CDM ဝန်ထမ်းတွေ ဖိအားပေးခံနေရလို့ နေစရာအခက်အခဲရှိနေ


အာဏာသိမ်းမှုကို ဆန့်ကျင်ဖီဆန်ပြီး ရုံးမတက်ဘဲ CDM လုပ်နေကြတဲ့ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေ ရုံးပြန်မတက်ရင် နေအိမ်လိုင်းခန်းကနေ ဖယ်ရှားဖို့ ဖိအားပေးနေလို့ CDM ဝန်ထမ်းတွေ အခက်အခဲ ရှိနေကြပါတယ်။

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်က မြနန္ဒာဝန်ထမ်းအိမ်ရာဝင်းမှာ နေထိုင်ကြတဲ့ CDM ဝန်ထမ်းတွေကို မတ်လ ၂၂ ရက်နေ့မှာ ရုံးပြန်တက်ဖို့၊ မတက်ရင် လိုင်းခန်းကနေ ဖယ်ရှားပေးဖို့၊ မဖယ်ရင် အင်အားသုံး ဖယ်ရှားမယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက မတ် ၂၁ရက်နေ့က ဓါတ်တိုင်တွေမှာ အကြောင်းကြား သတိပေးစာကပ် ခြိမ်းခြောက်ခဲ့ပါတယ်။

CDM မှာပါတဲ့ ဝန်ထမ်းတွေရော မပါတဲ့ဝန်ထမ်းတွေပါ နေအိမ်လိုင်းခန်းတွေကနေ ပြောင်းနေကြလို့ လတ်တလောမှာ အိမ်ခန်း ၅၀ ရာခိုင်နှုန်းလောက် ဖယ်ရှားပြီးနေပြီလို့ မြနန္ဒာအိမ်ရာမှာနေထိုင်တဲ့ အမည်မဖော်လိုတဲ့ ပညာရေးဝန်ထမ်းတစ်ဦးက RFA ကိုပြောပါတယ်။

မြနန္ဒာဝန်ထမ်းအိမ်ရာမှာ မန္တလေးမြို့ ဌာနပေါင်းစုံက ဝန်ထမ်းတွေ နေထိုင်ကြတာဖြစ်ပြီး ခန့်မှန်းခြေ အိမ်ထောင်စုပေါင်း ၂၀၀ ကျော်က လူဦးရေ ၂၀၀၀ ကျော်လောက်ရှိပါတယ်။

CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ မန္တလေး မြန်မာ့မီးရထားဝန်ထမ်းတွေကိုလည်း မတ်လ၂၂ ရက်နေ့မှာ ရုံးပြန်မတက်ရင် လိုင်းခန်းအိမ်ရာတွေက ဖယ်ရှားပေးဖို့ ဖိအားပေးခံရတာကြောင့် CDM မှာပါဝင်တဲ့ ဝန်ထမ်းအားလုံးဟာ အိမ်ရာတွေကနေ ထွက်ခွာသွားကြပါတယ်။

CDM မှာပါတဲ့ ဝန်ထမ်းအားလုံးက အလှူရှင်တွေ စီစဉ်ပေးတဲ့ နေရာတွေမှာ နေထိုင်ဖို့ ပြောင်းရွှေ့လိုက်ကြပြီ ဖြစ်တယ်လို့ ချမ်းမြသာစည် မီးရထားအိမ်ရာကနေ ဖယ်ရှားပေးလိုက်ရတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့ ချမ်းမြသာစည်နဲ့ ချမ်းအေးသာစံမြို့နယ်တွေမှာ မြန်မာ့မီးရထား ဝန်ထမ်းအိမ်ရာတွေ ရှိတာဖြစ်ပြီး အိမ်ထောင်စုပေါင်း ၁၀၀၀ ကျော်ရှိတဲ့အနက် CDM မှာမပါဝင်တဲ့ ဝန်ထမ်းအနည်းငယ်ပဲ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့က မီးရထားဝန်ထမ်းတွေဟာလည်း CDM မှာပါဝင်တဲ့အတွက် အိမ်ရာတွေကနေ ဖယ်ရှား ပေးလိုက်ရပါတယ်။

