စစ်တပ်ကို ပိုဖိအားပေး အရေးယူဖို့ အမေရိကန်အထက်လွှတ်တော် ကြားနာပွဲမှာ တင်ပြ



မနေ့က ကျင်းပတဲ့ အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီရဲ့ ကြားနာစစ်ဆေးမှုမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်း အောဘရိုက်၊ နိုင်ငံခြားရေးဌာန၊ ကမ္ဘာ့ရေးရာ လက်ထောက်ဝန်ကြီးဟောင်း သံအမတ် ပေါလာဒိုဘရင်စကီနဲ့ တောင်ဆူဒန် နိုင်ငံက အရပ်ဘက် လူမှုအဖွဲ့ခေါင်းဆောင်နဲ့ အတိုက်အခံ နိုင်ငံရေးသမား ပီတာ ဘီယာ အဂျက်၊ ယူကေနိုင်ငံ Burma Campaign UK အဖွဲ့က မဝေနှင်းပွင့်သုန်၊ ဟောင်ကောင် ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူ နေသန် လောတို့က အွန်လိုင်းကနေ တက်ရောက် စကားပြောခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် ဒီမိုကရေစီအပြောင်းအလဲတွေကို နောက်ပြန်လှည့်သွားစေတဲ့အကြောင်း၊ ကိုဗစ် ၁၉ ကပ်ရောဂါ မဖြစ်ခင်ကတည်းက ကမ္ဘာတစ်ဝှမ်းက နိုင်ငံတွေမှာ ဒီမိုကရေစီ စံနှုန်းတွေ ကျဆင်းနေခဲ့ပြီး၊ ကပ်ရောဂါကာလအတွင်းမှာ အာဏာရှင်အစိုးရတွေဟာ အခြေအနေကို အခွင့်ကောင်းယူပြီး နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်တွေကို ကန့်သတ်လာကြကြောင်းနဲ့ အမေရိကန်နိုင်ငံအနေနဲ့ ကမ္ဘာတဝှမ်းက ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေ၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ မီဒီယာနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးရေးနဲ့ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်နိုင်ရေးအတွက် အားပေးထောက်ခံသွားဖို့ လိုတဲ့အကြောင်း ဒီကြားနာစစ်ဆေးမှုကို တက်ရောက်လာတဲ့ အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ် ရှစ် က ပြောသွားပါတယ်။

“မြန်မာနိုင်ငံက စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဏာသိမ်းလိုက်တဲ့အချိန်မှာ သူ့အနေနဲ့ အပြစ်ပေး အရေးယူခံရတာကနေ ကင်းလွတ်ခွင့်ရမယ်လို့ ယူဆခဲ့ပါတယ်။ သူ ဒီလိုယူဆတာကို မှားယွင်းကြောင်း ပြသဖို့ လိုပါတယ်။ အခုဆိုရင် ရဲရင့်တဲ့ မြန်မာပြည်သူတွေဟာ သူဒီလို ယူဆထားတာကို မှားယွင်းကြောင်း ပြသနေကြပါပြီ"

ဒါကတော့ Burma Campaign UK အဖွဲ့က မြန်မာနိုင်ငံဖွား တက်ကြွလှုပ်ရှားသူနဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမြအေးရဲ့ သမီးဖြစ်သူ မဝေနှင်းပွင့်သုန်က ပြောသွားတာဖြစ်ပါတယ်။

“အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ NLD ပါတီခေါင်းဆောင်တွေနဲ့ ကျွန်မရဲ့ဖေဖေလို တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့နောက် လမ်းမပေါ်ထွက်ပြီး ဆန့်ကျင်ဆန္ဒပြသူတွေကို တားဆီးနိုင်လိမ့်မယ်လို့ ယူဆခဲ့ပေမယ့်၊ နှစ်ပေါင်း ၃ဝအတွင်းမှာ အကြီးမားဆုံး ပြည်သူတွေရဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေကို မြင်ခဲ့ရပါတယ်။ ဆန္ဒပြတဲ့ ပြည်သူတွေဟာ အင်္ဂလိပ်လို ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ထားတာ ကြည့်ခြင်းအားဖြင့် နိုင်ငံတကာက ဝင်ရောက်ကူညီပေးဖို့ မျှော်လင့်နေကြတာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းစွာ ဆန္ဒပြ လှုပ်ရှားသူတွေဟာ စစ်တပ်ရဲ့ တစ်စထက်တစ်စ ပိုပြီး ပြင်ထန်လာတဲ့ အင်အားသုံး ဖြိုခွင်းမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နေ့တိုင်းနီးပါး လမ်းမပေါ်မှာ သေကောင်ပေါင်းလဲ ဖြစ်နေတဲ့ ပြည်သူတွေကို မြင်နေရပြီး၊ ကလေးအရွယ်လူငယ်တွေဟာ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးနေပါတယ်။ စစ်တပ်ဟာ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ပြည်သူတွေကို ဖြိုခွင်းဖို့ ရနိုင်သမျှ စွမ်းအားအရင်းအမြစ် အားလုံးကို အသုံးချနေပါပြီ”

