စစ်အာဏာသိမ်းပြီး လူပေါင်း ၂,၀၀၀ ကျော် ဖမ်းဆီးခံထားရ

ဖေဖော်ဝါရီ ၁၂ ရက်နေ့ မော်လမြိုင်ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခြင်းခံခဲ့ရတဲ့ အမျိုးသားတဦး။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၁)

စစ်အာဏာသိမ်းပြီးချိန်က စလို့ ဒီကနေ့အထိ လူပေါင်း ၂,၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရပြီး ဆန္ဒပြအကြမ်းဖက်ဖြိုခွဲမှုကြောင့် အသက်ဆုံးသွားသူပေါင်း ၁၃၀ ကျော်အထိ ရှိသွားပြီလို့နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB က ပြောပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံရတာ ပျောက်ဆုံး အဆက်အသွယ်မရသူတွေအတွက် သက်ဆိုင်ရာအကျဉ်းထောင်တွေရဲ့ရှေ့မှာ ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့ ရှေ့နေတွေဘက်က လိုအပ်တဲ့ ဥပဒေရေးရာအကူအညီတွေပေးနေတယ်လို့လည်း AAPP က ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းချိန် AAPPB ရဲ့အတွင်းရေးမှူးကိုတိတ်နိုင်က ဒီကနေ့အထိ နောက်ဆုံးဖမ်းဆီးထိန်းသိမ်းခံရသူတွေနဲ့ သေဆုံးသူတွေ အရေအတွက် ပိုတိုးလာနေပြီး အခြေအနေဟာ အတော်လေးကို စိုးရိမ်စရာကောင်းတဲ့အနေအထားဖြစ်နေတယ်လို့ပြောပါတယ်။

ကိုတိတ်နိုင်။ ။ ၂,၁၅၆ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရတယ်။ အဲ့ဒီ့မှာ ၃၁၉ ဦး က ပြန်လွတ်လာတယ် ဆိုတော့ အနိမ့်ဆုံး ၁၈၃၇ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ပြောလို့ရပါတယ်။ မနေ့ကဆိုရင်လည်း ၁၀၀ ကျော် ထပ်အဖမ်းခံရတယ်။ ဒီနေ့ဆိုရင်လည်း ဖမ်းဆီးခံနေရတဲ့စာရင်းတွေ ထပ်ရတာတွေရှိပါတယ်။ အနိမ့်ဆုံး ၂,၀၀၀ လောက် အဖမ်းဆီး အထိန်းသိမ်းခံထားရပြီးတော့ အာဏာသိမ်းပြီးကတည်းက ဒီနေ့အထိ ကျဆုံးသွားသူပေါင်းက ဒီနေ့အထိဆို ၁၃၀ ကျော်လောက်ရှိနေပါတယ်။

မဆုမွန်။ ။ ဒီနေ့အထိ လက်နက်ထိမှန်သေဆုံးသွားသူတွေ ရှိတယ်။ ဖမ်းဆီးထိန်းသိမ်းခံရင်းနဲ့ သေဆုံးသူတွေရှိတယ်။ တချို့ဆိုရင်လည်း ပျောက်ဆုံးနေဆဲအနေအထားတွေ ရှိတယ်။ ဒီအပေါ်မှာ အေအေပီပီအနေနဲ့လည်း ဘယ်လိုဆက်သွယ်စုံစမ်းပေးနေပါလဲရှင့်။