ရန်ကုန်မြို့ မလွှကုန်း မီးရထားဝန်ထမ်းအိမ်ရာကို အာဏာသိမ်းစစ်ကောင်စီ တပ်တွေ မတ်လ ၁၀ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အိမ်ရာမှာနေထိုင်တဲ့ CDM ဝန်ထမ်းတွေ နေအိမ်ကနေ ဖယ်ရှားပေးလိုက်ကြပါတယ်။

မလွှကုန်းမီးရထားဝန်ထမ်း မိသားစုဝင်တစ်ဦးက ဝန်ထမ်းဖြစ်တဲ့ အဖေ ဇာတိနယ်ကိုပြန်သွားခဲ့ပြီး သူကတော့ အဆုံးထိ တိုက်ပွဲဝင်ဖို့ ရန်ကုန်မှာ ကျန်ခဲ့တယ်လို့ RFA ကိုပြောပါတယ်။

ဖယ်ရှားခံလိုက်ရတဲ့ ဝန်ထမ်းမိသားစုတွေဟာ အခြား ကိုယ်ပိုင်နေစရာ နေရာ၊ မိသားစုဝင်တွေရှိတဲ့ နေရာ၊ အလှုရှင်တွေ ကူညီတဲ့နေရာတွေကို ပြောင်းရွှေ့လိုက်ကြတာပါ။ နေစရာ အခက်အခဲကြောင့် အများစုက အိမ်ထောင်ပရိဘောကတွေကို ထားခဲ့ပြီးလူတွေပဲ အလွတ်ပြောင်းရွှေ့ကြရပါတယ်။

CDM ဝန်ထမ်းတွေ ပြောင်းရွှေ့နိုင်ဖို့ အိမ်ခန်းငှားပေးတာတွေ၊ အိမ်ခန်း၊ တိုက်ခန်း အလွတ်ရှိသူတွေက နေဖို့စီစဉ်ပေးတာတွေနဲ့ ကူညီပေးနေတယ်လို့ CDMတွေကို ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။

CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီက လစာနဲ့ တခြားအထောက်အပံ့ပေးဖို့ စီစဉ်နေပါတယ်။ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အနုနည်းလှုပ်ရှားမှုဖြစ်တဲ့ CDM မှာ ဝန်ကြီးဌာန အသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာနိုင်ငံ နေရာဒေသအသီးသီး ဝန်ထမ်းတွေ ပါဝင်နေကြပါတယ်။

CDM မှာပါဝင်တဲ့ ဝန်ထမ်းတွေကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးတာ၊ အလုပ်ကနေ ထုတ်ပစ်တာ၊ ရုံးပြန်တက်ကြဖို့ စာထုတ်ဖိအားပေးတာ၊ ဝန်ထမ်းအိမ်ရာတွေကနေ ပြောင်းရွှေ့ဖို့ ဖိအားပေးတာစတဲ့ ဖိအားပေးနည်း အမျိုးမျိုးနဲ့ ခြိမ်းခြောက်နေပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ဒု-ဝန်ကြီး ဗိုလ်မှုးချုပ် ဇော်မင်းထွန်းကတော့ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးတာမရှိဘူးလို့ မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/accommodation-difficulties-for-cdm-employees-03242021053202.html



CDM ဝန်ထမ်းတွေ ဖိအားပေးခံနေရလို့ နေစရာအခက်အခဲရှိနေ  CDM ဝန်ထမ်းတွေ ဖိအားပေးခံနေရလို့ နေစရာအခက်အခဲရှိနေ Reviewed by THITHTOOLWIN on 23:01 Rating: 5

No comments:

Powered by Blogger.