ဒါ့အပြင် မြန်မာစစ်တပ်ကို ဖိအားပေးအရေးယူတဲ့အနေရာမှာ အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေအနေနဲ့ အခုထက်ပိုပြီး အားဖြည့် လုပ်ဆောင်ဖို့ လိုအပ်နေတဲ့အကြောင်းကိုလည်း မဝေနှင်းပွင့်သုန်က အခုလို ပြောသွားပါတယ်။

“မြန်မာစစ်တပ်ဟာ မြန်မာပြည်သူတွေရဲ့ ဆန့်ကျင် ဆန္ဒပြမှု အတိုင်းအတာကို လျှော့တွက်ခဲ့ပေမယ့်၊ နိုင်ငံတကာက ဖိအားပေး လုပ်ဆောင်နိုင်မှုတွေ အားနည်းလိမ့်မယ်လို့ တွက်ဆခဲ့တာကတော့ မှန်နေပါတယ်။ အခု ကျွန်မတို့ နိုင်ငံကို ထိန်းချုပ်ထားတဲ့ သူတွေဟာ စစ်မြေပြင်မှာ တိုက်ပွဲဝင်ခဲ့တဲ့ စစ်သားတွေ ဖြစ်ပြီး၊ သံတမန်တွေ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ နိုင်ငံတကာကနေ ကြေညာချက်တွေ ထုတ်နေရုံနဲ့ မလုံလောက်ပါဘူး။ တဖက်မှာလည်း ကျွန်မတို့အနေနဲ့ လက်တွေ့ကျပြီး၊ နိုင်ငံတကာက ဖိအားပေးရုံနဲ့ မြန်မာနိုင်ငံကို အာဏာရှင် လက်အောက်က လွတ်မြောက်မှာ မဟုတ်ကြောင်း သိရှိပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာအစိုးရရဲ့ နိုင်ငံခြား အရန်ဘဏ္ဍာငွေတွေနဲ့ စစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ ဒီထက်မက လုပ်လို့ရတာတွေ ရှိပါသေးတယ်။ အမေရိကန်နိုင်ငံအနေနဲ့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေကို ဘဏ္ဍာရေး နဲ့ အာမခံလုပ်ငန်း ဝန်ဆောင်မှုပေးနေတဲ့သူတွေကိုပါ ပစ်မှတ်ထားပြီး အရေးယူသင့်ပါတယ်။ ဒါ့အပြင် စစ်တပ်ဟာ အစိုးရကို ထိန်းချုပ်လိုက်ပြီ ဖြစ်တဲ့အတွက် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်းနဲ့ သစ်လုပ်ငန်းတွေကနေ ရနေတဲ့ဝင်ငွေ ရင်းမြစ်တွေကို ဖြတ်တောက်ဖို့ လိုပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံဟာ ယူကေနဲ့ အီးယူလို မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး၊ မြန်မာစစ်တပ်ကို တကမ္ဘာလုံး အတိုင်းအတာနဲ့ လက်နက်ရောင်းချမှု ပိတ်ပင်တာတွေ ဆက်လုပ်သင့်ပါတယ်”

မနေ့က အထက်လွှတ်တော် ကြားနာစစ်ဆေးမှုကို တက်ရောက်လာကြတဲ့ နိုင်ငံခြားရေးရာကျွမ်းကျင်သူတွေက ကမ္ဘာ တလွှားမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံနှုန်းတွေ မြှင့်တင်ပေးဖို့ကို အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒမှာ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ် ထည့်သွင်းအကောင်အထည်ဖော်သွားဖို့ တိုက်တွန်းပြောကြားခဲ့ကြပြီး၊ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ လူထုဆက်ဆံရေး မီဒီယာတွေအပါအဝင် အခြားအရင်းအမြစ်တွေကို အပြည့်အဝအသုံးချသွားဖို့ လိုတဲ့အကြောင်း သုံးသပ်ပြောကြားသွားခဲ့ပါတယ်။

RFA Burmese



စစ်တပ်ကို ပိုဖိအားပေး အရေးယူဖို့ အမေရိကန်အထက်လွှတ်တော် ကြားနာပွဲမှာ တင်ပြ စစ်တပ်ကို ပိုဖိအားပေး အရေးယူဖို့ အမေရိကန်အထက်လွှတ်တော် ကြားနာပွဲမှာ တင်ပြ Reviewed by THITHTOOLWIN on 07:19 Rating: 5

No comments:

Powered by Blogger.