ကိုတိတ်နိုင်။ ။ ဒီနေ့ဆိုရင်လည်း သေဆုံးသွားသူပေါင်း အနည်းဆုံး ၁၀ ဦးလောက်အထိရှိနေတယ်ဆိုတာ ကျနော်တို့ သတင်းရရှိထားပါတယ်။ မြင်းခြံမှာ အမျိုးသမီးတဦးအပါအဝင် ၄ ယောက်ကျတယ်။ ဒဏ်ရာရတာက ၅၀ ကျော်လောက်ရှိပါတယ်။ မန္တလေးမှာ ၂ ဦးကျတယ်၊ ၃ ဦးဒဏ်ရာရတယ်။ ပဲခူးမှာ ကြို့ပင်ကောက်မှာ ၁ ဦးကျတယ်။ ၃ ဦးဒဏ်ရာရတယ်။ အောင်လံမှာ ၂ ဦး ကျဆုံးပြီးတော့ ၆ ဦးဒဏ်ရာရတယ်။ အောင်ပန်းမှာ ၂ ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရတယ်။ ဒီလှိုင်သာယာတို့၊ အင်းစိန်တို့၊ မြောက်ဥက္ကလာတို့ဘက်မှာ အခုအချိန်အထိ အကြမ်းဖက်ဖြိုခွဲနေဆဲကိစ္စတွေ ရှိနေပါတယ်။ ဒီစာရင်းတွေက နေ့တိုင်းလိုလို ထပ်ထပ်ပြီး တိုးနေတာတွေရှိပါတယ်။ ကျနော်တို့ဘက်ကတော့ ဖြန့်ကျက်ပြီးတော့ တတ်နိုင်သလောက်တော့ စုံစမ်းနေတာတွေ ရှိပါတယ်။ ကျန်ခဲ့တာတွေလည်း ရှိနိုင်ပါတယ်။ သေဆုံးသူအများစုကတော့ ငြိမ်းချမ်းစွာဆန္ဒပြရင်းနဲ့ စစ်အုပ်စုကနေ အကြမ်းဖက်ဖြိုခွဲတဲ့အတွက် လမ်းမတွေပေါ်မှာပဲ ကျဆုံးသွားရတဲ့သူတွေက အများစုပါ။ တချို့ကျတော့ လမ်းမပေါ်မှာ ဒဏ်ရာရတယ်။ ဆေးရုံမှာ ကျဆုံးတဲ့သူတွေလည်းရှိပါတယ်။ တချို့ကျတော့လည်း လမ်းမပေါ်မှာ ဒဏ်ရာရတယ်။ တပ်တွေကနေ ကောက်ယူသွားပြီးတော့ ဒီကနေ့အထိ ပျောက်ဆုံးနေတဲ့သူတွေလည်း တော်တော်များများရှိနေပါတယ်ဗျ။

မဆုမွန်။ ။ အခုဆိုရင် မြို့နယ်တချို့မှာ စစ်အုပ်ချုပ်ရေး မာရှယ်လော ထုတ်ထားတဲ့အနေအထားရှိတော့ အဲ့ဒီ့အုပ်ချုပ်ရေးအောက်မှာ ပြည်သူတွေ ဖမ်းဆီးချုပ်နှောင်ခံရမှု သေဆုံးမှုတွေက ဘယ်လောက်အထိ စိုးရိမ်စရာအနေအထားရှိနေပါလဲရှင့်။

ကိုတိတ်နိုင်။ ။ ဟုတ်ကဲ့ မာရှယ်လောထုတ်ရတယ်ဆိုတဲ့ အနေအထားက တိုင်းပြည်တပြည်မှာ အဆိုးဆုံးအနေအထားလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒီနေ့ လှိုင်သာယာမှာဆိုရင်လည်း လူတွေ ထောင်ချီတဲ့ လူအုပ်စုကြီးက ထွက်လာကြတာတွေ့ရပါတယ်။ ဒါက ဘာကိုပြသလဲဆိုတော့ လူထုဘက်က သူတို့ရဲ့လွတ်လပ်ခွင့်ဆိုတဲ့ကိစ္စ ဒီမိုကရေစီရေး လူ့အခွင့်အရေးတွေကို ဒီကနေ့ လူငယ်တွေက အစွန်းဆုံး အနေအထားအထိ တိုက်ပွဲဝင်သွားမယ့်အနေအထားဖြစ်ပါတယ်။ ကျန်တဲ့မျိုးဆက်တွေကလည်း ကျရာအခန်းကဏ္ဍကနေ ပါဝင်နေတာကိုတွေ့ရပါတယ်။ ဒါ့အပြင် စစ်အုပ်စုဘက်မှာကလည်း သူတို့စစ်အာဏာသိမ်းမှု အထမြောက်အောင် အစွမ်းကုန်ကြိုးစားမယ့်အနေအထားရှိနေပါတယ်။ ပြောချင်တာကတော့ မြန်မာနိုင်ငံမှာ လာမယ့်ကာလတို ကာလလေးအတွင်းမှာ တော်တော်လေးကို ဆိုးဆိုးဝါးဝါးအနေအထားမျိုးနဲ့ ရင်ဆိုင်ရမယ့်အနေအထားမျိုးတွေရှိနေပါတယ်ဗျ။

