တောင်ကြီး အရပ်သားနေအိမ်၊ ပစ္စည်းများ ကို ရဲ၊စစ်တပ် ဖျက်ဆီးနေ


သျှမ်းသံတော်ဆင့်၊ မတ် ၁၁ရက် 

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ယနေ့ (မတ် ၁၁)ရက်၌ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များက အရပ်သားနေအိမ်များ၊ ပစ္စည်းများကို လိုက်လံဖျက်ဆီးနေကြောင်း စုံစမ်းသိရသည်။

ယနေ့ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်၊ ရတနာသီရိရပ်ကွက် နှင့် ရေအေးကွင်းရပ်ကွက် ဘက်ရှိ နေအိမ်များ၊ ဆိုင်ကယ်များ ဝင်ရောက်ရိုက်နှက်ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်း တောင်ကြီး ဒေသခံများ ပြောပြချက် အရသိရသည်။

တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်ရှိ နေအိမ်အတွင်းသို့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူငယ်များ ဝင်ရောက်ပုန်းခိုနေ ဆိုသည့် အကြောင်းပြချက်ဖြင့် နေအိမ်အတွင်းရှိ ဝင်ရောက်ရှာဖွေရာ လူငယ်များကို မတွေ့ရှိသောကြောင့် ပစ္စည်းများကို ရိုက်နှက် ဖျက်ဆီးခဲ့ကြောင်း မင်္ဂလာဦး ရပ်ကွက် မျက်မြင်သက်သေ တွေ့ရှိခဲ့သည့် ဒေသခံ အမျိုးသမီး တဦးက ပြောသည်။

“ဆန္ဒပြလူငယ်တွေ ဝင်ပုန်းနေလို့ဆိုပြီး ဝင်ရှာတယ်။ လူငယ်တွေ မရှိလို့ အိမ်ပစ္စည်းတွေကို ဖျက်ဆီးသွားတယ်။ လူလည်းခေါ်သွားတယ်။ စခန်းရောက်ေတော့ လူတော့ပြန်လအတ်ပေးပါတယ်။ တပ်မ ၅၅ က တပ်သားတွေပါ” ဟု မျက်မြင်တွေ့ရှိခဲ့သည့် အမျိုးသမီးက ဆိုသည်။

ဆက်လက်ပြီး ရေအေးကွင်း နှင့် ရတနာသီရိရပ်ကွက်တွင်လည်း စစ်တပ် မှ ဆိုင်ကယ်များကို ရိုက်နှက်ဖျက်ဆီးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

“ ဆိုင်ကယ်တွေ ၃စီးလောက် ရိုက်နှက်ဖျက်ဆီးသွားတယ်။ တော်တော်ဆိုးတယ်။ လူစိတ်မရှိကြတော့ဘူးထင်တယ်” ဟု ရေအေးကွင်းမှ မျက်မြင် အမျိုးသားတဦးက ပြောသည်။

စစ်ကောင်စီ ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် ပြည်သူပိုင် ပစ္စည်းများကို ရိုက်နှက်ဖျက်ဆီးမှု တရက်ထက် တရက်ဆိုးရွားလာကြောင်း၊ ပြည်သူကို ကာကွယ်သည့် ရဲ၊ စစ်တပ်မှ မဟုတ်တော့ဘဲ ပြည်သူ့အကျိုးကို ဖျက်ဆီးနေသူများဖြစ်နေကြောင်းလည်း တောင်ကြီးပြည်သူများက ပြောဆိုသည်။

“ ဒီနေ့ ပြည်သူတွေ ပိုင်တဲ့ဆိုင်ကယ် အိမ်တွေထဲဝင်ဖျက်ဆီးတာမြင်တော့ ဒါက တမြင်သက်သက်လုပ်နေတာ။ ပြည်သူတွေကို ကြောက်အောင်လုပ်နေတာ။ စစ်အစိုးရ က ၁လကျော်ပဲရှိသေးတယ်။ ဖြစ်ချင်နေတာဖြစ်နေတယ်” ဟု တောင်ကြီး ဒေသခံ တဦး က ပြောသည်။

ယနေ့ တောင်ကြီးမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်စစ်ကြောင်းကို စစ်အာဏာရှင် လက်အောက်ရှိ ရဲ၊စစ်တပ်က  ဖြိုခွင်းမှုပြုလုပ်ကာ လူငယ် ၂ဦး ရာဘာကျည်ထိမှန်ခဲ့ပြီး အမျိုးသမီးတဦး အသက်ရှူကြပ်ကာ သတိလစ်ခဲ့ကြောင်းသိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

တောင်ကြီး အရပ်သားနေအိမ်၊ ပစ္စည်းများ ကို ရဲ၊စစ်တပ် ဖျက်ဆီးနေ တောင်ကြီး အရပ်သားနေအိမ်၊ ပစ္စည်းများ ကို ရဲ၊စစ်တပ် ဖျက်ဆီးနေ Reviewed by THITHTOOLWIN on 22:13 Rating: 5

No comments:

Powered by Blogger.