မြန်မာ့အရေး ကုလ လုံခြုံရေးကောင်စီအရေးပေါ် အစည်းအဝေး ထပ်မံခေါ်ယူမည်

မတ်လ ၂၇ ရက်နေ့က ရန်ကုန် သာကေတမြို့ ဆန္ဒပြပွဲအတွင်း တွေ့ရတဲ့ လက်သုံးချောင်းထောင်ဆန္ဒပြပြည်သူများ။ (မတ် ၂၇၊ ၂၀၂၁)

မြန်မာနိုင်ငံအခြေအနေအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ တခါးပိတ်ခေါ်ယူ ကျင်းပဖို့ရှိတယ်လို့ သံတမန်သတင်းရပ်ကွက်တွေကို ကိုးကားပြီး AFP သတင်းဌာနက ရေးပါတယ်။ မြန်မာနိုင်ငံအခြေအနေကို အရေးပေါ်ဆွေးနွေးဖို့ ဗြိတိန်နိုင်ငံက အဆိုပြုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ၁၅ နိုင်ငံပါ ကုလသမဂ္ဂ လုံခြံုရေးကောင်စီမှာ အမေရိကန်ပြည်ထောင်စုက လတ်တလောအားဖြင့် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားပါတယ်။ အခုလာမယ့် ကုလ လုံခြံုရေးကောင်စီအစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာကုလ အထူးကိုယ်စားလှယ် Christine Schraner Burgener က မြန်မာနိုင်ငံနောက်ဆုံး အခြေအနေတွေကို တင်ပြရှင်းလင်းမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက် ဆန္ဒပြသူတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွဲမှုတွေ မတ်လ ၂၇ ရက်နေ့က အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ အရှိန်မြင့် ဖြစ်ပေါ်လာနိုင်ကြောင်း ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ဟန့်တားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Alice Wairimu Nderitu နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet တို့က ဒီကနေ့ ပူးတွဲသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုတွေကို စစ်တပ်နဲ့ ရဲက ပစ်ခတ်နှိမ်နင်းနေရာမှာ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ တရက်တည်းမှာတင် လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး၊ စစ်အာဏာသိမ်းပြီးကတည်းကဆိုရင် ဆန္ဒပြသူ ၄၀၀ ကျော်၊ ၅၀၀ နီးပါးအထိ သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မြန်မာနိုင်ငံသားတွေကို ညှဉ်းပန်းသတ်ဖြတ်နေမှုကနေ နိုင်ငံတကာက အကာအကွယ်ပေးရမယ့် တာဝန်ရှိမှုကို ချက်ခြင်း ချမှတ်ဆောင်ရွက်ကြဖို့ဆိုပြီး လူ့အခွင့်အရေးဆိုင်ရာ ကုလ မဟာမင်းကြီးနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကာကွယ်ဟန့်တားရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်တို့က ပူးတွဲ ထုတ်ပြန်တောင်းဆိုထားပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/un-security-council-on-myanmar/5832415.html

မြန်မာ့အရေး ကုလ လုံခြုံရေးကောင်စီအရေးပေါ် အစည်းအဝေး ထပ်မံခေါ်ယူမည် မြန်မာ့အရေး ကုလ လုံခြုံရေးကောင်စီအရေးပေါ် အစည်းအဝေး ထပ်မံခေါ်ယူမည် Reviewed by THITHTOOLWIN on 02:31 Rating: 5

No comments:

Powered by Blogger.