သတင်းထောက်တွေနဲ့ သတင်းဌာနတွေကို စစ်ကောင်စီက ပစ်မှတ်ထားဖိနှိပ်လာ



နိုင်ငံအနှံ့ဖြစ်နေတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒြုပပွဲတွေကို သတင်းပို့ရင်း အဖမ်းခံထားရတဲ့ သတင်း ထောက်တွေထဲက ပြန်မလွှတ်ဘဲ ဖမ်းထားတဲ့ ခုနစ်ယောက်ကို အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဆူပူအောင်လှုံ့ဆော်မှုနဲ့ အမှုဖွင့်ထားပြီး၊ သူတို့ထဲက ခြောက်ယောက်ကို မတ်လ ၁၂ ရက် မနက်ဖြန် ရုံးထုတ် စစ်ဆေးမှာဖြစ်ပါတယ်။

အဲဒီလူတွေကတော့ Myanmar Now သတင်းဌာနက မကေဇွန်နွေး၊ MPA သတင်းဌာနက ဓာတ်ပုံ သတင်း ထောက် ကိုရဲမျိုးခန့်၊ AP သတင်းဌာနက ကိုသိန်းဇော်၊ 7 Day သတင်းစာက ကိုအောင်ရဲကို၊ အလွတ်သတင်း ထောက် ကိုဗညားဦး၊ ဇီးကွက်သတင်းဌာနက ကိုဟိန်းပြည်ဇော် တို့ဖြစ်ပါတယ်။

သူတို့ကို အင်းစိန်ထောင်မှာပို့ထားပြီး မနက်ဖြန်မှာ သက်ဆိုင်ရာမြို့နယ် တရားရုံးတွေက အွန်လိုင်းစနစ်နဲ့ ရုံးထုတ်စစ်ဆေးမှာဖြစ်ပါတယ်။ အလွတ်သတင်းထောက် ကိုစိုးရာဇာထွန်း ကိုတော့ မတ်လ ၁၈ ရက်နေ့မှာ ရုံးထုတ်မယ်လို့ သိရပါတယ်။

ဖမ်းသွားကတည်းက လက်ရှိအချိန်ထိ မိသားစုက တွေ့ခွင့်မရသေးဘဲ အာမခံရဖို့ ကြိုးစားနေတယ်လို့ 7 Day သတင်းထောက် ကိုအောင်ရဲကိုရဲ့ မိသားစု ဝင်တစ်ဦးက ပြောပါတယ်။

သတင်းထောက်တွေကို ဆူပူမှုဖြစ်အောင် လှုံ့ဆော်တယ်ဆိုပြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲတာဖြစ်ပါတယ်။ ဒီပုဒ်မဟာ အာမခံရနိုင်တဲ့ ပုဒ်မမျိုးမဟုတ်ပေမယ့် တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ အာမခံပေးနိုင်တဲ့ အတွက် ကြိုးစားနေတယ်လို့ အလွတ်သတင်းထောက် ကိုဗညားဦးအမှုကို လိုက်ပေးမယ့် ဥပဒေအကြံပေး ဦးခင်မောင်မြင့်က RFA ကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး မတ်လ ၁၀ ရက်နေ့အထိ ရရှိထားတဲ့ သတင်းတွေအရ မြန်မာတစ်နိုင်ငံလုံးမှာ ဖမ်းဆီးခံရတဲ့ သတင်းသမား ၃၇ ယောက်ရှိခဲ့ပါတယ်။ အဲဒီထဲက ၂၂ ယောက်ကို ပြန်လွှတ်ပေးလိုက်ပါတယ်။

အဲဒီလူတွေထဲက စစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက် သတင်းထောက် နှစ်ယောက်ကို ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားပြီး၊ အာမခံနဲ့ လွှတ်ပေးထားပါတယ်။

