အောင်ပန်းမှာ ဆန္ဒပြသူတွေ ပစ်ခတ်ဖြိုခွင်းခံရ၊ လတ်တလော ရှစ်ဦးသေဆုံး



ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှာ ဒီကနေ့ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ်နှိမ်နင်းခဲ့ရာမှာ ရှစ်ဦး သေဆုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။ တခြား မြို့ကြီးတွေမှာလည်း ဆန္ဒပြပွဲတွေ ဆက်လက်ရှိနေဆဲဖြစ်ပြီး ဖြိုခွင်းခံရတာတွေ၊ အဖမ်းခံရတာတွေလည်း ရှိနေဆဲပါ။

ဒဏ်ရာရသူတွေ အဖမ်းခံရသူတွေလည်းရှိနေပြီး RFA က အတည်ပြုနိုင်ရေး ဆက်လက်စုံစမ်းနေဆဲပါ။

စစ်ကိုင်းတိုင်း ကောလင်းမြို့မှာလည်း ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းမှုတွေရှိနေပြီး အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ထိခိုက်ဒဏ်ရာရသူတွေရှိနေပါတယ်။

မန္တလေးမြို့မှာတော့ ဆန္ဒပြသူတွေဟာ ဆိုင်ကယ်နဲ့ မြို့ကိုပတ်ခဲ့ကြသလို မကြာခဏ ဖြိုခွင်းခံရတဲ့ မြတောင် သပိတ်စစ်ကြောင်းနဲ့ ဆန္ဒပြသပိတ်စစ်ကြောင်း အသီးသီးတို့ဟာလည်း ဆက်လက်ဆန္ဒပြနေကြဆဲဖြစ်ပါ တယ်။

စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက တစ်မြို့လုံးအနှံ့မှာ လုံခြုံရေးတွေချထားပေမယ့်လည်း ဆန္ဒပြသူတွေဟာ ပျောက် ကြားနည်းနဲ့ ဆန္ဒပြနိုင်ခဲ့ကြပါတယ်။ ဒီကနေ့မနက်ပိုင်းအထိ ဆန္ဒပြသူတွေဟာ အောင်အောင်မြင်မြင်နဲ့ ဆန္ဒ ပြနိုင်ခဲ့ကြသလို အဖမ်းဆီးခံရတာ၊ ပစ်ခတ်ဖြိုခွင်းခံရတာတွေ မရှိခဲ့ပါဘူး။

မန္တလေးတိုင်းအတွင်းက မိုးကုတ်မြို့နယ်မှာတော့ လူမဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆိုပြီး ဆိုင်းဘုတ် ထောင် ဆန္ဒပြခဲ့ကြပါတယ်။

မန္တလေးတိုင်း မြင်းခြံမြို့မှာလည်း မတ်လ ၁၅ ရက်နေ့က ဆန္ဒပြနေရင်း သေနတ်ပစ်ခံခဲ့ရတဲ့ ကိုအောင် ကိုကိုခန့်  ၂၇ နှစ်ဟာ ဒီကနေ့ မတ် ၁၉ ရက်နေ့မှာ သေဆုံးခဲ့ရပါတယ်။

ကိုအောင်ကိုကိုခန့်ဟာ မျက်နှာကို သေနတ်ကျည်ဆန်ထိမှန်ခဲ့တာဖြစ်ပြီး မြင်းခြံမြို့ အမှတ် ၆ ရပ်ကွက်က ဖြစ်ပြီး မြင်းခြံမြို့မှာ ဒီကနေ့အထိ ကျဆုံးသူ ကိုးဦးရှိသွားပြီဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ဆန္ဒပြပွဲတွေဟာ မြို့နယ်အသီးသီးမှာ ပျောက်ကြားပုံစံနဲ့ ဆန္ဒပြမှုတွေဆက်ရှိနေပြီး အာဏာ သိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေဟာလည်း လမ်းပေါ်က အတားအဆီးတွေကိုဖယ်ရှားဖို့ လူတွေကို အဓမ္မ ခြိမ်းခြောက်စေခိုင်းတာတွေ လုပ်ဆောင်နေပါတယ်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပနဲ့ အရှေ့ဒဂုံမြို့နယ်အတွင်း လမ်းပေါ်က အတားအဆီးတွေကို ဖယ်ရှားဖို့ အဓမ္မစေခိုင်းတာတွေရှိနေပါတယ်။

