လှိုင်သာယာအကြမ်းဖက်ပစ်ခတ်မှု လူ ၅ဝ ထက်မနည်း သေဆုံး



မတ်လ ၁၄ ရက်နေ့က ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ်အတွင်း ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်မှုကြောင့် သေဆုံးသူ ၅၁ ဦးအထိ ရှိခဲ့တယ်လို့ လှိုင်သာယာအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေက RFA ကိုပြောပါတယ်။

ဒီအရေအတွက်ဟာ မြို့နယ်အတွင်း အကူအညီပေးနေတဲ့ အရပ်ဘက်အဖွဲ့တွေ ချိတ်ဆက် စုဆောင်းထားတဲ့ စာရင်းဖြစ်ပြီး လောလောဆယ် နေရပ်လိပ်စာနဲ့ နာမည်အတိအကျ ရနိုင်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ည ၈ နာရီအထိ လှိုင်သာယာဆေးရုံမှာ သေဆုံးသူ ၂၄ ယောက်ရှိခဲ့ကြောင်းနဲ့၊ တချို့ သေဆုံးသူတွေကို ဆေးရုံကို မပို့ဘဲ အိမ်တွေ ရပ်ကွက်တွေကို ယူသွားတာရှိပြီး၊ ညပိုင်း ၈ နာရီကျော်အထိ သေဆုံးသူ ၅၁ ယောက် စာရင်းရထားတယ်လို့ အမည်မဖော်လိုတဲ့ လှိုင်သာယာအခြေစိုက် လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့က RFA ကိုပြောပါတယ်။

လှိုင်သာယာ သေဆုံးသူစာရင်းကို ပြည်တွင်းပြည်ပ မီဒီယာတွေမှာ အမျိုးမျိုးဖော်ပြနေကြပါတယ်။ မနေ့ညသန်းကောင်ကျော် ၂ နာရီလောက်မှာ လှိုင်သာယာ လူမှုကူညီရေးအဖွဲ့ ၂ ဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ သေဆုံးသူ ၅၁ ယောက်ရှိတယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ ရန်ကုန်တိုင်း လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေး သတ်မှတ်လိုက်ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းဌာနက ကြေညာလိုက်ပါတယ်။

ရန်ကုန်မှာ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း လူ ၇၀ ထက်မနည်း သေဆုံးတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး၊ နာမည်စာရင်းနဲ့တကွ အတိအကျ ရနိုင်ဖို့ RFA က ကြိုးစားနေဆဲ ဖြစ်ပါတယ်။

RFA ကကောက်ယူထားတဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၁၄ ရက် ဒီနေ့အထိ စစ်တပ်နဲ့ရဲရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၁၃၀ ကျော်ရှိသွားပါပြီ။

RFA Burmese





လှိုင်သာယာအကြမ်းဖက်ပစ်ခတ်မှု လူ ၅ဝ ထက်မနည်း သေဆုံး လှိုင်သာယာအကြမ်းဖက်ပစ်ခတ်မှု လူ ၅ဝ ထက်မနည်း သေဆုံး Reviewed by THITHTOOLWIN on 07:44 Rating: 5

No comments:

Powered by Blogger.