CDM မှာပါဝင်လို့ ထုတ်ပယ်ခံရတဲ့ သံရုံးဝန်ထမ်းနဲ့ ဆက်သွယ်မေးမြန်းချက်

ဂျာမဏီမြို့က မြန်မာသံရုံး (ဓာတ်ပုံ- Courtesy)

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာကို အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်နေတဲ့ CDM လှုပ်ရှားမှုမှာ နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာသံရုံးတွေက ဝန်ထမ်းတွေလည်း ပါဝင်နေတာမှာ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့က CDM မှာ ပါဝင်တဲ့ ၃ ဦးထဲက ၂ ဦး ရာထူးက ထုတ်ပစ်လိုက်ကြောင်း နေပြည်တော်မှာရှိတဲ့ နိုင်ငံခြားရေးဌာနက အမိန့်ကြေညာချက် ထွက်လာခဲ့ပါတယ်။ အခု ရာထူးက ဖယ်ရှားခံရသူ တဦးဖြစ်တဲ့ ဒေါ်မြတ်ဇာဇာခိုင်ကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းတာမှာ သူတို့အနေနဲ့ CRPH ကို ထောက်ခံပြီး စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း ပြောဆိုခဲ့တဲ့အတွက် ရာထူးက ဖယ်ရှားတာဖြစ်နိုင်တယ်လို့ အစချီပြီး ပြောပါတယ်။

ဒေါ်မြတ်ဇာဇာခိုင်။ ။ ကျမတို့ထင်တာကပေါ့နော် ကျမတို့CDM ကိုကြေညာတဲ့အချိန်မှာ ကျမတို့CRPH ကို ထောက်ခံတယ်ပေါ့။ နောက်ပြီးတော့ အခုလက်ရှိစစ်ကောင်စီကိုလည်း ကျမတို့က မကြောက်ဘူးပေါ့နော်။ ကျမတို့ဆက်ပြီး ဒီအမိန့်တွေကို နာခံပေးဖို့လုပ်မလို့CDM မှာ ကြေညာထားတဲ့အတိုင်းပါပဲ။ အဲဒါကြောင့်မို့လို့ကျမတို့က ယူဆတယ်ပေါ့နော်။ ဒီ CRPH ကို ထောက်ခံတဲ့အခါမှာ သတ်မှတ်ထားတဲ့ ညွှန်ကြားချက်တွေအတိုင်းပဲပေါ့နော် အဲဒါတွေအတိုင်းပဲ ကျမတို့ကဆောင်ရွက်မယ်လို့ပဲ ကျမကတော့ မြင်မိပါတယ်ရှင်။

ကိုဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့ တကယ်တော့ ပြောကြမယ်ဆိုရင် အာဏာသိမ်းစစ်ကောင်စီပေါ့နော် သူတို့ဟာ တရားဝင်အစိုးရမဟုတ်ဘူးလို့ကျနော်တို့ပြည်သူလူထုကရော၊ အခုဒီ အမတို့CDM လုပ်တဲ့သူတွေကရော သတ်မှတ်ထားတာဖြစ်တယ်။ နောက်တဘက်မှာလည်း CRPH လို့ ခေါ်တဲ့ ဒီ ယာယီအစိုးရက ဖွဲ့ထားပြီးသားဖြစ်နေတော့ သူတို့ရဲ့ အမတို့အပေါ် အလုပ်ဖြုတ်တဲ့စာ ထုတ်တယ်ဆိုတာကရော တကယ်ရောတရားဝင်တယ်လို့အမတို့ရင်ထဲမှာ ခံစားရလား။

ဒေါ်မြတ်ဇာဇာခိုင်။ ။ ကျမတို့က ဒါကတော့ ရှင်းပါတယ် ပေါ့နော်။ ကျမတို့ရဲ့ အစိုးရသည် ပြည်သူ့အစိုးရဖြစ်လို့ သမ္မတကြီးဦးဝင်မြင့် ဦးဆောင်တယ်။ကျမတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့၊ နိုင်ငံတော်အတိုင်ပင်ခံလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တယ်။ ဒါကတော့ ကျမတို့ရဲ့ တရားဝင်အစိုးရအဖြစ်နဲ့ဒါကြောင့်မို့လည်း ဒီအစိုးရရအမိန့်အောက်မှာ လိုက်နာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ကျမတို့က CDM ကို ပါဝင်ဖြစ်သွားတာပေါ့နော်။ ဒါကြောင့်မို့လို့အခုချိန်မှာတော့ ၊ အခု လက်ရှိအာဏာယူထားတာဆိုလို့ရှိရင် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ကိုက်ညီခြင်းမရှိဘူး။ ဒါကြောင့်မိုလို့ ကျမတို့က တရားဝင်အစိုးရအဖြစ်နဲ့သတ်မှတ်လို့မရနိုင်ဘူူး။ သူတို့ဘက်ကလည်း သူတို့လုပ်စရာရှိတာဆက်လုပ်မယ်ပေါ့။ ကျမတို့က တရားဝင်အစိုးရအနေနဲ့တော့ ခံစားလို့မရဘူး။

ကိုဇော်ဝင်းလှိုင်။ ။ အဲဒီတော့ အခုလိုမျိူး စာထုတ်လိုက်တဲ့ အတွက်ရော အမတို့ CDM လှုပ်ရှားမှုကြီး ထိခိုက်မှုရှိနိုင်မလား။ အမတို့ရဲ့ တွေးခေါ်မှု၊ လုပ်ငန်းလုပ်ဆောင်မှုတွေ အပေါ်မှာရော ဘယ်လို များအကျိူးသက်ရောက်မှုရှိနိုင်မလဲ။

