ဒေါက်တာဇော်မြင့်မောင် ၅၀၅ (ခ) တစ်မှုထပ်တိုး၊ ဦးဝင်းထိန်ရုံးထုတ်

မန္တလေးတိုင်း ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်။ (ဓာတ်ပုံ - Dr Zaw Myint Maung's facebook - စက်တင်ဘာ ၀၄၊ ၂၀၂၀)

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ တရားစွဲဆို ခံထား ရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကို ဒီကနေ့မှာပဲ နောက်ထပ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအက်ဥပဒေနဲ့ ထပ်မံတရားစွဲဆိုလိုက်သလို မန္တလေးတိုင်း ဝန်ကြီးတချို့ကိုလည်း သဘာဝဘေးစီမံနဲ့ တရားစွဲဆိုလိုက်တာပါ။ တစ်ဆက်တည်းမှာပဲ နိုင်ငံတော် အကြည်ညို ပျက်စေမှူပုဒ်နဲ့ တရားစွဲ ဆိုခံထားရတဲ့ NLD နာယကတဦးဖြစ်သူ ဦးဝင်းထိန်ကိုလည်း ဒီကနေ့ နေပြည်တော်မှာ ရုံးထုတ်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကို သက်နိုင်က တင်ပြပေးပါမယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ တရားစွဲဆို ခံထား ရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကို ဒီကနေ့မှာပဲ နောက်ထပ် ဘေးစီမံနဲ့ ထပ်မံတရားစွဲဆိုလိုက်သလို တစ်ခြား မန္တလေးတိုင်း ဝန်ကြီး (၃) ဦး ကိုလည်း သဘာဝဘေးစီမံနဲ့ တရားစွဲဆိုလိုက်တယ်လို့ ဒေါက်တာဇော်မြင့်မောင်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွတ်တော်ရှေ့နေ ဒေါ်သဲစုဝေကပြောပါတယ်။

“ အရင်က ၅၀၅(ခ) ကတစ်မှု အဲတာရုံးချိန်းက ၈ရက်နေ့ အခုဟာက နောက်တမှု ထပ်ဖွင့် တာ။ ဒီနေ့မှာ သတို့က တရားစွဲတင်ဖို့ပါ။ အခုဟာက တရားရုံးက နေပြီးတော့ ရမန် ယူထားတာပဲ ရှိသေးတာ ဒီနေ့က ရမန်ပြည့်တဲ့ရက် ဒီနေ့က တရားရုံးမှာ တရားစွဲဖို့ အတွက် စီစဉ်ကြတာပေါ့လေ။ စီစဉ်ကြတဲ့ သတင်းကြားလို့ ကျမတို့က သွားကြတာပေါ့။ သွားတော့ နောက်တစ်မှုတိုးတာက ဒေါက်တာ ဇော်မြင့်မောင်ရယ် ကျမတို့ လယ်ဆယ်ဝန်ကြီး ဒေါက်တာ စိုးသန်းရယ် ဆောက်လုပ်ရေးဝန်ကြီး ဦးလှမြင့်အောင်ရယ် နောက်ပြီးတော့ ကျမတို့ မန္တလေး တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းအလုပ်မှူဆောင် ဦးတင်ကိုကိုရယ် လေးယောက် ကို အဲဒီ သဘာဝဘေးနဲ့ စွဲတာပေါ့။ အဲလေးယောက်လုံးကို ဒီနေ့စွဲလိုက်တာ။ အဲဒီလေး ယောက်မှာ ဒေါက်တာ ဇော်မြင့်မောင် တစ်ယောက်ပဲ အရင်စွဲထားတဲ့ အမှုရှိတာ ကျန်တဲ့ သူတွေက ဒီနေ့မှာ စစွဲတာ။”

ပြီးခဲ့ ဖေဖော်ဝါရီလ ၁၈ရက်နေ့က နိုင်ငံတော်အကြည်ညိုပျက်စေမှူပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲခံထားရတဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို ဒီကနေ့မှာပဲ နောက်ထပ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှူ ဥပဒေပုဒ်မ ၂၅ နဲ့ ထပ်မံ တရားစွဲဆိုလိုက်တာပါ။

လက်ရှိမှာတော့ ဒေါက်တာ ဇော်မြင့်မောင်အပါအဝင် မန္တလေးတိုင်း ဝန်ကြီးသုံးဦးကို တရားစွဲထားတာနဲ့ပတ်သတ်ပြီး တရားရုံးကို မရောက်သေးတာကြောင့် အသေးစိတ်မသိရ သေးဘူးလိုလည်း တရားလွတ်တော်ရှေ့နေ ဒေါ်သဲစုဝေက ပြောပါတယ်။

