စစ်တပ်ထုတ်ကုန်တွေ သပိတ်မှောက်တဲ့လှုပ်ရှားမှု အရှိန်မြင့်လာ



နိုင်ငံတဝန်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက် ဖြိုခွဲတာ၊ ဆန္ဒပြပြည်သူတွေကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်တာတွေကြောင့် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို ပြည်ပနိုင်ငံတွေက ဒဏ်ခတ်အရေးယူနေသလို ပြည်တွင်းမှာလည်း စစ်တပ်ထုတ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်တဲ့ လှုပ်ရှားမှုတွေ အရှိန်မြင့်လာနေပါတယ်။

အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်တွေ ခေါင်းမထောင်နိုင်အောင် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့အရေးယူနေသလိုပဲ ပြည်တွင်းမှာလည်း စစ်တပ်နဲ့ ဆက်နွယ်တဲ့ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကုန်ပစ္စည်းတွေကို မသုံးဖို့ သပိတ်မှောက်တဲ့ လှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိလာနေပါတယ်။

စစ်တပ်ထုတ်ကုန်မသုံးဖို့ သပိတ်မှောက်ခံရတဲ့ ကုန်ပစ္စည်းတွေထဲမှာ စီးပွားရေး ဦးပိုင်လိမိတက်ကထုတ်တဲ့ မြန်မာဘီယာ၊ ဒဂုံဘီယာ၊ Red ruby ဆေးလိပ်တွေ အပါအဝင် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစုရှယ်ယာပါဝင်တဲ့ Mytel ဆက်သွယ်ရေးလုပ်ငန်း အစရှိတဲ့ ထုတ်ကုန်ပစ္စည်းတွေကို အဓိကထား သပိတ်မှောက်နေကြတာပါ။

စစ်တပ်ထုတ်ကုန်တွေကို ဆန့်ကျင်သပိတ်မှောက်နေကြတာကြောင့် မြန်မာဘီယာအပါအဝင် စစ်တပ်က ထုတ် အဖျော်ယမကာတွေ ရောင်းမထွက်ဘဲ ဖြစ်နေတယ်လို့ ရန်ကုန်မြို့က စားသောက်ဆိုင်ပိုင်ရှင် တဦးက ပြောပါတယ်။

"အခု ဦးပိုင်က ထုတ်တယ်ဆိုတဲ့ဟာမျိုး ဖြစ်လာတော့လေ လူတွေက မသောက်သုံးတော့တာ မရွေးတော့ဘူး။ ဦးပိုင်က ထုတ်တဲ့ဟာတွေ ကျနော့်ဆီမှာ အများကြီး လက်ကျန်ရှိတယ်။ ဝယ်တဲ့သူလည်း မရှိဘူး။ လာမေးတဲ့သူလည်း မရှိဘူး။ တင်ထားတာတောင်မှ ဘာလို့တင်ထားတာလဲ ဆိုတဲ့ မေးခွန်း မေးခံထိတယ်"

ပြည်တွင်း နေရာအတော်များများက စားသောက်ဆိုင်တွေမှာလည်း စစ်တပ်ပိုင် Myanmar Beer လို အဖျော်ယမကာတွေ ရောင်းချခြင်း မပြုပါကြောင်း ရေးသားနေကြပြီး တချို့ဆိုင်တွေမှာတော့ မြန်မာဘီယာတံဆိပ်ပါ ဆိုင်းဘုတ်တွေကိုပါ ဖြုတ်ချနေကြပါတယ်။ နိုင်ငံတဝှမ်းက ဒေသတချို့မှာလည်း မြန်မာဘီယာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ လုပ်နေကြပါတယ်။

စစ်တပ်ပိုင်ပစ္စည်းတွေကို ဝယ်ယူအားပေးနေတာဟာ ပြည်သူတွေကို ဖိနှိပ်ဖို့ စစ်တပ်ကို ငွေကြေးထောက်ပံ့ပေးနေသလို ဖြစ်တာကြောင့် စစ်တပ်ကုမ္ပဏီ ထုတ်ကုန်တွေကို မသုံးဖို့ ဆုံးဖြတ်ထားတာလို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

"Mytel simcard တွေကို ကျနော်တို့ ဖျက်ဆီးပစ်တာမျိုးတို့၊ ဒါ boycott လုပ်တာပေါ့၊ Mytel ကို သုံးလဲမသုံးတော့ဘူး။ မသုံးတော့တဲ့အပြင် နောက်တဆင့်က အဲဒီဖုန်းနံပါတ်နဲ့ ခေါ်ရင် မကိုင်တော့တာမျိုးတို့၊ ပြောရမယ်ဆိုရင် လုံးဝသုံးလို့မရတဲ့ အဆင့်အထိပါ လုပ်သွားမယ့် အစီအစဉ်ရှိတယ်"

