နယ်မြို့ဆန္ဒပြမှုများဆက်ရှိ၊ အကြမ်းဖက်ဖြိုခွဲခံရ

မကွေးတိုင်း အောင်လံမြို့ သပိတ်စစ်ကြောင်း မြင်ကွင်း။ (ဓာတ်ပုံ - လင်းသက်နိုင်- မတ် ၁၀၊ ၂၀၂၁)

ရက်ပေါင်း ၄၀ နား ကပ်လာနေပြီဖြစ်တဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ နိုင်ငံတဝန်း အရှိန်ကောင်းနေဆဲပါ။ စစ်ဘက်အုပ်ချုပ်ရေးကောင်စီရဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ နှိမ်နင်းမှု တွေကလည်း နေရာအနှံ့မှာ ပိုပြင်းထန်လာတာတွေ ရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် ပေးပို့ထားတာကို မဆုမွန်က ဆက်တင်ပြပေးပါမယ်။

အာဏာရှင်ဆန့်ရှင်ရေး လှုပ်ရှားမှုတွေဟာ နယ်မြို့တွေမှာပါ ဆက်လက် အရှိန်ကောင်းနေတယ်လို့ ဆိုရပါမယ်။ စစ်ဘက်အုပ်ချုပ်ရေးကောင်စီရဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ နှိမ်နင်းမှုတွေကလည်း နေရာအနှံ့မှာ ပုံစံမျိုးစုံနဲ့ ဖိနှိပ်လာကြပါတယ်။

ဒီနေ့ မတ်လ ၁၀ ရက် မနက်ပိုင်းက မြင်းခြံမြို့ သပိတ်စစ်ကြောင်းကို စစ်အုပ်ချုပ်ရေးကာင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အသံဗုံး၊ မျက်ရည်ယိုဗုံး ရာဘာကျည်တွေနဲ့သာမက ကျည်တွေနဲ့ပါ ပစ်ခတ်ဖြိုခွဲတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီလိုပစ်ခတ်ခံရတာကြောင့် မျက်လုံးအောက်မှာ ရာဘာကျည်ထိသူနဲ့ ပေါင်ကို ကျည်ထိမှန်ထုတ်ချင်းပေါက်တာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ဓါတ်ပုံမှတ်တမ်းတွေနဲ့ ပြောပြကြပါတယ်။

"မနက်ခင်းက ပစ်တယ်ပေါ့နော်။ နှစ်ယောက်မှန်တယ်။ တယောက်က မျက်လုံးရာဘာကျည်ထိတယ်။ တယောက်ကတော့ ညာပေါင်ပေါ့... ရှေ့ကနေနောက်ကို ဖောက်ထွက်တယ်။ အရိုးကြေတယ် ပြောတယ်။ ခုကဖမ်းဆီးခံရတာတော့ မကြားသေးဘူး။ အဲဒါကမြို့လယ်ခေါင်ပဲ။ အမှတ် ၆ လမ်းမတော်အဆင်းနားပေါ့။"

ထိခိုက်သွားသူတွေကို လုံခြုံတဲ့ နေရာမှာ ဆေးကုသမှု ပေးနေတယ်လို့ ပြောပါတယ်။ ဖမ်းဆီးခံရသူတွေနဲ့ ပတ်သတ်လို့တော့ သတင်းအချက်အလက် အတိအကျမရနိုင်သေးပါဘူး။ ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ နေရာကို ရဲနဲ့ စစ်တပ်အင်အား ၁၀၀ နီးပါး က လူစုခွဲခဲ့တာဖြစ်ပြီး ဆန္ဒပြတာမှာ လူစုခွဲဖို့ သတိပေးမှုတွေ အဆင့်ဆင့် လုပ်ဆောင်တာမရှိဘဲ အကြမ်းဖက်ဖြိုခွင်းခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