မဆုမွန်။ ။ အဲ့ဒီတော့ အဲ့သလိုစိုးရိမ်စရာအနေအထားရှိလာချိန်မှာ ဖမ်းဆီးခံရတာ ထိန်းသိမ်းခံရတာ တရားစွဲခံရတာ နောက် ပျောက်ဆုံးသွားတာ ကျဆုံးသွားတဲ့ပြည်သူတွေနဲ့ပတ်သက်ပြီးတော့ ဥပဒေရေးရာအရ အကူအညီတွေ လိုအပ်လာတဲ့အခါကျတော့ အေအေပီပီအနေနဲ့ ဘာတွေများကူညီပေးနိုင်တာရှိလဲ။ နောက်ဥပဒေရေးရာ ကျွမ်းကျင်ပညာရှင်တွေဘက်က ဘာတွေ ဝိုင်းပြီး ကူညီပေးနေတာတွေရှိပါလဲရှင့်။

ကိုတိတ်နိုင်။ ။ အခု ဥပဒေရေးရာပညာရှင်တွေလည်းရှိတယ်၊ ရှေ့နေတွေလည်းရှိပါတယ်။ သူတို့တွေကတော့ တတ်နိုင်တဲ့ဘက်ကနေ အစွမ်းကုန်ကူညီဆောင်ရွက်ပေးနေတာတွေတွေ့ပါတယ်။ ကျနော်တို့ အေအေပီပီအနေနဲ့လည်း ဥပဒေရေးရာအကြံပြုနေတာတွေရှိပါတယ်။ နောက်တခါ အကျဉ်းထောင်ထဲရောက်သွားရင်လည်း ဥပမာ ထောင်ဝင်စာ ဘယ်လိုတွေ့ရမလဲ။ တရားရင်ဆိုင်တဲ့အခါ လိုအပ်တဲ့ ဥပဒေရေးရာအကူအညီမျိုး ရှေ့နေအဆက်အသွယ်တွေကို AAPP ရဲ့နေ့စဉ် ထုတ်ပြန်ချက်တိုင်းမှာ နောက်ဆုံးမှာ ဖုန်းနံပတ်တွေ ဖော်ပြပေးထားတာရှိပါတယ်။ နောက် ဥပဒေရေးရာ အထောက်အကူပြုနေတဲ့ အဖွဲ့အစည်းတွေနဲ့ တတ်နိုင်သလောက် ချိတ်ပေးသွားမယ့် အစီအစဉ်မျိုးတွေ လုပ်ထားပါတယ်။

လောလောဆယ်မှာတော့ AAPP မှာတော့ ပြည်သူ့ပါတီက ဥပဒေရေးရာ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ရှေ့နေတွေက နေ့တိုင်းလိုလို အင်းစိန်ထောင်ရှေ့မှာ ရှိနေပါတယ်။ အင်းစိန်ထောင်ကို ရောက်လာပြီး ပျောက်ဆုံးဖမ်းဆီးခံရတဲ့ မိသားစုတွေ၊ သားသမီးတွေကို လာရှာကြတဲ့ ပြည်သူတွေကို သတင်းစကားပါးချင်တာက အင်းစိန်ထောင်ရှေ့မှာလည်း ဥပဒေအကြံပေးအဖွဲ့တွေရှိနေပါတယ်။ အေအေပီပီက ဥပဒေအကြံပေးအဖွဲ့တွေ ရှိနေပါတယ်။ မိသားစုတွေက အဲ့ဒီ့ဥပဒေအကြံပေးအဖွဲ့တွေကို အချိန်မရွေးဆက်သွယ်ပြီးတော့ အကူအညီတောင်းနိုင်ပါတယ်ဆိုတာလေး ပြောချင်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီကနေ့အထိ ဖမ်းဆီးထိန်းသိမ်းခံရသူတွေနဲ့ သေဆုံးသူတွေ အရေအတွက် အခြေအနေတွေကို AAPPB ရဲ့အတွင်းရေးမှူး ကိုတိတ်နိုင်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။


မဆုမွန်/ VOA Burmese

https://burmese.voanews.com/a/myanmar-military-coup-protester-arrest/5814782.html

စစ်အာဏာသိမ်းပြီး လူပေါင်း ၂,၀၀၀ ကျော် ဖမ်းဆီးခံထားရ စစ်အာဏာသိမ်းပြီး လူပေါင်း ၂,၀၀၀ ကျော် ဖမ်းဆီးခံထားရ Reviewed by THITHTOOLWIN on 20:38 Rating: 5

No comments:

Powered by Blogger.