မြန်မာစစ်တပ်ဗိုလ်ချုပ်တွေဟာ Mytel တခုတည်းကနေ ၁၀ နှစ်အတွင်း အမြတ်ငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၀၀ ကျော် ခံစားခွင့်ရှိမှာဖြစ်ကြောင်း Justice For Myanmar က ရှာဖွေဖော်ထုတ်ခဲ့ပါတယ်။ ဒီစစ်တပ်စီးပွားရေးက အကျိုးအမြတ်တွေဟာ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်၊ လူ့အခွင့်အရေး ချိုးဖောက်ဖို့ ငွေကြေးထောက်ပံ့ပေးနေခြင်းဖြစ်တယ် လို့လည်း Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ရိုက်တာသတင်းမှာ ပြောထားပါတယ်။

ဒီနေ့လို နည်းပညာခေတ်မှာ စစ်တပ်ပိုင်ကုန်ပစ္စည်းတွေကို ဖုန်းကနေ အလွယ်တကူရှာလို့ရတဲ့ နည်းတွေကို ဖုန်းသုံးစွဲသူတွေကြား ဖြန့်ဝေနေကြပါတယ်။ စစ်တပ်နဲ့ ဆက်စပ်တဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို စာရင်းပြုစုထားတဲ့ Way Way Nay ဆိုတဲ့ ဖုန်း Application တခုကိုလည်း မြန်မာနည်းပညာရှင် လူငယ်တစုက ဖန်တီးထားပါတယ်။

"သူတို့ရဲ့ product တွေကို ကျနော်တို့ boycott လုပ်မယ်။ သူတို့ရဲ့ ယန္တရားကြီးရပ်သွားအောင် ကျနော်တို့ လုပ်ချင်တာပေါ့နော်။ ဒီယန္တရားကြီးက မရပ်ဘူး သူတို့မှာ ငွေတွေရှိနေမယ်ဆိုရင် အဲ့ဒါတွေကနေတဆင့် ကျည်ဆံအဖြစ်ပြောင်းလဲပြီး ကျနော်တို့ကို ပစ်သွားနိုင်တာပဲလေ။ သူတို့ရဲ့ ယန္တရားကြီးကို ရပ်တန့်သွားအောင်လုပ်နိုင်မှ သူတို့ရဲ့ ထုတ်ကုန်တွေကို အားမပေးတော့ဘူး မဝယ်သုံးတော့ဘူးဆိုရင် သူတို့ရဲ့ Income(ဝင်ငွေ)လဲ ရပ်သွားမယ်။ ကျနော်တို့ကို ပစ်သတ်မယ့် သူတို့ကျည်တွေလဲ မထုတ်နိုင်တော့ဘူး။ အဲ့လိုပုံစံမျိုးအနေနဲ့ တစိတ်တဒေသပါဝင်နိုင်မယ်လို့ ယုံကြည်လို့ လုပ်ခဲ့တာပါ။ အခုဆို သုံးစွဲသူတွေလည်း များလာတယ်။ ဒီ App ကလေးကို သေချာကြည့်ပြီး စစ်တပ်ထုတ်ကုန်တွေကို ရှောင်ကြဉ်နေတာမျိုးလဲ ကြားရတယ်။ တချို့ဆို မိသားစုလိုက် ထည့်ထားတယ်လို့ ပြန်သိရပါတယ်"

အဲ့ဒီ ဝေးဝေးနေ Application ထဲမှာ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းပေါင်း ၂၅၀ ကျော်ကို ထည့်သွင်းထားပါတယ်။ အဲဒီ လုပ်ငန်းတွေထဲမှာ အာဏာသိမ်း စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ ဆက်သွယ်ရေးလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ အဖျော်ယမကာလုပ်ငန်း၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေ အပါအဝင် လူသုံးကုန် ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်း အစရှိတဲ့ လုပ်ငန်းပေါင်းစုံ ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဒဏ်ခတ်ပိတ်ဆို့တဲ့အနေနဲ့ အမေရိကန်အစိုးရက မတ်လ ၁၀ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားနဲ့သမီး ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်း ၆ ခုကို ဒဏ်ခတ်အရေးယူခဲ့ပါတယ်။ ဂျပန်ကုမ္ပဏီပိုင် Viber ကလည်း စစ်တပ်ပိုင် Mytel ဆက်သွယ်ရေး ကုမ္ပဏီရဲ့ ကြော်ငြာတွေကို ယာယီရပ်ဆိုင်းကြောင်း မတ်လ ၁၀ ရက်နေ့က သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

RFA Burmese



စစ်တပ်ထုတ်ကုန်တွေ သပိတ်မှောက်တဲ့လှုပ်ရှားမှု အရှိန်မြင့်လာ စစ်တပ်ထုတ်ကုန်တွေ သပိတ်မှောက်တဲ့လှုပ်ရှားမှု အရှိန်မြင့်လာ Reviewed by THITHTOOLWIN on 10:08 Rating: 5

No comments:

Powered by Blogger.