အောင်ပန်းမြို့မှာ ဒီနေ့ မတ်လ ၁၅ ရက် မနက် ၁၀ နာရီကျော်ကျော်မှာ စစ်တပ်က အောင်မင်္ဂလာရပ်မှာ တားဆီးထားတဲ့အကာအရံတွေကို ဖျက်ဆီးပြီး ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ် ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒဏ်ရာရသူနှစ်ယောက်ဟာ ခါးနဲ့ပေါင်ကို ထိမှန်ခဲ့တယ်လို့ သိရပြီး ခါးထိတဲ့တစ်ယောက်က သတိမေ့နေဆဲလို့ ဒဏ်ရာရသူကို ကယ်ဆယ်ခဲ့သူက ဘီဘီစီကို အတည်ပြုပါတယ်။ အဲဒီဒဏ်ရာရအမျိုးသားကို ပရဟိတဆရာဝန်တွေက ကြည့် ပေးနေတယ်လို့ ဆိုပါတယ်။
နောက်တစ်ဦးရဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။ အောင်ပန်းမြို့က လူ ၂၀၀ လောက်ရဲ့ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့ဝင်တွေ မပါဘဲ စစ်ကား ၄ စီးနဲ့ ရောက်ရှိလာပြီး စစ်တပ်က တစ်စုံတရာ ကြိုတင် သတိပေးတာမျိုးမရှိဘဲ ပစ်ခတ်ခဲ့တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
အခုလို စစ်တပ်က လာရောက်ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ အောင်ပန်းအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
BBC Burmese

No comments:
Post a Comment