ပညာရေး ဝန်ထမ်းတွေကို CDM မှာ မပါဝင်ကြောင်း ကိုယ်တိုင်ရေး ခံဝန်ချက် တင်ခိုင်းနေ






နေပြည်တော်၊ မတ် ၁၆၊ ၂၀၂၁

ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ ဌာနခွဲတွေက အရာထမ်း၊ အမှု ထမ်း အားလုံး CDM လှုပ်ရှားမှုမှာ ပါဝင်ခြင်း ရှိမရှိ ကိုယ်တိုင်ရေး ခံဝန် ချက် နဲ့ အတူ မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထား တင်ပြဖို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ညွှန်ကြားထားတယ် လို့ သိရပါတယ်။

“ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါမပါ ကိုယ်တိုင် ခံဝန်ချက်နဲ့ မနက်ဖြန် နောက်ဆုံး စာရင်းပေးရမယ် ဆိုလို့ အခု ဆရာ၊ ဆရာမ တွေရော ဝန်ထမ်းတွေပါ လက်မှတ်ထိုးပြီး စာရင်းပြန်တင်ပေးဖို့ လုပ်နေကြတယ်။ အားလုံးလည်း စိတ်ညစ်နေကြတယ်။ ဘယ် အချိန် အဖမ်းခံရမလဲ မသိရဘူး။ ကျီးလန့်စာစားနေရတယ်။ ဒါကြောင့်အခု CDM မလုပ်ပါဘူး ဆိုတာကို လက်မှတ်ထိုး တင်ပြ လိုက်ပြီ။ ရုံးတက်ခိုင်းရင်လည်း ရုံးတက်နိုင်ပါတယ်ပေါ့။ ပြည်သူ့ အစိုးရ တက်တဲ့အချိန် CDM မလုပ်လို့ အလုပ်က ထုတ်လည်း ထုတ်ပါစေတော့။ အခုက ဖိအားတွေအမျိုးမျိုး ရှိနေတယ်”လို့ နည်းပညာ တက္ကသိုလ် ဝန်ထမ်း တစ်ဦးက ပြောပြပါတယ်။

အဲ့ဒီလို ညွှန်ကြားလာတာကြောင့် တက္ကသိုလ်က ဆရာ ဆရာမ၊ ဝန်ထမ်းတချို့ဟာ CDM လှုပ်ရှားမှုမှာ မပါဝင်ကြောင်း ခံဝန်ချက် နဲ့အတူ လူစုပြီး အမည်စာရင်း တင်ပြမှုတွေရှိနေပြီး ရုံးတက်ခိုင်းပါ က ရုံးတက်နိုင်ကြောင်း ပြန်လည်တင်ပြတာတွေ လုပ်ဆောင်နေကြ ရကြောင်းနဲ့ အဲဒီထဲမှာ အရင်က CDM မှာ ပါဝင်ကြောင်း စာရင်း ပေးထားသူတွေ ပါနေတယ်လို့လည်း ဆိုပါတယ်။

ပညာရေး ဝန်ထမ်း ကျောင်းဆရာမ တစ်ဦးက“CDM လုပ်သူတွေ က ဘယ်တော့မှ အာဏာရှင် လက်အောက်မှာ အလုပ် ပြန်လုပ်မှာ မဟုတ်ပါဘူး။ အလုပ်ပြုတ်မှာ၊ အဖမ်းခံရမှာ ကြောက်တယ်ဆိုပြီး ရုံးတက်မယ့်သူတွေ အနေနဲ့ ကလေးတွေ သေနေရတာကို ကြည့် ပါ။ အသက်တွေ ဆုံးရှုံးနေရတာတောင် ရုံးတက်ချင်နေကြတုန်း လား လို့ပဲ ပြောချင်ပါတယ်။ ကျမတို့ CDM လုပ်နေသူတွေက သူတို့ စာရင်းကောက်ကောက် ဘာပဲလုပ်လုပ် အဖက်လုပ်ပြန်ပို့နေ မှာ မဟုတ်ဘူး။ CDM ကို ဆက် ပါဝင်ပေးကြပါ၊ သမိုင်းတရားခံ အဖြစ်မခံကြပါနဲ့”လို့ ပြောပါတယ်။

ပညာရေးဝန်ကြီးဌာန အောက်က အခြေခံပညာဦးစီးဌာနမှ ပညာရေး ဝန်ထမ်းအများစု CDM လုပ်ဆောင်နေပြီး လမ်းပေါ် ထွက် ဆန္ဒပြတာကိုလည်း ပြုလုပ်နေပါတယ်။ 

နောက်ပြီး အဆင့်မြင့်ပညာ ဦးစီးဌာန၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေက ဆရာ ဆရာမနဲ့ ဝန်ထမ်းတချို့လည်း CDM မှာ ပါဝင်ကြောင်း ကြေညာထားတာ ရှိပါတယ်။

လက်ရှိ တက္ကသိုလ်တချိူ့မှာတော့ စစ်တပ်နဲ့ ရဲက နေရာယူ တပ်စွဲ ထားတဲ့ အခြေအနေတွေ ရှိနေသလို၊ CDM လုပ်သူတွေထဲက ကထိကတွေ၊ ကျောင်းသားတွေ၊ ဝန်ထမ်းတွေ ဖမ်းဆီးခံထားရပြီး ရှောင်တိမ်းနေရသူတွေလည်း ရှိနေကြောင်း သိရပါတယ်။

CDM လှုပ်ရှားမှု ပါဝင်သူတွေကို ဝန်ထမ်းအိမ်ရာက ဖယ်ထုတ် ပြောင်းရွှေ့ခိုင်းတာတွေ၊ သက်ဆိုင်ရာ အစိုးရ ဌာနတွေကနေ အလုပ်က ထုတ်ပယ်မှုတွေကိုလည်း ဆက်တိုက် လုပ်ဆောင်လာ တာ တွေ့ရှိရပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

ပညာရေး ဝန်ထမ်းတွေကို CDM မှာ မပါဝင်ကြောင်း ကိုယ်တိုင်ရေး ခံဝန်ချက် တင်ခိုင်းနေ ပညာရေး ဝန်ထမ်းတွေကို CDM မှာ မပါဝင်ကြောင်း ကိုယ်တိုင်ရေး ခံဝန်ချက် တင်ခိုင်းနေ Reviewed by THITHTOOLWIN on 00:21 Rating: 5

No comments:

Powered by Blogger.