“ ထွေအုပ်ပိုင်းကလို့ပဲ သိရသေးတာ တရားရုံးကို တင်မလာသေးတော့ မသိရသေးဘူး။ ဘယ်သူကစွဲတယ် အမှုအမှတ်ဘယ်လောက်လဲဆိုတာမသိရသေးဘူး။ အခုမှ ရဲက ရမန်ဒီနေ့ ရမန်ယူပြီးတော့မှ ဥပဒေကို စွဲတင်မယ် ဥပဒေကနေပြီးတော့မှ တရားရုံးကို ပို့မှာ။”

တချိန်တည်းမှာပဲ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က)နဲ့ တရားစွဲဆိုခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နာယက တဦးဖြစ်သူ ဦးဝင်းထိန်ကိုလည်း ဒီကနေ့ နေပြည်တော်မှာ ရုံးထုတ်ခဲ့ပြီး ကျန်းမာရေးအခြေအနေကြောင့် အာမခံပေးဖို့ လျှောက်ထားတာပြီး အာမခံပေးသင့်မပေးသင့်ဆိုတာကို လာမယ့် မတ်လ ၁၉ရက်နေ့ရုံးချိန်းမှာ ဆုံးဖြတ်မှာဖြစ်တယ်လို့ ဦးဝင်းထိန်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောပါတယ်။

“ ကျွန်မတို့ ဒီနေ့ရုံးချိန်မှာကတော့ ကျွန်မတို့ ရှေ့နေအဖွဲ့ကနေပြီးတော့ ရုံးတော်ကို ကိုယ်စားလှယ်စာတင်ပါတယ်။ ပြီးတော့ အဘက အသက် (၈၀) နှစ်ရှိပြီဖြစ်ပြီးတော့မှ Wheel Chair နဲ့ သွားလာနေရတဲ့အကြောင်း ၊ အိပ်ရင်အသက်ရှူရပ်တဲ့ ရောဂါရှိတဲ့အတွက် ကြောင့်အောက် ဆီဂျင်မပြတ်ပေးသွင်းနေရ တဲ့အကြောင်း ၊သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးကြီးရောဂါ၊ ဆီးကြိတ်ကြီးရောဂါ အဲ့ဒီလိုမျိုးရောဂါဝေဒနာတွေခံစားနေရတဲ့အတွက်ကြောင့် ကျန်းမာရေး ကုသ မှုကို စဉ်ဆက်မပြတ်ခံယူနေရတဲ့အတွက်ကြောင့် ၄၉၇-၁ အရ ကျွန်မတို့က ရုံးတော် မှာဘ ဘအတွက် အာမခံလျှောက်ထား ပါတယ်ရှင့်၊ အဲ့ဒါကိုကျွန်မ တို့လျှောက်လဲချက် ပေးခိုင်း ပါတယ်။အာမခံ ပေးသင့် မပေးသင့် ဆိုတာကိုတော့ နောက်ရုံးချိန်းမှာနေပြီးတော့ တရားသူကြီးက အမိန့်တစ်ရပ်ချမှတ်ပေးမှာ ဖြစ်ပါတယ်ရှင့်။ ”

ဦးဝင်းထိန်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ရက်နေ့မှာ အာဏာပိုင်တွေက ဖမ်းဆီးထားခဲ့တာဖြစ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှူပုဒ်မ ၁၂၄(က)နဲ့ နေပြည်တော် ဥတ္တရသီရိခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးလူက တရားလိုလုပ်ပြီးတရားစွဲဆိုထားတာလည်းဖြစ်ပါတယ်။

အစိုးရထိပ်တန်းခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကိုလည်း အာဏာပိုင်တွေက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ တို့နဲ့ တရားစွဲထားသလို သမ္မတ ဦးဝင်းမြင့်ကိုလည်း သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုနဲ့ တရားစွဲထားပါတယ်။ ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံ တကာ အသိုင်းအဝန်းကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထား သူတွေ ကို ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရေးပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့လည်း တိုက်တွန်းထားပါတယ်။


သက်နိုင်/ VOA Burmese

https://burmese.voanews.com/a/mandalay-chief-minister-zaw-myint-maung-was-charged/5802923.html

ဒေါက်တာဇော်မြင့်မောင် ၅၀၅ (ခ) တစ်မှုထပ်တိုး၊ ဦးဝင်းထိန်ရုံးထုတ် ဒေါက်တာဇော်မြင့်မောင် ၅၀၅ (ခ) တစ်မှုထပ်တိုး၊ ဦးဝင်းထိန်ရုံးထုတ် Reviewed by THITHTOOLWIN on 23:06 Rating: 5

No comments:

Powered by Blogger.