စမ်းချောင်းမြို့နယ်အတွင်းက လမ်းတွေမှာ စစ်တပ်နဲ့ ရဲအင်အား ရာနဲ့ချီပြီးဝိုင်းထားကာ အိမ်တွေကို အတင်းတံခါးဖွင့်ခိုင်းတာ၊ ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်နေပြီး လူတချို့ကို ဖမ်းဆီးသွားပါတယ်။
လှေခါးသော့တွေကိုဖျက်ပစ်တာ၊ အိမ်တံခါးသော့တွေကို ဖျက်ပစ်တာ၊ လူတွေကို ရိုက်နှက်ပြီး ဖမ်းတာတွေလည်း လုပ်နေကြောင်း စမ်းချောင်းမှာ မင်္ဂလာလမ်း မှာနေတဲ့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
အစောပိုင်းတုန်းက စမ်းချောင်းရပ်ကွက်အတွင်းက လမ်းတွေမှာ လက်နက်ယူသွားတဲ့သူတွေ ပြန်ပေးပါ၊ အန္တရာယ်မပေးဘူး၊ ဒီဖုန်းကို ဆက်ပြီး ပြန်အပ်ပါလို့ ရဲတွေနဲ့အတူ လူတချို့က အသံချဲ့စက်နဲ့ လိုက်အော် နေတာတွေကိုလည်း လူမှု မီဒီယာမှာ တင်တဲ့ ဗီဒီယိုထဲမှာ တွေ့ရပါတယ်။
ဒီနေ့ ညနေပိုင်းမှာ စမ်းချောင်း မင်္ဂလာလမ်းဘက်မှာ ဆန္ဒပြသူအမျိုးသမီးငယ် တစ်ယောက်ကို ရဲတွေက လိုက်လံဆွဲနေတဲ့အတွက် အနီးအနားက လူတွေက ရဲတွေကို ပြန်တိုက်ခိုက်ခဲ့ကြတာတွေဖြစ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ရဲလက်ထဲက သေနတ်ကို လုသွားတယ်လို့ ဆိုကာ အာဏာပိုင်တွေသဘက်က ရဲတွေနဲ့အတူ ရပ်ကွက်အတွင်းလိုက်လံအော်နေကြပြီး လက်နက်ကို ပြန်ပေးဖို့တောင်းနေကြပါတယ်။
ရဲတွေဆီက လက်နက်ကို ဆန္ဒပြတဲ့သူတွေက လုယူသွား၊ မသွားကို အခုအချိန်မှာ ဘီဘီစီက အတည်မပြု နိုင်သေးပါဘူး။
စမ်းချောင်း မင်္ဂလာလမ်းဘက် အခြမ်းမှာ ဖြစ်နေတဲ့ ဒီလို ရဲတွေရဲ့ပြုမူနေမှုတွေကို မကျေနပ်ကြတဲ့ စမ်းချောင်းရဲ့ တခြားဘက်ခြမ်း ကျွန်းတော၊ မြောင်းမြ၊ ဟင်္သာတလမ်းတွေအပါအဝင် တခြား လမ်းတွေက လူတွေက ကာဖျူးမိန့်ကို ဆန့်ကျင်ကာ လမ်းတွေပေါ်ထွက်ပြီး ဆန္ဒပြနေကြပါတယ်။
အရင်တစ်ကြိမ်စမ်းချောင်းကို မတ်လ ၈ ရက်နေ့ညက ပိတ်ဆို့စဥ်က မီးဖွင့်ထားတဲ့ အိမ်တွေကို ရဲနဲ့ စစ်တပ်က လှမ်းပစ်တာမျိုးရှိတဲ့အတွက် အိမ်မီးကို မဖွင့်ရဲကြဘူးလို့လည်း စမ်းချောင်း ဒေသခံတွေက ဆိုပါတယ်။
BBC Burmese

No comments:
Post a Comment