မနော်ဟရီလမ်းပေါ်က သာမန်အရပ်သားဆန္ဒပြသူတစ်ဦး

ကိုနေမျိုးရဲ့မိသားစု

ကိုနေမျိုးဟာ မန္တလေးမြို့မှာ မြတောင်စစ်ကြောင်းနဲ့ အတူလိုက်ပါလာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။

၂၉ လမ်းနဲ့ လမ်း ၃၀ အကြား လမ်း ၉၀ ပေါ်ရောက်တဲ့အချိန်မှာ စစ်ကြောင်းနှစ်ကြောင်းပေါင်းမိပြီး လူပေါင်း တစ်သောင်းလောက်ရှိသွားပါတယ်။ ရှေ့ဆုံးမှာဒိုင်းကိုင်တဲ့လူငယ်တွေရှိပြီး အဲဒီနောက်မှာ ကိုနေမျိုး၊ ကိုခန့်လူအောင်၊ မမြတ်နိုးသူတို့နဲ့သူတို့ရဲ့မိတ်ဆွေအုပ်စုတွေရှိနေကြပါတယ်။ စစ်ကြောင်းဟာ လမ်း ၉၀ ပေါ်မှာ တောင်ကနေမြောက်ဘက်ကိုချီတက်လာခဲ့ပါတယ်။ အဲဒီနေ့ဟာ မတ်လ ၁၁ ရက်နေ့ပါ။

အမှတ် ၉ ယာဥ်ထိန်းရဲစခန်းနားမရောက်ခင်မှာ ရှေ့ပြေးဆောင်ရွက်သူတချို့က ပြန်လှည့်လာပြီး ရှေ့မှာ စစ်သားတွေရောက်လာပြီလို့ သတင်းပို့ပါတယ်။ စစ်ကြောင်းဟာ ရပ်တန့်ပြီး အခြေအနေစောင့်ကြည့်နေပါတယ်။ ကျင်တွယ်ချိုးလမ်းတစ်ခုပေါ်မှာလည်း ရဲနဲ့စစ်တပ်ဟာ ရှေ့တိုးမလာသေးဘဲ ရပ်စောင့်နေပါတယ်။ ပစ်ခတ်မှုမစတင်သေးပါဘူး။ ရဲနဲ့စစ်တပ်ဟာ ဘာကိုစောင့်နေတယ်ဆိုတာ အစကမသိပါဘူး။ တကယ်တော့ နောက်ဘက်ကနေ နောက်ထပ်ရဲနဲ့စစ်တပ်လုံခြုံရေးတပ်ဖွဲ့တစ်ခုရောက်လာဖို့ စီစဥ်ထားလို့ စောင့်ဆိုင်းနေတာပါ။

နောက်ဘက်က တပ်ဖွဲ့ရောက်လာတာနဲ့ ပစ်ခတ်မှုစတင်ပါတယ်။ ဆန္ဒပြသူအများစုက ထွက်ပြေးကြပါတယ်။ ဒိုင်းကိုင်လူငယ်တွေက မပြေးကြပါဘူး။ ကိုနေမျိုး၊ ကိုခန့်လူအောင်နဲ့ မမြတ်နိုးသူတို့ဟာ ဒိုင်းကိုင်လူငယ်တွေ ထွက်မပြေးကြသေးလို့ မပြေးနိုင်ကြသေးဘဲ စောင့်ဆိုင်းနေခဲ့ပါတယ်။

“ကျွန်တော်က ကလေးတွေကိုပြောပါတယ်။ ညီလေးတို့လာ၊ အစ်ကိုတို့နဲ့ အတူပြေးကြမယ်။ ဒါကြောက်လို့ ထွက်ပြေးတာမဟုတ်ဘူး။ အောင်မြင်စွာဆုတ်ခွာကြမှာ။ အစ်ကိုတို့ဘက်က လူတစ်ယောက်မှ အထိမခံနိုင်ဘူးလို့ပြောပါတယ်။ ကလေးတွေက မဆုတ်ဘူးဗျာ။ တင်းခံနေကြတယ်။ ရပ်ကွက်ထဲကလူတွေကလည်း လှမ်းအော်ကြတယ်။ သားတို့ပြေးကြတော့လေ။ ပြေးကြတော့။ သူတို့က ကျည်အစစ်တွေနဲ့ပစ်မှာလို့ ပြောကြပါတယ်။ ကိုနေမျိုးနဲ့ ကျွန်တော်လည်း အဲဒီမှာ လူစုကွဲသွားတယ်။”

ကိုနေမျိုးဟာ အာဏာသိမ်းပြီးနောက် မန္တလေးမှာ ဆန္ဒပြပွဲတွေ စတင်ဖြစ်ပေါ်ချိန်ကစပြီး နေ့စဥ်ဆန္ဒပြခဲ့တယ်လို့ ဇနီးဖြစ်သူ မအေးဝတ်မှုံက ပြောပါတယ်။