ဒေါ်မြတ်ဇာဇာခိုင်။ ။ အများအတွက်ကိုတော့ ကျမမပြောတတ်ဘူးပေါ့နော်။ ကျမရဲ့ တဦးချင်းအမြင်ကိုပဲ ဖြေကြားချင်ပါတယ်။ ကျမတို့ရဲ့ ယုံကြည်ချက်၊ မိမိရဲ့ ယုံကြည်ရာအတွက်လုပ်တာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒီလိုမျိူးအရေးယူဆောင်ရွက်မှုတွေကိုလည်း နဂိုထဲက ကျမတို့စဉ်းစားထားပါတယ်။ စဉ်းစားထားတဲ့အတွက် ဒီလိုအခက်အခဲတွေရှိပေမယ့်လည်း ကျမတို့က ပြည်သူတွေအတွက်၊ ကျမတို့နိုင်ငံအတွက် ဒါလုပ်ကိုလုပ်ရမယ်ဆိုတဲ့ အသိစိတ်ကြောင့် ကျမတို့က ဒါကို လုပ်ခဲ့တာပေါ့နော်။ ဒါကြောင့်မို့လို့ CDM မှာ ကျမတို့လိုပဲ ပြည်ပမှာပဲဖြစ်ပါစေ၊ ပြည်တွင်းမှာပဲ ဖြစ်ပါစေ၊ အကုန်လုံးဟာ ဒီလို ယုံကြည်ချက်အတွက်လုပ်တာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အခက်အခဲတွေအကုန်လုံးကို ကြံ့ကြံ့ခံပြီးရင်ဆိုင်မယ်စိတ်ထားမျိူးလူတိုင်းမှာ ရှိမယ်လို့ ကျမတော့ ယုံကြည်ပါတယ်။

ကိုဇော်ဝင်းလှိုင်။ ။ အခု CDM ဆက်လုပ်နေတဲ့ ဝန်ထမ်းတွေကိုရော ဘာများပြောချင်တာရှိပါသလဲခင်ဗျ။

ဒေါ်မြတ်ဇာဇာခိုင်။ ။ ကျမဆက်ပြီးပြောချင်တာကတော့ အခုနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေမှာဆိုလို့ရှိရင် ကျမတို့ဝန်ထမ်းတွေဟာ အင်မတန်ကို အခရာကျပါတယ်။ ကျမတို့ရဲ့ ဝန်ထမ်းတွေသည် ပြည်သူ့ဝန်ထမ်းအဖြစ် ရဲရဲရင့်ရင့် ရပ်တည်ပေးပါ။ ဒါမှသာ ကျမတို့နိုင်ငံမှာ အခုဖြစ်နေတဲ့ သွေးထွက်သံယိုမှုတွေ၊ မတရား ညှဉ်းပမ်းနိုပ်စက်တာတွေ အကုန်လုံးဟာ သက်သာသွားမှာပါ။ ဒါကြောင့်မို့လို့လည်း ကျမတို့ဟာ ကိုယ့်ရဲ့ နေရာ၊ ကိုယ့်ရဲ့တည်ငြိမ်နေတဲ့ အလုပ်တွေအကုန်လုံးကို စွန့်ပြီးတော့ ဒီလိုပဲ ရဲရဲရင့်ရင့် ရပ်တည်ပေးခဲ့တာပါ။ ဒါကြောင့်မို့လို့အခု CDM မှာ အကြောင်းအမျိုးမျိူးနဲ့မပါဝင်နိုင်ကြသေးသူတွေကလည်း ရဲရင့်ပေးပါ။ ပြည်သူတွေ မျတ်နှာကြည့်ပေးပါလို့ကျမကတော့ မေတ္တာရပ်ခံချင်ပါတယ်။

အခုချိန်ထိ CDM မှာ ပါဝင်တဲ့ သံရုံးဝန်ထမ်း ၃၀ ဦး ရှိနေတာမှာ ဘာလင်မြို့က ဝန်ထမ်း ၂ ဦးနဲ့ နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ ၃ ဦးကိုသာ ရာထူးက ဖယ်ရှားခံရသေးတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဂျပန်မှာရှိတဲ့ မြန်မာသံရုံးကနေ CDM မှာ ပါဝင်လာတဲ့ ဝန်ထမ်း ၂ ဦးကို အစောင့်အကြပ်မပါဘဲ သံအမတ်ကြီးက အပြင်ပေးမထွက်သလို အပြင်ကလူတွေနဲ့လည်း ဆက်သွယ်ခွင့်မပြုဘူးလို့ ဒီဝန်ထမ်းတွေနဲ့ နီးစပ်သူတွေက ဗွီအိုအေကို ပြောပါတယ်။ 


ကိုဇော်ဝင်းလှိုင်/ VOA Burmese

https://burmese.voanews.com/a/civil-disobedience-movement-Myanmar-coup-Germany-diplomat-/5810067.html

CDM မှာပါဝင်လို့ ထုတ်ပယ်ခံရတဲ့ သံရုံးဝန်ထမ်းနဲ့ ဆက်သွယ်မေးမြန်းချက် CDM မှာပါဝင်လို့ ထုတ်ပယ်ခံရတဲ့ သံရုံးဝန်ထမ်းနဲ့ ဆက်သွယ်မေးမြန်းချက် Reviewed by THITHTOOLWIN on 10:17 Rating: 5

No comments:

Powered by Blogger.