ရန်ကုန်မှာ ညဖက်ဖမ်းဆီးနှိမ်နင်းမှုတွေနဲ့ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွား

ကမာရွတ် လှည်းတန်းက ညဖက်ဆန္ဒပြပွဲ

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေ မလုပ်ဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ဝိုင်းဝန်း တောင်းဆိုနေတဲ့ ကြားကပဲ သောကြာနေ့ညတုန်းက ရန်ကုန်တိုင်း မြို့နယ်တချို့မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက နေအိမ်ထဲက ပြည်သူတချို့ကို ပစ်ခတ်ရင်း ဝင်ရောက်ဖမ်းဆီး ရိုက်နှက်တာတွေ ရှိခဲ့တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ဖိနှိပ်မှုတွေ ရှိနေတဲ့ကြားကပဲ ရန်ကုန်မြို့နယ်တချို့မှာ မြို့ခံတွေက ညဘက်ဆန္ဒပြပွဲတွေ ဆက်လက် ဆင်နွှဲနေတာပါ။

(.... ဒီမိုကရေစီရရှိရေး .. ဒို့အရေး ဒို့အရေး ၊ စစ်အာဏာရှင်စနစ် ကျဆုံးရေး .. ဒို့အရေး ဒို့အရေး ၊ အရေးတော်ပုံ ... အောင်ရမည် အောင်ရမည် )

သာကေတ ၊ လှိုင် ၊ မင်္ဂလာတောင်ညွန့်၊ တာမွေမြို့နယ်တွေမှာ ည ၈ နာရီဝန်းကျင် သံပုံးတီးဆန့်ကျင်ဆန္ဒပြမှုတွေနဲ့အတူ လမ်းပေါ်ထွက်ဆန္ဒပြကြတာပါ။ ကမာရွတ် လှည်းတန်းလမ်းမှာတော့ လူအုပ်စုကြီးဟာ ဖရောင်းတိုင်ကိုယ်စီ ထွန်းညှိကိုင်ဆောင်ရင်း လမ်းမကိုပိတ်ထိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်မှာ မတ်လ(၁၂)ရက် သောကြာညပိုင်း စစ်သားနဲ့ရဲတွေက ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးနေတာကို ကြုံရကြောင်း မင်္ဂလာတောင်ညွန့် မြို့ခံ အမျိုးသမီးတဦးက VOA ကိုပြောပါတယ်။

" မင်္ဂလာတောင်ညွန့်မှာ အခု နာရီဝက်လောက်ရှိပြီ ။ ရဲတွေ ဝင်ပြီးတော့ သေနတ်တွေနဲ့ အသေပစ်ပြီးတော့ ၊ ရပ်ကွက်ထဲ ဆန္ဒပြသူတွေကို လိုက်ပြီးနှိမ်နင်းနေတာ လူတယောက် ထိသွားတယ်လို့တော့ ပြောတယ်။ အခုထက်ထိ သေနတ်ကို ဆက်တိုက်ဖြစ်နေတယ်။ "

သောကြာနေ့ ညနက်ပိုင်း သာကေတမြို့နယ် သုမနလမ်းထဲက အိမ်တအိမ်ကို ရဲတွေ ဝင်ရောက်ပြီး တအိမ်ထဲကပဲ လူငယ်(၃)ဦးကို လမ်းမပေါ် ခေါ်ထုတ်ပြီး ဝိုင်းဝန်းရိုက်နှက်နေတဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က Live လွှင့်တဲ့ ဗီဒီယိုမှာ မြင်နေရပါတယ်။

( ... ဟာ သွေးတွေထွက်ကုန်ပြီ ၊ .. ဘာလို့ ရိုက်နေတာလဲ ကွာ... )

သာကေတမှာ အနည်းဆုံး လူငယ်(၄)ဦးကို ဖမ်းဆီးသွားပြီးနောက် ည(၁၂)နာရီကျော် (၁)နာရီအချိန်မှာ သာကေတ အမှတ်(၁)ရဲစခန်းကို မြို့ခံပြည်သူတွေက သွားဝိုင်းခဲ့ကြပြီး ရဲစခန်းထဲက ပစ်ခတ်သံတွေ ပေါ်လာပြီးနောက် ညနက်ပိုင်းမှာလူစွဲခွဲလိုက်ကြတဲ့ ဗီဒီယိုကိုလည်း မြင်တွေ့ရပါတယ်။