မန္တလေး စိန်ပန်းရပ်မှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်နှိမ်နင်းလို့ လူတချို့သေဆုံးခဲ့စဥ်ကလည်း ကိုနေမျိုး၊ ကိုခန့်လူအောင်၊ မမြတ်နိုးသူတို့ဟာ အတူတူရှိခဲ့ကြပါတယ်။ သူတို့ဟာ မြတောင်စစ်ကြောင်းမှာ အတူလိုက်ပါချီတက်ကြတဲ့ ရင်းနှီးသူမိတ်ဆွေတွေဖြစ်ကြပါတယ်။ အတူတူချီတက်ကြရင်းနဲ့ ခင်မင်ရင်းနှီးသူတွေတိုးပွားလာကြတဲ့ သူတို့မိတ်ဆွေအုပ်စုဟာ လူဒါဇင်နဲ့ချီရှိကြပါတယ်။

“သူကလူမှုရေးလုပ်ငန်းတွေလုပ်ရတာကို သိပ်ဝါသနာပါတယ်။ ပရဟိတလုပ်ငန်းတွေလုပ်နေရရင် ကျေနပ်နေတာပဲ။ ကိုဗစ်ကာကွယ်ရေးလုပ်ငန်းတွေကိုလည်း သူတို့အဖွဲ့တွေက လုပ်ကိုင်ကြပါတယ်။” လို့ ဇနီးဖြစ်သူ မအေးဝတ်မှုံကဆိုပါတယ်။

ကိုနေမျိုးဟာ အသက် ၃၈ နှစ်ရှိပါပြီ။ ကိုနေမျိုး၊ ကိုခန့်လူအောင်၊ မမြတ်နိုးသူတို့ဟာ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေ မဖြစ်ခင်ကတည်းက ပရဟိတလုပ်ငန်းတွေကို အတူတူလုပ်ကိုင်ကြသူတွေဖြစ်ပါတယ်။ ကိုနေမျိုးက မန္တလေး စက်မှု ၂ ပြည်ကြီးတံခွန်မြို့နယ်မှာ နေထိုင်ပါတယ်။ ကိုခန့်လူအောင်ကတော့ မီးရထားစက်ခေါင်းမောင်းသူတယောက်ဖြစ်ပြီး မန္တလေးဘူတာကြီးအနီးက မီးရထားဝန်ထမ်းအိမ်ရာမှာ နေထိုင်သူပါ။ သူတို့ဟာ ပရဟိတလုပ်ငန်းတွေကို အတူတူလုပ်ကိုင်ကြပေမဲ့ ပရဟိတအဖွဲ့အစည်းကြီးကြီးမားမား ဖွဲ့စည်းထားတာမျိုးမဟုတ်ဘဲ တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြသူတွေသာဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ ဘယ်အဖွဲ့အစည်းဆီကမှ ထောက်ပံ့ကြေးရယူတာမျိုးလည်း မရှိဘူးလို့ ကိုခန့်လူအောင်ကဆိုပါတယ်။

ကိုနေမျိုးနဲ့ မအေးဝတ်မှုံတို့မှာ ၂ နှစ်အရွယ် သမီးငယ်တယောက်ရှိပါတယ်။

မတ်လ ၂၂ ရက်ညနေပိုင်းက မန္တလေးမြို့ မြရည်နန္ဒာမြို့သစ်ပိုင်းနဲ့ မနော်ဟရီလမ်းဘက်မှာ ပစ်ခတ်မှုတွေရှိခဲ့ပြီး ဆန္ဒပြသူတွေသေဆုံးခဲ့ပါတယ်။ အသက် ၁၃ နှစ်အရွယ် မောင်ထွန်းထွန်းအောင်ဟာ သူ့နေအိမ်ရှေ့မှာပဲ သေနတ်ကျည်ဆန်ထိမှန်သေဆုံးခဲ့ပါတယ်။ (အသက် ၁၃ နှစ်ပြည့်ပြီးသူဖြစ်တဲ့အတွက် သူ့ရဲ့နာရေးမှာ အသက် ၁၄ နှစ်လို့ရေးထားပါတယ်။) တကယ်တော့ မောင်ထွန်းထွန်းအောင်ဟာ မြရည်နန္ဒာဘက်မှာ သေဆုံးခဲ့တာပါ။ ဒါပေမဲ့ အဲဒီအချိန်မှာတုန်းကတော့ သတင်းက အတိအကျမသိရသေးပါဘူး။ ပစ်ခတ်မှုသတင်းတွေကိုကြားတဲ့ ကိုနေမျိုးဟာ ဒဏ်ရာရသူတွေကို ကူညီဖို့ကယ်ဆယ်ဖို့သွားလိုက်ဦးမယ်လို့ ဇနီးဖြစ်သူ မအေးဝတ်မှုံကိုပြောပြီး မနော်ဟရီလမ်းဘက်ကို ထွက်ခွာသွားပါတယ်။

