စစ်တပ်အကြမ်းဖက်မှု ကူညီတားဆီးဖို့ နိုင်ငံတကာကို ပြောကြားသွားတဲ့ မြန်မာအလှမယ်

အလှမယ် ဟန်လေး ( Miss Grand International 2020 ပြိုင်ပွဲဝင် ) (photo - Miss Grand International )

မြန်မာနိုင်ငံက လတ်တလောဖြစ်ရပ်တွေကို ကမ္ဘာကြီးက စောင့်ကြည့်နေချိန်မှာပဲ မတ်လ(၂၇)ရက်နေ့ ညက ထိုင်းနိုင်ငံမှာ ကျင်းပသွားတဲ့ 'Miss Grand International 2020' ပြိုင်ပွဲအတွင်း မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်တဲ့ အလှမယ် 'ဟန်လေး' က မြန်မာနိုင်ငံတွင်း လူရာကျော်သေဆုံးခဲ့တဲ့ စစ်တပ်ရဲ့ အကြမ်းဖက် လုပ်ရပ်ကို ဗီဒီယိုနဲ့ ပြသရင်း နိုင်ငံတကာက ကူညီတားဆီးပေးကြဖို့ တောင်းဆို သွားပါတယ်။

ဘယ်နိုင်ငံမှာမဆို ပြည်သူတွေဟာ သူတို့ တိုင်းပြည်ကို ငြိမ်းချမ်းစွာနဲ့ သာယာဝပြော ချမ်းသာစေချင်ကြပေမယ့် တိုင်းပြည်ရဲ့အာဏာပိုင်တွေက သူတို့အတ္တအတွက် အာဏာကို အသုံးပြုနေခြင်းဟာ မသင့်တော်ဘူးလို့ အလှမယ် ဟန်လေးက ထောက်ပြ ပြောဆိုသွားပါတယ်။

" မြန်မာပြည်သူတွေဟာ လမ်းမတွေပေါ်ထွက်ပြီး ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေကြပါတယ်။ အဲဒီလှုပ်ရှားမှုထဲမှာ ကျမလည်း ပါဝင်နေတာပါ။ ကျမ တိုင်းပြည်အခြေအနေနဲ့ ပတ်သက်လို့ နိုင်ငံတကာက ပိုသိလာအောင် အခုလို ဖွင့်ဟ ပြောကြားခွင့်ပေးတဲ့ Miss International အဖွဲ့အစည်းကြီးကိုလည်း အရမ်းပဲ ကျေးဇူးတင်ပါတယ်။ မြန်မာပြည်ကြီးကို ဝိုင်းဝန်းကူညီကြပါလို့ ဒီကနေ ကျမ တောင်းဆိုချင်ပါတယ်။ နိုင်ငံတကာရဲ့ အကူအညီတွေ ကျမတို့ အရေးတကြီး လိုအပ်နေတာပါ .." လို့ ပြောသွားပါတယ်။

သူ့စကားအဆုံးမှာတော့ ဟန်လေးက မိုက်ကယ်ဂျက်ဆင်ရဲ့ Heal the World ဆိုတဲ့ သီချင်းကို အလွတ် သီဆိုသွားခဲ့ပါတယ်။

အလှမယ် ဟန်လေးက နိုင်ငံတကာပွဲ စင်မြင့်ထက်မှာ အခုလို မြန်မာပြည်အရေး မပြောဆိုခင်ကတည်းက သူမရဲ့လူမှုကွန်ယက် ဖေ့စ်ဘွတ်ပေါ်မှာ CDM လှုပ်ရှားမှု ရံပုံငွေထည့်ဝင်ရေး အကြောင်းတွေနဲ့ ဆန္ဒပြကျောင်းသားတွေ အဖမ်းဆီး ခံရတဲ့ အကြောင်းတွေကိုလည်း ရေးသားခဲ့သူ ဖြစ်ပါတယ်။

'Miss Grand International 2020' ပြိုင်ပွဲမှာ ဟန်လေးက အမြင့်ဆုံး သရဖူဆုကို မဆွတ်ခူးနိုင်ခဲ့ပေမယ့် ထိပ်ဆုံး လူ(၂၀) ဆန်ကာတင်စာရင်းဝင် ဖြစ်ခဲ့ပါတယ်။


VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/model-hanlay-appeal-to-the-world-myanmar-violent-crackdown/5831639.html

စစ်တပ်အကြမ်းဖက်မှု ကူညီတားဆီးဖို့ နိုင်ငံတကာကို ပြောကြားသွားတဲ့ မြန်မာအလှမယ် စစ်တပ်အကြမ်းဖက်မှု ကူညီတားဆီးဖို့ နိုင်ငံတကာကို ပြောကြားသွားတဲ့ မြန်မာအလှမယ် Reviewed by THITHTOOLWIN on 06:04 Rating: 5

No comments:

Powered by Blogger.