ဒေသတွင်းအစည်းအဝေး မြန်မာစစ်အုပ်ချုပ်ကောင်စီကို ဖိတ်ကြားမှု သီရိလင်္ကာဝေဖန်ခံနေရ

သီရိလင်္ကာနိုင်ငံ Colombo ရှိ မြန်မာသံရုံးအပြင်ဘက်မှာ တွေ့ရတဲ့ စစ်အာဏာဆန့်ကျင်ဆန္ဒထုတ်ဖော်သူများ။ (မတ် ၁၀၊ ၂၀၂၁)

ရှေ့လကျရင်ကျင်းပမယ့် ဒေသဆိုင်ရာ အစည်းအဝေးတစ်ခုကိုတက်ဖို့ မြန်မာ စစ်ဘက်အုပ်ချုပ်ရေးကောင်စီက နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်ထားသူ ဦးဝဏ္ဏမောင်လွင်ကို သီရိလင်္ကာနိုင်ငံက ဖိတ်ကြားထားတဲ့အတွက် အပြင်းအထန် ဝေဖန်ခံနေရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို သီရိလင်္ကာအစိုးရက ထောက်ခံတယ်ဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ ပြစ်တင်ဝေဖန်နေကြတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းဖြုတ်ချခဲ့တဲ့ စစ်ဘက်အုပ်ချုပ်ရေးကောင်စီကို နိုင်ငံတကာက တရားဝင်အသိအမှတ်ပြုတာ မရှိသေးပါဘူး။ ဒါပေမဲ့လည်း ဦးဝဏ္ဏမောင်လွင်ဟာ ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးတချို့နဲ့ လူကိုယ်တိုင်ရော အွန်လိုင်းကနေပါ တွေ့ဆုံတာတွေရှိထားပါတယ်။

ဧပြီလ ၁ ရက်နေ့မှာ အွန်လိုင်းကနေကျင်းပမယ့် ဘင်္ဂလားပင်လယ်အော် နည်းပညာနဲ့ စီးပွားရေး ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC) အစည်းအဝေးကို တက်ဖို့ သီရိလင်္ကာရဲ့ ဖိတ်ကြားစာကို AFP သတင်းဌာနက တွေ့ခဲ့ရပါတယ်။

ဒီအစည်းအဝေးကို တက်ဖို့ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါလ်၊သီရိလင်္ကာ၊ မြန်မာနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတွေကို ဖိတ်ကြားထားတာပါ။

ဒီဖိတ်ကြားချက်အပေါ် မြန်မာတက်ကြွလှုပ်ရှားသူတွေက သီရိလင်္ကာ နိုင်ငံခြားရေးဌာနရဲ့ လူမှုကွန်ယက်မီဒီယာတွေပေါ်မှာ ပြစ်တင် ဝေဖန်နေကြပါတယ်။

ဒါနဲ့ပတ်သက်ပြီး သီရိလင်္ကာနိုင်ငံခြားရေးဌာနက မှတ်ချက်ပေးပြောဆိုတာမရှိသေးပါဘူး။ သီရိလင်္ကာနဲ့ မြန်မာနိုင်ငံတို့ဟာ ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်တာချင်း တူညီတာကြောင့် ဘာသာရေးအရ နီးစပ်တဲ့ဆက်ဆံရေးရှိထားပါတယ်။

ဒီအတောအတွင်းမှာပဲ သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုမြို့တော်က မြန်မာသံရုံးအပြင်ဘက်မှာ သီရိလင်္ကာတက်ကြွလှုပ်ရှားသူ ဒါဇင်ပေါင်းများစွာ ဒီကနေ့စုဝေးပြီး မြန်မာ စစ်အာဏာသိမ်းမှုကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/sri-lanka-invites-foreign-minister-of-myanmar-junta/5808812.html

ဒေသတွင်းအစည်းအဝေး မြန်မာစစ်အုပ်ချုပ်ကောင်စီကို ဖိတ်ကြားမှု သီရိလင်္ကာဝေဖန်ခံနေရ ဒေသတွင်းအစည်းအဝေး မြန်မာစစ်အုပ်ချုပ်ကောင်စီကို ဖိတ်ကြားမှု သီရိလင်္ကာဝေဖန်ခံနေရ Reviewed by THITHTOOLWIN on 00:01 Rating: 5

No comments:

Powered by Blogger.