ကုလသမဂ္ဂဒုတိယအမြဲတမ်းကိုယ်စားလှယ် ဦးတင်မောင်နိုင်နှုတ်ထွက်


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းရဲ့နေရာမှာ အာဏာသိမ်းစစ်ကောင်စီက အစားထိုးတာဝန်ပေးအပ်ခဲ့တဲ့ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ဦးတင်မောင်နိုင်က သူ အလုပ်နှုတ်ထွက်တဲ့အကြောင်း သူ့ရဲ့ Facebook မှာ မနေ့ညက ရေးသားခဲ့ပါတယ်။ 

ဦးတင်မောင်နိုင်က သူ့ရဲ့ Facebook မှာ “ကျနော်သည် ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိထားတဲ့ လုပ်သက် ၃ဝ ကျော်ရှိတဲ့ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း၊ နိုင်ငံအပေါ် သစ္စာရှိသူတစ်ဦးဖြစ်ကြောင်း၊ မိခင်ရဲ့ကျန်းမာရေး၊ ယောက္ခမရဲ့ ကျန်းမာရေးနဲ့ မိမိရဲ့ကျန်းမာရေးအခြေအနေအရ မိမိချစ်မြတ်နိုး အလေးထားတန်ဖိုးထားတဲ့ အလုပ်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ရပါတယ်” - လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ဒီစာဟာ - စစ်ကောင်စီကနေ သူ့ကို ကုလသမဂ္ဂမှာ အစားထိုးသံအမတ်အဖြစ် ခန့်အပ်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ရေးတင်ခဲ့တာဖြစ်ပါတယ်။ 

ဒါပေမဲ့လည်း တရားဝင် အလုပ်နှုတ်ထွက်စာကိုတော့ စစ်ကောင်စီနိုင်ငံခြားရေးဋ္ဌာနကို မတင်ရသေးလို့ သံရုံးနဲ့ နီးစပ်သူတချို့က RFA ကို ပြောပါတယ်။ 

ဒီသတင်းတွေနဲ့ပတ်သက်ပြီး အတည်ပြုချက်ရနိုင်ဖို့ ဦးတင်မောင်နိုင် ကို RFA က ကြိုးစား ဆက်သွယ်နေပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးရဲ့ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ဦးတင်မောင်နိုင်ကို ယာယီသံရုံးတာဝန်ခံအဖြစ် စစ်ကောင်စီနိုင်ငံခြားရေးဌာနက ကြေညာခဲ့ပြီး၊ ကုလသမဂ္ဂမှာ အစားထိုးသံအမတ်ခန့်အပ်လွှာကို မတ်လ ၂ ရက် အင်္ဂါနေ့က ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးရုံးကနေတဆင့် အရေးပေါ် တင်သွင်းခဲ့တာပါ။ 

စစ်ကောင်စီက မတင်ခင် တရက်ကြိုပြီး မတ်လ ၁ ရက် တနင်္လာနေ့မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကနေ သူ့အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရားဝင် သံအမတ်ကြီးအဖြစ် ဆက်ပြီး တည်ရှိနေကြောင်းကို ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌဆီ စာပေးပို့ခဲ့တာပါ။ 

ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ ဦးကျော်မိုးထွန်းကနေ သူဟာ NLD အစိုးရနဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ကိုယ်စားပြုကြောင်း တရားဝင် ပြောဆိုလိုက်ပြီးနောက် အာဏာသိမ်းစစ်ကောင်စီက  သူ့ကိုဝန်ထမ်းအဖြစ်က ထုတ်ပယ်ပြီး ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ဦးတင်မောင်နိုင်ကို အစားထိုးဖို့ ကြိုးစားခဲ့တာလည်း ဖြစ်ပါတယ်။ 

ဦးတင်မောင်နိုင်အလုပ်နှုတ်ထွက်တဲ့ကိစ္စ Facebook မှာ မတင်ခင်အချိန်အထိ - သူတို့နှစ်ယောက်စလုံးဟာ ကုလသမဂ္ဂ အစည်းအဝေးတွေကို တက်ရောက်ခွင့်ရှိသူတွေ ဖြစ်နေတဲ့အတွက် ဘယ်သူက မြန်မာနိုင်ငံကို ကိုယ်စားပြုတယ်ဆိုတဲ့အပေါ် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့  Credentials Committee က ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။

ဒါကြောင့် “မတွေ့ရတာကြာပြီဖြစ်တဲ့ ထူးခြားတဲ့အခြေအနေမို့လို့ ဒီကိစ္စကို ကုလသမဂ္ဂအနေနဲ့ အမြန်ဆုံးဖြေရှင်းဖို့ ကြိုးစားနေကြောင်း” - ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က သတင်းထောက်တွေကို မနေ့က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး LindaThomas-Greenfield ကလည်း မနေ့နေ့လည်က မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံပြီး၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ သတ္တိနဲ့ ပြီးခဲ့တဲ့တပတ်က ကုလသမဂ္ဂ အထွေထွေညီလာခံကြီးရဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ မြန်မာပြည်အရေး ခံစားချက်အပြည့်နဲ့ ပြောဆိုခဲ့တာအပေါ် ချီးကျူးစကားပြောဆိုခဲ့တယ်လို့ အမေရိကန်သံအမတ်ကြီးရုံးက ထုတ်ပြန်ထားပါတယ်။ 

ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့အစိုးရရဲ့လက်ထဲ အာဏာပြန်ရရှိအောင်နဲ့ မြန်မာပြည်သူတွေဘက်က အမေရိကန်ရပ်တည်နေကြောင်းကိုလည်း အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က ပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price ကလည်း မနေ့ကလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ - သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ရှိနေကြောင်းကို ပြောဆိုသွားခဲ့ပါတယ်။ 

ဒီကနေ့ မတ်လ ၃ ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး - သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ရှိ ထမ်းဆောင်နေတဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်တာဝန်အပြင် နိုင်ငံခြားရေးရာနဲ့ သံတမန်ရေးရာကိစ္စရပ်တွေကိုပါ ထမ်းဆောင်ဖို့ တာဝန်ပေးလိုက်တဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အင်အားသုံး အကြမ်းဖက် ပစ်သတ်နှိမ်နင်းမှုတွေ အရှိန်မြှင့်လုပ်ဆောင်လာချိန်မှာ - ဗြိတိန်နိုင်ငံကနေ လာမယ့် သောကြာနေ့ကို မြန်မာ့အရေး လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ဖို့ အဆိုပြုထားကြောင်း - သံတမန်အသိုင်းအဝိုင်းကို ကိုးကားပြီး အေအဖ်ပီသတင်းမှာ ဖော်ပြထားပါတယ်။  


RFA Burmese

https://www.facebook.com/rfaburmese

ကုလသမဂ္ဂဒုတိယအမြဲတမ်းကိုယ်စားလှယ် ဦးတင်မောင်နိုင်နှုတ်ထွက် ကုလသမဂ္ဂဒုတိယအမြဲတမ်းကိုယ်စားလှယ် ဦးတင်မောင်နိုင်နှုတ်ထွက် Reviewed by THITHTOOLWIN on 00:11 Rating: 5

No comments:

Powered by Blogger.