ဒီပုဒ်မနဲ့ အပြစ်ရှိတယ်လို့ တရားရုံးကအမိန့်ချရင် အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချခံရနိုင်ပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ ပုသိမ်မြို့အခြေစိုက် သံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်း၊ ရန်ကုန် အခြေစိုက် ချွန်းဂျာနယ်က ကိုကျော်နေမင်း၊ မြိတ်မြို့နယ်က DVB သတင်းထောက် ကိုအောင်ကျော်၊ ပြည်မြို့က DVB သတင်းထောက် ကိုမင်းညို၊ ရန်ကုန်က အလွတ်ဓာတ်ပုံသတင်းထောက် ကိုပြည့်ဖြိုး၊ အလွတ်သတင်းထောက် ကိုသစ်မြတ်ဇော်တို့အပြင် မတ်လ ၉ ရက်နေ့ကသတင်းစာတိုက်ကို ဝင်စီးပြီး ဖမ်းထားတဲ့ ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ကိုနေသန်မောင်၊ တွဲဖက်တည်ထောင်သူ ကိုဟန်သာငြိမ်းတို့ကို ဘယ်နေရာမှာ ပို့ထားတယ်ဆိုတာမသိရသေးပါဘူး။ ဒါကြောင့် အဲဒီသတင်းသမား ရှစ်ယောက်ကို ဘယ်ပုဒ်မနဲ့ အမှုဖွင့်ထားလည်းဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဖမ်းဆီးရတဲ့သူတွေထဲမှာ သူတို့ပစ်မှတ်ထားသူတွေ ပြန်လွတ်ဖို့မရှိဘူးလို့ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင်ဟောင်း ဦးမြင့်ကျော်က သုံးသပ်ပြောပါတယ်။

Mizzima၊ DVB၊ 7 Days၊ Myanmar Now နဲ့ ခေတ်သစ်သတင်းဌာနတို့ကို အာဏာသိမ်း စစ်ကောင်စီက မတ်လ ၈ ရက်နေ့ညပိုင်းမှာ ထုတ်ဝေခွင့်ရုပ်သိမ်းတဲ့အကြောင်း ကြေညာပါတယ်။

အဲဒီလိုမကြေညာခင် နေ့လယ်ပိုင်းမှာ Myanmar Now သတင်းဌာနနဲ့ Mizzima သတင်းဌာန တိုက်တွေကို စစ်တပ်နဲ့ရဲက ဝင်ရောက်စီးနင်းရှာဖွေခဲ့ပါတယ်။

မတ်လ ၉ ရက်နေ့မှာတော့ ခေတ်သစ်သတင်းဌာနတိုက်ကို လိုက်လံရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ ခေတ်သစ်သတင်းမီဒီယာ တည်ထောင်သူ ကိုသာလွန်ဇောင်းထက်က သူ့ရဲ့ ဖေ့စ်ဘွခ်တ်စာမျက်နှာမှာ ရေးသားအသိပေးလာပါတယ်။

အဲဒီလို ပိတ်သိမ်းတဲ့အထဲမှာမပါဝင်တဲ့ ကမာရွတ်သတင်းဌာနကို မတ်လ ၉ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ပြီး အယ်ဒီတာချုပ်နဲ့ တွဲဖက်တည်ထောင်သူတို့ နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက် ပုဂ္ဂလိကသတင်းစာတွေကို ပြည်သူပိုင်သိမ်းပြီး သတင်းစာဆရာတွေကိုလည်း ထောင်ချခဲ့ပါတယ်။ အဲဒီအထဲမှာ ကြေးမုံ၊ မြန်မာ့အလင်း၊ ဗိုလ်တထောင်၊ လုပ်သားသတင်းစာတို့ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ နိုင်ငံပိုင် မီဒီယာအဖြစ် အသွင်းပြောင်းခဲ့ပါတယ်။ အဲဒီအချိန်ကနေ အနှစ် ၅၀ နီးပါးအကြာ ၂၀၁၀ နောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ ဗိုလ်ချုပ်ကြီးနဲ့ ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ အစိုးရက ပုဂ္ဂလိကသတင်းမီဒီယာတွေကို ပြန်ဖွင့်ပေးခဲ့ပါတယ်။ အခု ၁၁ နှစ်လောက်အကြာမှာတစ်ခါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရကို အာဏာသိမ်းပြီးတဲ့နောက် သတင်းမီဒီယာတွေနဲ့ သတင်း ထောက်တွေကို တကျော့ပြန် ဖိနှိပ်လာနေတာဖြစ်ပါတယ်။

RFA Burmese



သတင်းထောက်တွေနဲ့ သတင်းဌာနတွေကို စစ်ကောင်စီက ပစ်မှတ်ထားဖိနှိပ်လာ သတင်းထောက်တွေနဲ့ သတင်းဌာနတွေကို စစ်ကောင်စီက ပစ်မှတ်ထားဖိနှိပ်လာ Reviewed by THITHTOOLWIN on 21:41 Rating: 5

No comments:

Powered by Blogger.