:
Post a Comment