ပစ်ခတ်သတ်ဖြတ်တဲ့ စစ်သားနဲ့ရဲတွေ နိုင်ငံတကာဥပဒေအရ အရေးယူခံရနိုင်



မြန်မာနိုင်ငံက ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို ရဲနဲ့စစ်သားတွေက အင်အားအလွန်အကျွံသုံး ဖြိုခွင်းပြီး၊ ကျည်အစစ် နဲ့ ပစ်ခတ်သတ်ဖြတ်နေတာဟာ နိုင်ငံတကာကသတ်မှတ်ထားတဲ့ အဓိကရုဏ်းနှိမ်နင်းရေး စံချိန်စံညွှန်းတွေကို ချိုးဖောက်တာဖြစ်လို့ နိုင်ငံတကာဥပဒေအရ အရေးယူအပစ်ပေးလို့ ရတယ်လို့ အမေရိကန်တပ်မတော် အငြိမ်းစား ဒုဗိုလ်မှူးကြီး တစ်ဦးဖြစ်တဲ့၊ ဟာဝိုင်အီကျွန်း ဟိုနိုလူလူမြို့ လုံခြုံရေးဆိုင်ရာ အာရှ-ပစိဖိတ် လေ့လာရေးဌာန က ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။

လက်နက်မပါဘဲ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေဟာ ရန်သူမဟုတ်တဲ့အတွက်၊ နိုင်ငံတကာဥပဒေအရ အဓိကရုဏ်းနှိမ်နင်းမယ်ဆိုရင် သေစေလောက်တဲ့လက်နက် လုံးဝ မသုံးရဘူးလို့လည်း ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။

အခုမြန်မာနိုင်ငံက ဆန္ဒပြပွဲတွေကိုကြည့်ရင် ရဲနဲ့စစ်သားတွေက လိုက်လို့ ကျောခိုင်း ထွက်ပြေးသူတွေကို နောက်ကနေ လိုက်လံပစ်ခတ်တာမျိုး၊ ဦးခေါင်းနဲ့ အသက် သေစေလောက်တဲ့ နေရာတွေကို ချိန်ရွယ်ပြီးမှ ရည်ရွယ်ချက်ရှိရှိ အသေ ပစ်သတ်တာမျိုးဟာ Crime Against Humanity လို့ခေါ်တဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ပြစ်မှု ဖြစ်တယ်လို့ ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။

မတ်လ ၃ ရက်၊ မန္တလေးမြို့က ဆန္ဒပြပွဲမှာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ကိုမျိုးနိုင်လင်း ရဲ့ ဦးလေးဖြစ်သူက လက်နက်မပါတဲ့ ဆန္ဒပြသူတွေကို စနိုက်ပါနဲ့ ချိန်ရွယ် ပစ်ခတ်တဲ့လုပ်ရပ်ဟာ လူမဆန်တဲ့ လုပ်ရပ်လို့ ပြစ်တင်‌ဝေဖန်ပါတယ်။

ဒီလိုသတ်ဖြတ်နေတဲ့ ရဲနဲ့ စစ်တပ်မှာ ဥပဒေဆိုတာရော ရှိရဲ့လားလို့လည်း ကိုမျိုးနိုင်လင်းရဲ့ ဦးလေးက မေးခွန်းထုတ်လိုက်ပါတယ်။

မတ်လ ၃ ရက်နေ့က ရန်ကုန်မြို့၊ မြောက်ဥက္ကလာ ဆန္ဒပြပွဲအတွင်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ ကိုမောင်ဦးရဲ့ ဇနီး ကတော့ “သေဆုံးသူအားလုံးအတွက် အပြစ်ရှိသူတွေကို ဥပဒေအရ အရေးယူ အပစ်ပေးစေချင်တယ်” လို့ ပြောပါတယ်။

မတ်လ ၃ ရက် လူထုဆန္ဒပြပွဲတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်နှိမ်နင်းခဲ့တဲ့အတွက် မြောက်ဥက္ကလာပ မြို့နယ် တစ်ခုထဲမှာတင် လူ ၂၀ ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ ပြည်တွင်းသတင်းမီဒီယာတွေက ဖေါ်ပြ ကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို လက်မခံနိုင်တာကြောင့် လွန်ခဲ့တဲ့ နှစ်ပတ်ကစပြီး အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုလုပ်နေတဲ့ ရန်ကုန်တိုင်း၊ ရဲသတင်းတပ်ဖွဲ့က ရဲမှူး တင်မင်းထွဋ် ကလည်း မြောက်ဥက္ကလာပက အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့လုပ်ရပ်ကို အရှက်ကင်းမဲ့တဲ့ လုပ်ရပ်အဖြစ် ပစ်တင်ရှုတ်ချလိုက်ပါတယ်။

သတ်ဖြတ်ခဲ့တဲ့ စစ်သားနဲ့ ရဲတွေအနေနဲ့ လုပ်ရပ်အတွက် ပြန်ပေးဆပ်ရလိမ့်မယ်လို့လည်း ရဲမှူး တင်မင်းထွဋ်က သတိပေးပါတယ်။

ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်ကတော့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် သတ်ဖြတ်တဲ့လုပ်ရပ်ဟာ ဥရောပအလယ်ပိုင်း ယူဂိုဆလားဗီးယားမှာ အာဏာရှင်သမ္မတ ဆလိုဗိုဒမ် မီလိုဆီးဗစ်ရဲ့ လုပ်ရပ်မျိုး ဖြစ်တာကြောင့် နိုင်ငံတကာတရားရုံး ICJ နဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC တို့ကနေ အရေးယူနိုင်တဲ့လုပ်ရပ်မျိုး ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ၂၀၁၇ ခုနှစ်က ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ဝင်တွေပါဝင်တဲ့ မြန်မာ့အရေး အထူးအကြံပေးကောင်စီအဖွဲ့ရဲ့ မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာလည်း “မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြ ပြည်သူတွေကို အင်အားသုံး ဖြိုခွင်းနေတာတွေဟာ Crime against humanity လို့ခေါ်တဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တယ်” လို့ ပြောထားပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ အခုချိန်ထိ တစ်လကျော်ကာလအတွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်နှိမ်နင်းမှုကြေင့် အနည်းဆုံး လူ ၆၀ လောက်သေဆုံးပြီး၊ ၁၅၀၀ကျော်ခန့် ဖမ်းဆီးခံထားရကြောင်း လည်း မြန်မာ့အရေး အထူးအကြံပေးကောင်စီ အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese



ပစ်ခတ်သတ်ဖြတ်တဲ့ စစ်သားနဲ့ရဲတွေ နိုင်ငံတကာဥပဒေအရ အရေးယူခံရနိုင် ပစ်ခတ်သတ်ဖြတ်တဲ့ စစ်သားနဲ့ရဲတွေ နိုင်ငံတကာဥပဒေအရ အရေးယူခံရနိုင် Reviewed by THITHTOOLWIN on 20:41 Rating: 5

No comments:

Powered by Blogger.