CDM ခြိမ်းခြောက်သူတွေကို CRPH အရေးယူမည်



 မတ်လ ၁၆ ရက်နေ့စွဲနဲ့ ခေတ္တပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ခဲ့တဲ့  နိုင်ငံတော်သမ္မတရုံးကြေညာချက်မှာ တရားမဝင်အာဏာသိမ်းစစ်ကောင်စီရဲ့ ခိုင်းစေချက်အရ ဝန်ကြီးဌာနတွေမှာရှိတဲ့ အကြီးအကဲတွေက CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို စုံစမ်းစစ်ဆေး အရေးယူ အပြစ်ပေးတာတွေရှိနေတဲ့အတွက် အဲဒီလို မတရားဆောင်ရွက်နေသူတွေကို တဦးချင်းမှတ်တမ်းထား ဖော်ထုတ် အရေးယူမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ တဆက်တည်းမှာပဲ CDM မှာပါဝင်လို့ အရေးယူခံရတဲ့ ဝန်ထမ်းတွေကိုလည်း ပြည်သူ့အစိုးရက မူလတာဝန်တွေတည်မြဲရေး၊ နစ်နာမှုတွေ ကုစားရေးနဲ့ ဂုဏ်ပြုချီးမြှောက်မှုတွေ ဆောင်ရွက်မယ့်အပြင် ဖမ်းဆီးခြင်း ထောင်ဒဏ်ကျခံရခြင်းတွေ ရှိခဲ့မယ်ဆိုရင်လည်း အဲဒီပြစ်မှုမှတ်တမ်းတွေကို ပယ်ဖျက်ကြောင်း ကြေညာလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ ရှေ့နေအဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်တဦးက လက်ရှိ စစ်ကောင်စီဝင်တွေအပြင် သူတို့ရဲ့ခိုင်းစေချက်ကို လိုက်နာအကောင်အထည်ဖော်သူတွေကိုပါ ဥပဒေအရ အရေးယူလို့ရကြောင်း သတိပေးလိုက်ပါတယ်။ 

“ဒီလူတွေဟာ ပြည်တွင်းဥပဒေအရဆိုရင် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ကျူးလွန်ထားသူတွေဖြစ်တယ်၊ နိုင်ငံတကာဥပဒေအရ ရောမသဘောတူစာချုပ် အပိုဒ် ၇ (က/င/ဇ) ကို ကျူးလွန်ထားတဲ့အတွက် ဒါဟာ Civilian Population အရပ်သားလူအုပ်စုကို စနစ်တကျ ခေါင်းချိန်ပစ်သတ်ပြီးတော့ ရည်ရွယ်ချက်နဲ့သတ်တာ၊ ဒါဟာ လူသားမျိုးနွယ်စုပေါ် ကျူးလွန်တဲ့ Crime Against Humanity ဖြစ်နေပြီ။ သူတို့ဖွဲ့ထားတဲ့ စစ်ကောင်စီကလဲ ဥပဒေနဲ့မညီဘူး။ သူတို့ရဲ့လက်အောက်ခံအဖွဲ့အစည်း အသီးသီးဘယ်အဖွဲ့ကမှ တရားဝင်အဖွဲ့အစည်း မဟုတ်တဲ့အတွက် ဝန်ထမ်းတွေကို အမိန့်ပေးစေခိုင်းလို့ မရဘူး ခြိမ်းခြောက်လို့မရဘူး။ အဲဒီလိုလုပ်တာအကုန်လုံးဟာ နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂-၁ မှာ  /၁ဝ၉ အရ ပူးပေါင်းပါဝင် အားပေးကူညီတာဖြစ်တယ် ။ သူတို့မှာ တပ်ရှိပေမဲ့ ဒီတပ်ကြီးကလည်း ဘယ်လောက်ခံနိုင်မလဲ။ ဒီလို လူတွေကို ရက်ရက်စက်စက် သမိုင်းတွင်လောက်အောင် သတ်ဖြတ်နေတာကို နှလုံးသားမရှိတဲ့သူတွေ ချည်းပဲ ရှိမှာမဟုတ်ဘူး ကြာရင်ခံနိုင်မှာမဟုတ်ဘူး။ သား တကုမ္ပဏီ၊ မယား တကုမ္ပဏီ၊ ချွေးမ တကုမ္ပဏီ နဲ့ ကြီးပွားချမ်းသာနေတဲ့ လက်တဖက်မဖြည့်တဲ့ လူ ၄-၅ ယောက် ကိုယ်ကျိုးစီးပွားအတွက် တပ်မတော်တခုလုံး ရေစုန်မျှောချပြီးလုပ်နေရတဲ့ အခြေအနေ ပြည်တွဟာ ပြည်တွင်းပြည်ပ အင်အားတွေကြားမှာ ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ။ အဲဒီမှာ ပူးပေါင်း ပါဝင်တဲ့လူ အကုန်လုံးဟာ ကုလသမဂ္ဂက ရှင်းရှင်းလင်းလင်း ပြောထားတယ်-(၁) မူလအခြေအနေ ပြန်ရောက်အောင် လုပ်ပေးရမယ်။ (၂) ဒီပြစ်မှုကျူးလွန်သူ အကုန်လုံးကို အရေးယူမယ်လို့ ပြောထားတယ်။ ကင်းလွတ်ခွင့် မရှိဘူး။ အဲဒီလူတွေကိုလည်း ကျနော်တို့ သတိပေးလိုက်တယ်၊ ပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေများအရ အရေးယူခြင်း ခံရလိမ့်မယ်ဆိုတာ ကျနော်ပြောလိုတယ်”