" သာကေတမှာ လောလောဆယ် ရဲစခန်းကို ဝိုင်းနေပါတယ်။ ကျနော်တို့လူ ၄ ယောက်ကို ခေါ်သွားလို့ပါ။ .... လောလောဆယ် ပစ်နေပါပြီ အသံဗုံး မဟုတ်ပါဘူး။ လုံးဝ ပစ်နေတာပါ။ အပေါ်ထောင်ပစ်တာလည်း ဖြစ်နိုင်ပါတယ်။ ခုထိ ဘယ်သူမှ မထိသေးပါဘူး။ ရဲစခန်းကို အားလုံးဝိုင်းပြီး သမဖို့ လုပ်နေချိန်မှာပဲ ရဲစခန်းက ကျနော်တို့ကို အသံဗုံးတွေ သေနတ်တွေနဲ့ လှမ်းပစ်နေပါတယ်။ ကျနော်တို့ဖက်ကလည်း အခြေအနေကြည့်ပြီး ရှေ့တက်ဖို့ လုပ်နေပါတယ်။ သာကေတရဲစခန်းကို ဝိုင်းနေတာပါ။ သာကေတကလူတွေ ထွက်လာပါတယ်။ အခုလောလောဆယ် လူအင်အားစုပြီး သေနတ်ကို ရှောင်ဖို့ လုပ်နေပါတယ်။ .... "

စစ်တပ်နဲ့ရဲ တပ်ဖွဲ့တွေဟာ ညအချိန်ရောက်လာပြီဆိုတာနဲ့ ရပ်ကွက်တွေထဲဝင်ပြီး နေ့ခင်းဖက်ဆန္ဒပြသူတွေ ၊ NLD ပါတီဝင်တွေနဲ့ CDM လှုပ်ရှားမှုထဲ ပါဝင်သူတွေကို နေအိမ်တွေထဲ ဝင်ဆွဲပြီး လိုက်လံဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အထူးသဖြင့် NLD ပါတီဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီရက်ပိုင်းမှာ ပိုက်စိပ်တိုက် လိုက်လံရှာဖွေ ဖမ်းဆီးနေတယ်လို့ အမည်မဖေါ်လိုသူ ရန်ကုန်တိုင်းဒေသကြီးရဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။

(အက်) " အခု လှိုင်မှာ ဝင်မွှေနေတယ်။ လှိုင်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေကို လိုက်ဖမ်းနေတယ်။ ကိုကျော်ကျော်ထွန်းကိုလည်း ရှာနေတယ် ၊ အခု မခိုင်မာဌေး အိမ်ရှေ့မှာ တယောက်မှ မိမသွားဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေ ရှောင်နေရတယ်။ အခါတိုင်းနေ့ဆိုရင် သပိတ်ခေါင်းဆောင်တွေပဲ လိုက်ဆွဲတာ။ အခုတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို လိုက်ဆွဲပြီ။ ဒီနေ့ကစတော့ လှိုင်မှာ စဆွဲတာ။ အကုန်လုံးကတော့ လွတ်ရာကို ရှောင်နေရတယ်။ "

ဖေဖေါ်ဝါရီ(၁)ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့ချိန်ကစပြီး စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်မှုတွေကြောင့် လမ်းပေါ်က ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အပါအဝင် လုံခြုံရေးတပ်ဖွဲ့ရဲ့ဖမ်းဆီး ထိမ်းသိမ်းမှုအတွင်း ဒီကနေ့အချိန်ထိ သေဆုံးခဲ့သူ (၈၀)ထက်မနည်း ရှိသွားပြီဖြစ်ပြီး ၊ အဖမ်းဆီးခံရသူပေါင်း (၂၁၀၀)ရှိရာက တချို့ကို ပြန်လွှတ်ပေးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မှတ်တမ်းမှာ ဖေါ်ပြထားပါတယ်။


ကိုဉာဏ်ဝင်းအောင်/ VOA Burmese

https://burmese.voanews.com/a/crack-down-yangon-night-protest/5812620.html

ရန်ကုန်မှာ ညဖက်ဖမ်းဆီးနှိမ်နင်းမှုတွေနဲ့ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွား ရန်ကုန်မှာ ညဖက်ဖမ်းဆီးနှိမ်နင်းမှုတွေနဲ့ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွား Reviewed by THITHTOOLWIN on 08:24 Rating: 5

No comments:

Powered by Blogger.