နောက်ထပ်ဖြိုခွဲခံရတဲ့ နေရာကတော့ မကွေးက အ.ထ.က ၂ ကျောင်းနားမှာဖြစ်ပါတယ်။ အသံဗုံး၊ မျက်ရည်ယိုဗုံး သုံးပြီး လူစုခွဲခံရတယ်လို့ မကွေးဒေသခံတဦးကပြောပြပါတယ်။

"ရွာသစ်ရပ်ကွက်မှာပေါ့နော်။ အဲဒီမှာ ကလေးတွေ ဆန္ဒပြတယ်။ ဖြိုခွဲတယ်။ လိုက်ဖမ်းတယ်။ ရောင်စုံမေတ္တာ လူမှုကယ်ဆယ်ရေးအဖွဲ့ရုံးထဲမှာ ကလေးတွေ ပုန်းနေတယ်ဆိုပြီးတော့ ဝင်ရှာတယ်ပေါ့။ အဲဒါပြီးတော့ အ.ထ.က ၂ ဘက်မှာ အသံဗုံးပါပဲ။ ရာဘာကျည်ဘာညာတော့ မပစ်ဘူး။ အဲဒီဘက်မှာ ပိတ်မိနေတော့ အောင်စေတနာရပ်ကွက်ဘက်ကနေ သပိတ်စစ်ကြောင်း ထပ်ထွက်တယ်။ ရွာသစ်ဘက်မှာ ၅ ယောက်လောက်ဖမ်းတယ်။ အောင်မေတ္တာက ၃ ယောက် ဖမ်းသွားတယ်။ ပရဟိတအဖွဲ့ကတော့ အဖမ်းမခံရပါဘူး။ ဒီတိုင်းပြန်ဆုတ်သွားတယ်။ ဒီမှာက ဒေါင်းသေချောင်းဆိုတာ ရှိတယ်။ အဲဒီမှာ မကွေးထောင်အသစ်ရှိတယ်။ အဲဒီကိုပဲ အကုန်ခေါ်တာ။ စခန်းတွေမှာ မထားဘူး။ အဲဒီမှာပဲ ရှိတယ်။ လူပေါင်း ၆၀ ကျော် လောက်ရှိတယ်။"

နောက်နေရာတခုက သီပေါဖြစ်ပါတယ်။ မနက်ပိုင်းက သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး ကျောင်းရှေ့မှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြနေသူတွေဟာ သေနတ်ပစ်ဖောက်ပြီး ဖြိုခွဲခံခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ သပိတ်စဖို့ လူစုနေတုန်းမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ အသံဗုံးနဲ့ ရာဘာကျည် အသုံးပြုပြီး ဖြိုခွဲခဲ့ရာ ရာဘာကျည် ထိမှန်ပြီး ဒဏ်ရာရခဲ့သူတစ်ဦး ရှိခဲ့ပါတယ်။

မန္တလေးတိုင်း တံတားဦးမြို့နယ်မှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲမှာ ပစ်ခတ်ဖြိုခွင်းမှုတွေရှိခဲ့လို့ လက်ရှိမှာ ရာဘာကျည် ထိမှန်ဒဏ်ရာရသူက ၃ ယောက်ရှိပါတယ်။ ဒီကနေ့မှာ ပုဂံညောင်ဦးမှာတော့ အာရုံမတက်ခင်ကတည်းက အာရုဏ်ဦးသပိတ်လို့ နာမည်ပေးထားပြီးတော့ မိုးမလင်းခင်မှာ ပုဂံပြည်သူတွေက သပိတ်ဆင်နွှဲခဲ့ကြတာရှိပါတယ်။


မဆုမွန်/ VOA Burmese

https://burmese.voanews.com/a/myanmar-ilitary-protest-coup/5808929.html

နယ်မြို့ဆန္ဒပြမှုများဆက်ရှိ၊ အကြမ်းဖက်ဖြိုခွဲခံရ နယ်မြို့ဆန္ဒပြမှုများဆက်ရှိ၊ အကြမ်းဖက်ဖြိုခွဲခံရ Reviewed by THITHTOOLWIN on 00:41 Rating: 5

No comments:

Powered by Blogger.