နွေဦးတော်လှန်ရေးသူရဲကောင်း ဇင်မင်းထက်ရဲ့နောက်ဆုံးခရီး


“သားရေ မေမေစကားပြောနေတယ်လေ ထကြည့်ပါအုန်း”လို့ ရုပ်အလောင်းရဲ့ ဘေးမှာ အော်ပြောနေတဲ့ အမျိုးသမီးရဲ့ မျက်နှာဟာ မျက်နှာသစ်ထားသလိုပင် မျက်ရည်တွေနဲ့စိုရွှဲနတယ်။

သူ့ရဲ့ဝမ်းနည်းပူဆွေးမှုဟာ လမ်းပင်မလျှောက်နိုင်တော့ပဲ ရုတ်တရက် သတိလစ်သွားချင်နေတဲ့ စိတ်ကို မနည်းစိတ် ထိန်းနေရသလိုပင်။

မောင်ဇင်မင်းထက်(ခ)ဖိုးလုံးရဲ့ အမေနှင့် ဆွေမျိုးသူငယ်ချင်းများ လာရောက်နှုတ်ဆက် ဂုဏ်ပြုသူများကို ကြည့်ရင်း သေဆုံးသူနဲ့ ယခင်က သိကျွမ်းခြင်းမရှိခဲ့သလို ဆွေမျိုးလည်း မတော်စပ်တဲ့ ကျွန်မတောင် မျက်ရည်ဝဲခဲ့ရပါတယ်။

ဘေးနားမှာရှိတဲ့ အမျိုးသမီးများသာမက လူငယ်တွေ ယောင်္ကျားလေးတွေရဲ့ မျက်နာတွေမှာလည်း မျက်ရည်တွေပြည့်နှက်နေကြပါတယ်။

မတ်(၈)ရက်နေ့က  သပိတ်စစ်ကြောင်းမှာ ရှေ့ကနေ ဒိုင်းကာရင်း ချီတက်နေစဉ် သေဆုံးခဲ့တဲ့ လူငယ်လေး ဇင်မင်းထက်(ခ)ဖိုးလုံးရဲ့ နောက်ဆုံးခရီးကို လာရောက် လာနှုတ်ဆက်သူများကလည်း မျက်ရည်တွေစိုရွှဲလျှက်ပါ။

မောင်ဇင်မင်းထက်ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့သူများက လွမ်းသူ့ပန်းခွေ၊ ပန်းခြင်း များဖြင့် လာရောက်ဂုဏ်ပြုသူများ သောင်းချီ ရှိခဲ့ပါတယ်။

မောင်ဇင်မင်းထက်ရဲ့ ရုပ်အလောင်းဘေးလာရောက်ဂုဏ်ပြုသူကြတဲ့ ပြည်သူများက လက်သုံးချောင်းထောင်ကာ ကမ္ဘာမကြေဘူးသီချင်းနှင့် အရေးကြီးပြီးသီချင်းကို မျက်ရည်ဝဲရင်း ငိုရှိုက်သံများဖြင့် သီဆိုနေတဲ့ မြင်ကွင်းကလည်း တကယ့်ကို ကြေကွဲဖို့ကောင်းပါတယ်။

အာဏာရှင်ကျဆုံးပါစေလို့လည်း သံပြိုင်အော်ခဲ့ကြပါသေးတယ်။

“သူငယ်ချင်းသည် စစ်အစိုးရကို ဆန့်ကျင်သည့် ဒီမိုကရေစီတိုက်ပွဲမှာ ရှေ့တန်းမှာ စွန့်လွတ်စွန့်စား ပါဝင်ခဲ့တဲ့အတွက် ကျွန်တော်တို့မှသူငယ်ချင်း ဇင်မင်းထက်ရဲ့ အာဇာနည် စိတ်ဓာတ်ကို များစွာဂုဏ်ယူမိပါသည်။ မှတ်တမ်းလည်းတင်ပါသည်။ သို့ပေမယ့် ဒီမိုကရေစီတိုက်ပွဲ မပြီးမြောက်သေးခင် အဖြစ်ဆိုးဖြင့် ဆုတ်ခွာသွားခဲ့ရတဲ့အတွက် ဒီမိုကရေစီအောင်ပွဲရသည့အထိ ကျွန်တော်တို့သူငယ်ချင်းများ ဆက်လက်တိုက်ပွဲဝင်မည်ဟု ကတိပြုပါတယ်။”လို့ သူ့သူငယ်ချင်းများမှ သံပြိုင်မျက်ရည်ဝဲရင်း အော်ဆိုခဲ့ပါသေးတယ်။

အဖေမရှိတော့တဲ့ မုဆိုးမသား အမနှစ်ယောက် မိသားစုရဲ့ အငယ်ဆုံးသားဖြစ်တဲ့ မောင်ဇင်မင်းထက်ဟာ မိသားစုကို ပန်းတိမ်အတတ်ပညာနဲ့ အလုပ်အကျွေးပြုနေသူဖြစ်ပါတယ်။

သူချစ်ရတဲ့ အမေ၊ အမ၊ အဖွား၊ ဆွေမျိုးများ သူငယ်ချင်းများကို အမှတ်မထင် နှုတ်ဆက်သွားခဲ့ပြီဖြစ်ပါတယ်။

သူ့အနာဂတ်မှာ သူမြင်တွေ့ချင်တဲ့ “ဒီမိုကရေစီ” နိုင်ငံ ဖြစ်လာပြီး စစ်အာဏာရှင်ကျရှုံးသည့်နေ့ကိုတော့ သူမြင်ခွင့်မရတော့ပဲ လောကကြီးကနေ နှုတ်ဆက်သွားခဲ့ပါပြီ။










Kachinwaves

https://www.facebook.com/kachinwavesnews

နွေဦးတော်လှန်ရေးသူရဲကောင်း ဇင်မင်းထက်ရဲ့နောက်ဆုံးခရီး နွေဦးတော်လှန်ရေးသူရဲကောင်း ဇင်မင်းထက်ရဲ့နောက်ဆုံးခရီး Reviewed by THITHTOOLWIN on 22:28 Rating: 5

No comments:

Powered by Blogger.