ခင်ဦး ပစ်ခတ်မှု CDMဝန်ထမ်းတစ်ဦးအပါအဝင် နှစ်ဦးကျဆုံး


ဓာတ်ပုံ -CJ

မုံရွာ၊မတ်-၂၅

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့တွင် ယနေ့နေ့လည်ပိုင်းက ပစ်ခတ်မှုဖြစ်ခဲ့ရာ အမျိုးသားသုံးဦး ကျည်ထိမှန်ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

သေဆုံးသူနှစ်ဦးတွင် တစ်ဦးမှာ ခင်ဦးမြို့နယ်မြေတိုင်းစာရင်းရုံးမှ မြေတိုင်းစာရေးတစ်ဦးဖြစ်ပြီး CDMပြုလုပ်နေသူ ကိုတိုးဇော်အောင်ဖြစ်သည်။

ကျန်တစ်ဦးမှာ အသက် ၁၉ နှစ်အရွယ် မောင်ဇော်ဝင်းမောင်ဆိုသူဖြစ်သည်။

" ကားပေါ်က ဆင်းပြီး အကုန်ပစ်တာ။ခံစစ်တွေလည်း တောင့်မခံနိုင်တော့ဘဲ လူစုကွဲသွားတဲ့အချိန် အိမ်တွေထဲထိဝင်ဆွဲတယ်။ဒဏ်ရာရတဲ့သူတွေကို ဆေးကုနေတဲ့ဘုန်းကြီးကျောင်းကိုဝင်စီးပြီး လူနာတွေရောခေါ်သွားတယ်။ဆေးကုပေးနေတဲ့ သူနာပြုဆရာမနှစ်ယောက်ကိုလည်း ဖမ်းသွားတယ်။"ဟု ခင်ဦးမြို့ခံက ပြောသည်။

လက်တွင် ကျည်ထိမှန်သူ အမျိုးသားတစ်ဦးသည်  ကုသမှုခံယူနေဆဲဖြစ်ကြောင်းသိရသည်။

 ဒေသခံ ၃၂ဦးလည်း ဖမ်းဆီးခံရကြောင်း သတင်းရရှိပြီး အချို့မှာ နေအိမ်အတွင်းမှ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

ယမန်နေ့ညက ခင်ဦးမြို့၊အောင်ချမ်းသာရပ်ကွက်မှ ကင်းစောင့်နေသော လူငယ် ၁၄ဦးကို ဖမ်းဆီးသဖြင့် မြို့နယ်လူထုမှ ရဲစခန်းအားဝိုင်း၀န်းဆန္ဒပြရာ ၁၁နာရီခွဲခန့်က ပြန်လည်လွတ်ပေးခဲ့ပြီးနောက် တင်းမာမှုများဖြစ်ခဲ့သည်။


Monywa Gazette

https://www.facebook.com/monywagazette

ခင်ဦး ပစ်ခတ်မှု CDMဝန်ထမ်းတစ်ဦးအပါအဝင် နှစ်ဦးကျဆုံး ခင်ဦး ပစ်ခတ်မှု CDMဝန်ထမ်းတစ်ဦးအပါအဝင် နှစ်ဦးကျဆုံး Reviewed by THITHTOOLWIN on 23:22 Rating: 5

No comments:

Powered by Blogger.