“နေ့လယ်တုန်းက သူကမသွားဘူး။ ရပ်ကွက်ထဲက လူမှုရေးအလုပ်တွေလုပ်နေတာ။ ညနေပိုင်းရောက်တော့ သူပြောလိုက်တာကတော့ ၁၃ နှစ်သားလေး ကျသွားတာကြားလို့ အကူအညီပေးဖို့ သွားလိုက်ဦးမယ်ဆိုပြီး ထွက်သွားတာပဲ။ မခံချင်စိတ်နဲ့သွားတာပေါ့လေ။ သူသွားလိုက်တာက ၃ နာရီကျော်လောက်ရှိနေပြီမောင်လေးရဲ့။ သူစီးထားတဲ့ ဖိနပ်ဟောင်းလေးကို လာလဲပြီးတော့ လိုက်သွားတာ။ မသွားပါနဲ့လို့တားလို့ရမဲ့လူမျိုးလည်း မဟုတ်ဘူး။ သူကစိတ်ဓာတ်သိပ်ပြင်းထန်တာ။”


ဇနီးဖြစ်သူမအေးဝတ်မှုံကပြောပြတာဖြစ်ပါတယ်။

အတူတူဆန္ဒပြပွဲလိုက်ပါနေကျ မမြတ်နိုးသူက ကိုနေမျိုးထွက်သွားပြီးနောက် စိတ်မချလို့ ဖုန်းဆက်ကြည့်ရာမှာတော့ တခြားလူတယောက်က ဖုန်းလာကိုင်ပါတယ်။ အခုဖုန်းဆက်တဲ့သူက ဖုန်းပိုင်ရှင်နဲ့ ဘယ်လိုပတ်သက်သလဲလို့ မေးပါတယ်။ ကိုနေမျိုးရဲ့ အစ်မပါလို့ မမြတ်နိုးသူကပြောတော့ ဖုန်းပိုင်ရှင်ဟာ ကျည်ဆံထိမှန်ပြီး ကျဆုံးသွားပါပြီလို့ ပြန်ဖြေပါတယ်။ မမြတ်နိုးသူက ချက်ချင်းလိုက်သွားပြီး အလောင်းကို ခက်ခက်ခဲခဲကြိုးစားရယူခဲ့ရတယ်လို့ မအေးဝတ်မှုံက ပြန်ပြောပြပါတယ်။

“ဒဏ်ရာက ချိုင်းအောက်မှာ ၂ ပေါက်၊ ဟိုဘက်ချိုင်းအောက်မှာ ၂ ပေါက်၊ နံကြားမှာရော၊ ၆ ချက်တောင်မကဘူး။ ပွစာကြဲနေတာပဲလို့ ပြောကြတာပဲမောင်လေးရယ်။ အစ်မလည်း မကြည့်ရက်ပါဘူး။ ပါးရိုးနှစ်ဖက်နဲ့ မျက်ခုံးရိုးနှစ်ဖက်ပေါ်မှာလည်း ဒဏ်ရာလေးချက်တွေ့ရတယ်။ ရိုက်နှက်ထားတာဖြစ်မယ်လို့ ပြောကြတာပါပဲ။”

၁၃ နှစ်သားလူငယ်လေးကို ကျည်ဆန်ထိမှန်တယ်ကြားလို့ ကူညီဖို့သွားတဲ့ကိုနေမျိုးဟာ သူကိုယ်တိုင် ကျည်ဆန်ထိမှန်ကျဆုံးသွားခဲ့ပါတယ်။ သူ့အိမ်မှာ ၂ နှစ်အရွယ်သမီးငယ်၊ ဇနီးသည်၊ အတူနေသူမွေးချင်းညီအစ်ကို မောင်နှမ ၅ ယောက်နဲ့ သူ့မိခင်ကြီးတို့ ကျန်ရစ်ပါတယ်။

ကိုနေမျိုးကို မတ်လ ၂၃ ရက်နေ့မှာ မန္တလေးမြို့ တောင်အင်းမြောက်အင်းသုသာန်ဆီပို့ဆောင်ခဲ့ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-56503124

မနော်ဟရီလမ်းပေါ်က သာမန်အရပ်သားဆန္ဒပြသူတစ်ဦး  မနော်ဟရီလမ်းပေါ်က သာမန်အရပ်သားဆန္ဒပြသူတစ်ဦး Reviewed by THITHTOOLWIN on 07:33 Rating: 5

No comments:

Powered by Blogger.