မတ်လ ၁၈ ရက်နေ့ မနေ့ညက စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေဟာ ဒေါပုံမြို့နယ်မှာ ရပ်ကွက်တွေထဲ လိုက်လံ ပစ်ခတ်မှုတွေရှိခဲ့တာကြောင့် နေအိမ်တွင်းရှိနေတဲ့ လူ လေးဦး ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပြီး သင်္ဃန်းကျွန်း မြို့နယ် ငမိုးရိပ်လမ်းသွယ်အတွင်း ရပ်ထားတဲ့ကားအစီး ၃၀ လောက်ကို ရိုက်ခွဲဖျက်ဆီးတာတွေလုပ်ခဲ့ကြ ပါတယ်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေမှာ ခြိမ်းခြောက်ပစ်ခတ်တာတွေ၊ ဖမ်းဆီးတာတွေ အဆက်မပြတ် လုပ်ဆောင်နေပေမယ့် လှည်းကူး၊ သာကေတ၊ တောင်ဥက္ကလာ စတဲ့ မြို့နယ်တွေမှာ ဆန္ဒပြပွဲတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။

မွန်ပြည်နယ် ဘီးလင်းမြို့မှာလည်း အာဏာသိမ်းစစ်ကောင်စီကို R2P နဲ့ အရေးယူပေးဖို့ တောင်းဆိုထားပြီး စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ပုံတွေကို ထမီတွေမှာ ကပ်ထားပြီး ဆန္ဒပြခဲ့ကြပါတယ်။

ကချင်ပြည်နယ် မိုးမောက်မြို့ စည်ပင်သာယာဈေးအတွင်းမှာ စစ်အာဏာကျဆုံးရေး လက်ကမ်းစာစောင် ဖြန့်ဝေတဲ့ လှုပ်ရှားမှုကို ဒီနေ့မနက် လူငယ်တွေ လုပ်ခဲ့ပါတယ်။

ဒီနေ့ နေပြည်တော် ဒက္ခိဏသီရိခရိုင်တရားရုံးမှာ သတင်းရယူနေတဲ့ BBC နေပြည်တော်အခြေစိုက် သတင်း ထောက် ကိုအောင်သူရနဲ့ မဇ္စျိမသတင်းဌာန နေပြည်တော်သတင်းထောက် ကိုသန်းထိုက် အောင်ကိုတို့ ဖမ်းဆီးသွားခဲ့ပါတယ်။

မတ်လ ၁၈ ရက်နေ့ ညကလည်း NLD ဗဟိုပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးကြည်တိုးနဲ့ NLD ပါတီက လူငယ်တစ်ဦးတို့ကို ရန်ကုန်မြို့မှာ ဖမ်းဆီးခံလိုက်ရကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၄၆ ရက်မြောက်နေ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက် ပြည်သူ ၂၂၄ ယောက်အထိ သေနတ်တွေနဲ့ ပစ်သတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခံရတဲ့ ပြည်သူ ၂၂၀၀ ကျော်ရှိပြီး ဖမ်းဝရမ်းထုတ်ခံရတဲ့အတွက် ထွက်ပြေးတိမ်း ရှောင်သူ ၇၀ ကျော် ထောင်ဒဏ်ကျတဲ့သူ ၁၅ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

AAPP စာရင်းအရ သေဆုံးသူအရေအတွက်ဖြစ်ပြီး မြေပြင်စာရင်းအရ သေဆုံးသူဦးရေ ဖမ်းဆီးခံရသူ ဦးရေဟာ ပိုများနိုင်ပါတယ်။

RFA က ရရှိထားတဲ့အချက်အလက်တွေအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းက စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်မှုနဲ့ ဖမ်းဆီး ရိုက်နှက်မှုတွေကြောင့် သေဆုံးရတဲ့ အရပ်သားပြည်သူ ၂ဝ၀ ကျော် ရှိသွားပါပြီ။

ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၁၈ ရက်နေ့အထိ သပိတ်ဖြိုခွင်းခံရပြီး မိသားစုနဲ့ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေသူတွေလည်း ရှိနေပါတယ်။

RFA Burmese



အောင်ပန်းမှာ ဆန္ဒပြသူတွေ ပစ်ခတ်ဖြိုခွင်းခံရ၊ လတ်တလော ရှစ်ဦးသေဆုံး အောင်ပန်းမှာ ဆန္ဒပြသူတွေ ပစ်ခတ်ဖြိုခွင်းခံရ၊ လတ်တလော ရှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 21:03 Rating: 5

No comments:

Powered by Blogger.