စစ်ကောင်စီက မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဝန်ထမ်း ၁၉၄ ဦးကို CDM မှာပါဝင်မှုအတွက် မတ်လ ၁၂ ရက်နေ့စွဲနဲ့ အမိန့်ထုတ်ပြီး တာဝန်က ယာယီရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီစာရင်းမှာပါဝင်တဲ့ အမည်မဖော်လိုသူ အကြီးတန်းစာရေးတဦးက အမှန်တကယ် ပါဝင်နေသူဦးရေကို စစ်ကောင်စီက လျှော့ချကြေညာခဲ့တာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။ 

“ကျနော်တို့က ဘယ်လိုဘဲဖြစ်နေဖြစ်နေ ဒီ CDM ကို လုံးဝဆက်လုပ်သွားမယ်၊ မလုပ်ရသေးတဲ့ CDM သမားတွေကိုလဲ အမြန်ဆုံး လုပ်ဖို့ ဖိတ်ခေါ်ချင်တယ်။ အခု ၁၉၄ ယောက် ယာယီရပ်ဆိုင်းတဲ့ စာရင်းထဲမှာ ပါလာပေမယ့် ကျနော်တို့ အခုဆိုရင် CDM မှာ ပါနေတဲ့ ဝန်ထမ်းပေါင်းက ၂၅ဝ ကျော်ရှိသွားပြီ”

တိုက်ပွဲဝင်ရှေ့နေအဖွဲ့ခေါင်းဆောင်ကတော့ စစ်အာဏာရှင်တွေဖယ်ရှားရေးအတွက် CDM ဟာ အဓိက အင်အားတခုဖြစ်ပြီး အောင်ပွဲဟာ လက်တကမ်းကို ရောက်ရှိနေပြီလို့ ပြောပါတယ်။
“လူထုတိုက်ပွဲကြီးရယ်၊ CDM ရယ်၊ နိုင်ငံတကာဖိအားရယ် အဲဒီ ၃ ခုနဲ့ တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်တပ်မတော် တည်ထောင်ပြီး တိုက်လာမယ်ဆိုရင် စစ်အာဏာရှင်စနစ်လုံးဝ မုချ ကျဆုံးရမှာ၊ ၂ဝဝ၈ အခြေခံဥပဒေပါ တခါထဲဖျက်သိမ်းပြီးသားဖြစ်မှာ။ အဲဒီအခြေအနေရောက်နေတဲ့အတွက် အစိုးရအဖွဲ့ ယန္တရားဟာ လုံးဝရပ်ဆိုင်းနေတဲ့အတွက် ဝန်ထမ်းတွေကို ဖိအားပေးပြီး ဝင်ဖို့လုပ်တာ။ နိုင်ငံတကာမှာ ခွက်ခွက်လန်လန်ရှုံးပြီးတော့ ဘယ်သူမှ အသိအမှတ်မပြုဘူး။ အာဏာသိမ်းခဲ့တာ ရက်ပေါင်း ၄ဝ ကျော်လာတဲ့အထိ သူတို့ရဲ့အစိုးရယန္တယား ဘာမှမလုပ်နိုင်ဘူး။ လက်နက်ကိုင်တိုက်ပွဲမှာ တိုင်းရင်းသားပြည်သူတွေ လက်နက်ကိုင် တိုက်နေပြီ၊ CRPH က အလွန် တိုတောင်းတဲ့အချိန်အတွင်းမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ သူရသတ္တိနဲ့ ဒေါက်တာဆာဆာ တို့ ပေါင်းလိုက်တဲ့အခါ နိုင်ငံတကာမျက်နှာစာမှာ ကောင်းကောင်းနေရာရနေတဲ့ အခြေအနေဖြစ်တဲ့အတွက် CDM ကို ဆက်လက်ပြီး ကြံ့ကြံ့ခံတောင့်ခံပါ။ CDM က အဆုံးအဖြတ်ဖြစ်လာနေပါတယ်။ ကျနော်တို့ရှေ့မှာ အနာဂတ်ရှိတယ်။ ဒါ အမှောင်ဆုံး အခြေအနေ မကြာခင် ရောင်နီလာတော့မယ်။ ဆက်တိုက်ကြပါ”
ပြည်တွင်းပြည်ပ ဖိအားပေးမှုတွေ၊ ဆန့်ကျင်မှုတွေကို  အကြီးအကျယ် ရင်ဆိုင်နေရတဲ့ အာဏာသိမ်းစစ်ကောင်စီ သြဇာခံတပ်ဖွဲ့တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အသက်ဆုံးပါးရတဲ့ ပြည်သူဦးရေဟာ ကျနော်တို့ RFA က ပြုစုထားတဲ့စာရင်းအရ မတ်လ ၁၆ ရက်နေ့ညနေအထိ ၁၈ဝ ကျော်ရှိပြီ ဖြစ်ပါတယ်။

RFA Burmese



CDM ခြိမ်းခြောက်သူတွေကို CRPH အရေးယူမည် CDM ခြိမ်းခြောက်သူတွေကို CRPH အရေးယူမည် Reviewed by THITHTOOLWIN on 06:39 Rating: 5

No comments:

Powered by Blogger.