လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်း ၄၀၀၀ ခန့် CDM မှာပါဝင်



နေပြည်တော်က လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ရုံးချုပ်နဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ လက်အောက်ခံ ရုံးအားလုံးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်း ၄၀၀၀ လောက်ဟာ၊ တရားမဝင် အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီရဲ့ လက်အောက်မှာ မနေလိုဘဲ၊ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ကိုသာ သစ္စာစောင့်သိလိုက်တာကြောင့် မတ်လ ၁ ရက်နေ့ကစလို့ လုံးဝ အလုပ်မသွားဘဲ အာဏာဖီဆန်ရေးကို ရာနှုန်းပြည့် စတင်လိုက်ပြီဖြစ်ကြောင်း ဒီကနေ့ မတ်လ ၃ ရက် ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းတွေဟာ ဖေဖော်ဝါရီလ ၈ ရက်နေ့ကတည်းက ခွင့်အမျိုးမျိုးတင်ပြီး အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခု မတ်လ ၁ ရက်နေ့ကစလို့ ခွင့်တင်တာမျိုးမလုပ်၊ ရုံးလည်း လုံးဝမတက်တော့ဘဲ အာဏာဖီ ဆန်ရေးကို ရာနှုန်းပြည့် စတင်လိုက်ပြီလို့ CDM လုပ်နေတဲ့ လုံခြုံရေးအရအမည်မဖော်လိုသူ လျှပ်စစ် ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

RFA က လက်ခံရရှိထားတဲ့ CDM လျှပ်စစ်ဝန်ထမ်းတွေရဲ့ ကြေညာချက်မှာ “လျှပ်စစ်စွမ်းအား စီမံရေးဦးစီး ဌာန၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ စီမံရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနဲ့ ကွပ်ကဲရေးဦးစီးဌာန” အပါအဝင် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန ၁၁ ခုက၊ ဝန်ထမ်း ၄၀၀၀ ခန့် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ရာနှုန်းပြည့် ပါဝင်လာတာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ခိုင်းစေချက်အရ ညွှန်မှူးနဲ့ ညွှန်ချုပ်အဆင့် တာဝန်ရှိသူတွေက CDM ဝန်ထမ်းတွေကို စာနဲ့ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ဖိအားပေး ခြိမ်းခြောက်လာမယ်ဆိုရင် သက်သေမှတ်တမ်း ရယူထားပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ထံ ပေးပို့တိုင်ကြားသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

လျှပ်စစ်ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုအပေါ် အထက်ဆင့်အရာရှိတွေရဲ့ အမြင်သဘောထား သိနိုင်ဖို့အတွက် နေပြည်တော်ရှိ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ဖုန်းနံပါတ်တွေကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ အရာရှိ တစ်ဦးက အဲဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်ဖြေကြားခွင့် မရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။

နေပြည်တော် ပြည်သူ့လွှတ်တော်ရုံးက CDM လုပ်နေတဲ့ ဝန်ထမ်း ၁၇ ဦးကို အလုပ်ကနေ ယာယီရပ်နား လိုက်ကြောင်း ပြည်သူ့လွှတ်တော်ရုံးက မတ်လ ၁ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

သူတို့အားလုံးဟာ ပြည်သူ့လွှတ်တော်ရုံးက ဦးစီးမှူး၊ ဒုဦးစီးမှူးနဲ့ အကြီးတန်းစာရေး ရာထူးတာဝန် ထမ်းဆောင်နေသူတွေပါ။

ယာယီအလုပ်ဖြုတ်ခံလိုက်ရတဲ့ လွှတ်တော်ရုံး ဝန်ထမ်းတစ်ဦးကတော့ “နိုင်ငံတော်ယန္တရား လည်ပတ်တဲ့ထဲမှာ လွှတ်တော် မပါပေမယ့် ဒီမိုကရေစီရတဲ့အခါ ဥပဒေပြုရေးမဏ္ဍိုင်မှာ လွှတ်တော်ကသာ အဓိကကျတာမို့ ပြည်သူတင်မြှောက်တဲ့ အစိုးရအောက်မှာသာ အလုပ်လုပ်ချင်တယ်၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက် မှသာ ရုံးပြန်တက်မယ်” လို့ RFA ကို ပြောပါတယ်။

CDM လုပ်တာကြောင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က အလုပ်ဖြုတ်ခံရတဲ့ အကောက်ခွန်ဦးစီးဌာန အရာရှိတစ်ဦးကတော့ ဘယ်လောက်ပဲ ဖိနှိပ်မှုတွေရှိရှိ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

CDM လုပ်တဲ့ဝန်ထမ်းတွေကို ကူညီထောင်ပံ့ရေး ဆောင်ရွက်နေတဲ့ ပဲခူးတိုင်း သနပ်ပင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးကတော့ ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုဟာ အလွန်အရေးကြီးတဲ့အတွက် ဖိနှိပ်မှုတွေကို တောင့်ခံပြီး ဆက်လက်တိုက်ပွဲဝင်ဖို့ တိုက်တွန်းထားပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ထုတ်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ရဲ့ ကြေညာ ချက်မှာ CDM လုပ်တဲ့ဝန်ထမ်းတွေကို ပြည်သူ့အစိုးရ အာဏာပြန်ရလာတဲ့အခါ မူလရာထူးတာဝန်တွေ ပြန်ပေးအပ်ရုံမက ပြည်သူ့ဝန်ထမ်းကောင်း အမှတ်တံဆိပ်နဲ့ ဂုဏ်ပြုလွှာတွေပါ ပေးအပ်သွားမယ်လို့လည်း ဦးမြင့်ဦးက ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ နေပြည်တော်ရဲတပ်ဖွဲ့ တပ်ကုန်းမြို့မရဲစခန်းက ရဲတပ်သား ခြောက်ယောက်ကလည်း စစ်အာဏာရှင် လက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ် မရှိတာကြောင့် ဒီနေ့ မတ်လ ၃ ရက်ကစပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး CDM ဆောင်ရွက်သွားမယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ရဲတပ်သား ဖြိုးအာကာ၊ မင်းမင်းထွန်း၊ တင်ထွဋ်အောင်၊ ကောင်းမြတ်ကျော်၊ နန်းဝင်းသူနဲ့ ဟိန်းစိုး တို့က ပြည်သူတွေနဲ့အတူ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ပြီး အာဏာရှင်စနစ်ကို အမြစ်ပြတ် တိုက်ပွဲဝင် သွားမယ်လို့ ပြောကြားလိုက်တာပါ။

ဖေဖော်ဝါရီလ ၉ ရက်နေ့ နေပြည်တော် သပြေကုန်းအဝိုင်းက လူထုဆန္ဒပြပွဲမှာ ရဲအရာရှိတစ်ဦးက ဆန္ဒပြ သူတွေနဲ့ ပူးပေါင်းပါဝင်ခဲ့သလို၊ ပြီးခဲ့တဲ့ တစ်ပတ်ကလည်း ရန်ကုန်တိုင်း ရဲသတင်းတပ်ဖွဲ့က ရဲမှူးတစ်ဦး CDM လှုပ်ရှားမှုမှာ ပါဝင်နေကြောင်း ရုပ်သံမေးမြန်းခန်းနဲ့တကွ သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

RFA Burmese



လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်း ၄၀၀၀ ခန့် CDM မှာပါဝင် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်း ၄၀၀၀ ခန့် CDM မှာပါဝင် Reviewed by THITHTOOLWIN on 08:32 Rating: 5

No comments:

Powered by Blogger.