မတ် - ၁၄-၂၀၂၁
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် လူထုလှုပ်ရှားမှုမှာ ပထမဆုံး ကျဆုံးခဲ့တဲ့ ကိုဝင်းဖြိုးအောင်(ခ)ကြောင်လေးကို သင်္ဂြိုလ်ဖို့ သင်္ချိုင်းလက်မှတ်ကိုတာဝန်ရှိသူတွေက ဒီနေ့ မတ် ၁၄ ရက် မွန်းတည့် ၁၂ နာရီထိုးခါနီးချိန်ထိ မိသားစုဆီ လာမပေးသေးဘူးလို့ သေဆုံးသူရဲ့အမျိုးသမီးထံကနေ သိရပါတယ်။
"အလောင်းကို လာသိမ်းတာမျိုး ဘာမျိုးတော့မရှိဘူး။ ကနေ့ ညနေ ၄ နာရီမှာ အလောင်းကို မြေမြုပ်သင်္ဂြိုဟ်ဖို့ ဖိတ်စာရိုက်ထားပေမယ့် မြေချခွင့် လက်မှတ်အခုချိန်ထိမရသေးဘူး။ ရပ်မိရပ်ဖအချို့ ကြိုးစားပေးနေကြပါတယ်" လို့ သေဆုံးသူရဲ့ အမျိုးသမီးက ပြောပြပါတယ်။
မနေ့ မတ်လ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က ကုန်တင်ကားကြီး မောင်းနှင်တဲ့ အဲ့ဒီသေဆုံးသူဟာ ချောက်မြို့မိန်းလမ်းမပေါ်မှာရှိတဲ့ လူအုပ်စုထဲ ရောက်နေစဉ် သေနတ် ကျည်ဆန်အစစ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ဆေးကုသမှုခံယူဖို့ ညောင်ဦးမြို့ကိုပို့ဆောင်စဉ် သေဆုံးသွားတာလည်း ဖြစ်ပါတယ်။
အသက် ၄၃ နှစ် အရွယ်ရှိ ကိုဝင်းဖြိုးအောင်ကို ဒီနေ့ ညနေပိုင်း မြေနီကုန်းသုသာန်မှာ သင်္ဂြိုဟ်မှာလို့သိရပြီး ကွယ်လွန်ချိန်မှာ ဇနှီးဖြစ်သူ မအိအိမင်းစိုးနဲ့ သားတစ်ယောက်ကျန်ရစ်တယ်လို့ သိရပါတယ်။
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

No comments:
Post a Comment